မဟာချိုင် စက္ကူစက်ရုံပိတ်သိမ်းမှု မြန်မာလုပ်သားတွေ နစ်နာကြေးရ

ထိုင်းနိုင်ငံက ပိတ်သိမ်းသွားတဲ့ စက္ကူစက်ရုံက အလုပ်လက်မဲ့ဖြစ်သွားတဲ့ မြန်မာအလုပ်သမားတွေ နစ်နာကြေးရရှိပြီးမြင်ကွင်း။ (သြဂုတ် ၅၊ ၂၀၂၄)

ထိုင်းနိုင်ငံ၊ မဟာချိုင်မြို့ကစက္ကူစက်ရုံပိတ်သိမ်းလိုက်လို့ အလုပ်လက်မဲ့ဖြစ်နေတဲ့ မြန်မာအလုပ်သမား ၃၈၀ အတွက် နစ်နာကြေး ဘတ်ငွေ ၁၈ သန်းကျော်ရခဲ့တယ်လို့Myanmar Humanitarian Action Centre (MHAC) မဟာမိတ်အဖွဲ့က ပြောပါတယ်။

အလုပ်လက်မဲ့ဖြစ်သွားကြတဲ့ မြန်မာအလုပ်သမား ၃၈၀ အတွက် ကနဦးပေးတဲ့ငွေပမာဏက ထိုင်းဥပဒေပါ သတ်မှတ်ချက်ထက်နည်းပါးတဲ့အတွက် ထိုင်းဥပဒေပါအခွင့်အရေးအတိုင်း နစ်နာကြေးအပြည့်အဝရဖို့ ဆောင်ရွက်ပေးခဲ့ရတယ်လို့ (MHAC) မဟာမိတ်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရဲမင်းက အခုလိုပြောပါတယ်။

“မဟာချိုင်က စက္ကူရုံတခုပိတ်သိမ်းတဲ့ကိစ္စမှာ မြန်မာအလုပ်သမားတွေ အလုပ်ပြုတ်တာပေါ့၊ အလုပ်လက်မဲ့ တွေ ဖြစ်ကုန်တာပေါ့။ အဲဒီ အနေအထားမှာ ကျနော်တို့ MHAC မဟာမိတ်အဖွဲ့အနေနဲ့ ထိုက်သင့်တဲ့နစ်နာကြေး ရအောင် လုပ်ပေးတာပေါ့။ စက်ရုံပိတ်တော့ မြန်မာအလုပ်သမား ၃၈၀ အလုပ်လက်မဲ့ဖြစ်သွားတယ်။ ပထမတော့ သူတို့က ဘတ်ငွေ ၂ သောင်းလောက်ပေးတယ်။ နှစ်ကြီးသမားတွေကို နှစ်သောင်းလောက်ပေးတယ်။ နှစ်ငယ်သမားတွေကိုတော့ တသောင်းလောက်ပဲပေးတယ်၊ အခုတော့ အဲဒါကိုအလုပ်သမားတွေက ကျေနပ်မှု မရှိလို့ ကျနော်တို့ကိုအကူညီတောင်းတော့ ကျနော်တို့က ထိုင်းဥပဒေအတိုင်းပဲ။ မိတ်ဖက်အဖွဲ့အစည်းတွေနဲ့ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။ ထိုက်သင့်တဲ့နစ်နာကြေး နှစ်ငယ်တယ်ဆိုရင် ဘတ်ငွေ ၃သောင်းလောက်၊ နှစ်ကြီးသမားတွေဆိုရင်တော့ ဘတ်ငွေ ၆ သောင်းလောက် ရအောင်လုပ်ပေးခဲ့ပါတယ်။ နစ်နာကြေးကတော့ အားလုံးဘတ်ငွေ ၁၈ သန်းကျော်လောက်ရရှိအောင် လုပ်ဆောင်ပေးခဲ့ပါတယ်။”

လွန်ခဲ့တဲ့နှစ်ပတ်ခန့်ကစပြီး စက်ရုံပိတ်သိမ်းလိုက်ပြီဖြစ်ကြောင်း အလုပ်ရှင်က အလုပ်သမားတွေကို စကားပြန်ကတဆင့် အသိပေးလာပေးခဲ့ပါတယ်။ ကြိုတင်အကြောင်းမကြားဘဲ အလုပ်နားလိုက်ပြီးတဲ့နောက် နစ်နာကြေးပေးတာလည်း နည်းပါးလွန်းတယ်လို့ ဆိုပါတယ်။ ဒီအတွက် အလုပ်သမားတွေက အလုပ်သမားအရေးဆောင်ရွက်ပေးနေတဲ့အဖွဲ့အစည်းတွေကတဆင့် တောင်းဆိုခဲ့တာပါ။ အခုအခါမှာတော့ ဥပဒေအရ ရသင့်တဲ့နစ်နာကြေးကိုရရှိခဲ့တာဖြစ်တယ်လို့လည် ကိုရဲမင်းကပြောပါတယ်။

“ဖြစ်တာကတော့ လွန်ခဲ့တဲ့ ၂ ပတ်လောက်ကစပြီး စကားပြန်ကနေတဆင့် အလုပ်သမားတွေကိုပြောပြီး အလုပ်နားခဲ့တာပါ။ အဲဒီမှာကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အလုပ်ကိုပိတ်သိမ်းလိုက်တာပါ။ နစ်နာကြေးကလည်း ကျနော်တို့ကိုအကူညီတောင်းတော့ ထိုင်းအလုပ်သမားကာကွယ်စောင့်ရှောက်ရေးအဖွဲ့က တာဝန်ရှိသူတွေကို အကူညီတောင်းပြီးလုပ်ဆောင်တာ ၂ ပတ်ကျော်အတွင်းမှာ ရရှိခဲ့ပါတယ်။”

ဒါဟာ ၂ နှစ်ကျော်အတွင်း ထိုင်းနိုင်ငံစက်ရုံအလုပ်ရုံတွေက မြန်မာအလုပ်သမားတွေ အများဆုံးနစ်နာကြေး ရရှိခဲ့ကြတာဖြစ်ပြီး သူတို့နစ်နာမှုတွေကို ဥပဒေဘောင်ထဲက တောင်းဆိုခဲ့တာတွေကြောင့်လည်းအလုပ်ရှင်က လိုက်လျောပေးခဲ့ရတာဖြစ်ပါတယ်။ အခုအခါမှာတော့ အလုပ်သမားတွေဟာ တခြားအလုပ်ရှင်ဆီမှာ ပြောင်းရွှေ့ပြီး အလုပ်လုပ်ခွင့်ရအောင်လည်း ကူညီဆောင်ရွက်ပေးနေသလို နောက်အလုပ်တခု မရခင်စပ်ကြား အလုပ်မရှိတဲ့ရက်တွေမှာ နစ်နာကြေးရဖို့ကိုလည်း ထိုင်းလူမှု ဖူလုံရေးဌာနဲ့လည်း ချိတ်ဆက်ဆောင်ရွက်ပေးနေတယ်လို့ MHAC အဖွဲ့က ပြောဆိုခဲ့ပါတယ်ရှင်။