စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပကနေ သတင်းတင်ဆက်ဆဲ မြန်မာသတင်းမီဒီယာများ

ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းဆန့်ကျင်ရေး ရန်ကုန်မြို့တွင်း ဆန္ဒပြနေသူတချို့ရှေ့တွင် ကာစီးထားသည့် လုံခြုံရေးများကိုတွေ့ရစဉ် (ဖေဖော်ဝါရီ ၁၈၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်ကအာဏာသိမ်းတာ သုံးနှစ်ကျော်လာတဲ့အချိန်အထိ မြန်မာနိုင်ငံက သတင်းသမားတွေ ပြည်ပကိုထွက်ပြီး စစ်ကောင်စီနဲ့ ဆန့်ကျင်တော်လှန်တဲ့ အင်အားစုတွေကြား တိုက်ပွဲသတင်းတွေကိုသုံးသပ်ရင်း တချိန်တည်းမှာ သတင်းအရင်းအမြစ်တွေ ဘေးကင်လုံခြုံအောင် ဆက်ထိန်းနိုင်မယ့်နည်းလမ်းတွေ ရှာဖွေနေကြပါတယ်။ VOA သတင်းလွတ်လပ်ခွင့်ဌာနက သတင်းပေးပို့ချက်ကို မဆုမွန်က တင်ပြပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းတဲ့သုံးနှစ်ပြည့်မှာ ရန်ကုန်မြို့ရဲ့လမ်းမတွေဟာ တိတ်ဆိတ်ငြိမ်သက်နေပြီး လုံခြုံရေးတပ်ဖွဲ့တွေကိုပဲ တွေ့နေရပါတယ်။ လူတွေကို အပြင်အထွက်ပဲအိမ်ထဲမှာပဲနေပြီး တိတ်ဆိတ်မှုနဲ့ဆန္ဒပြဖို့ နှိုးဆော်ထားတဲ့အချိန်ပါ။

တိုင်းပြည်မြောက်ပိုင်းမှာ‌တော့ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။ စစ်တပ်ကို ဆန့်ကျင်တဲ့ တော်လှန်စစ်တွေဆင်နွဲနေပါတယ်။ ဒီလက်နက်ကိုင် ပဋိပက္ခတွေကြားမှာ လူတွေ သန်းချီ အိုးမဲ့အိမ်မဲ့ဘဝ ရောက်ခဲ့ရတာပါ။ အဲဒီအထဲမှာ ဒီမိုကရက်တစ် မြန်မာ့အသံ DVB က သတင်းထောက်တွေလည်း ပါဝင်ပါတယ်။ ဒါပေမဲ့လည်း သတင်းတွေကိုတော့ တိုင်းပြည်အပြင်ကနေ ဆက်ပို့နေဆဲပါ။

DVB အတွက် ပြည်ပကနေ သတင်းတွေထုတ်လွှင့်ရတဲ့ အသံလွှင့်ဌာနတခုအဖြစ် ရပ်တည်ရတာ အဆန်းတော့ မဟုတ်ပါဘူး။ DVB ကို စစ်အုပ်ချုပ်ရေး မတိုင်ခင် ၁၉၉၂ ခုနှစ်က နော်ဝေနိုင်ငံမှာ စတင်တည်ထောင်ခဲ့တာပါ။ အရပ်သားအစိုးရလက်ထက်ရောက်တော့ မြန်မာပြည်ထဲကို ပြောင်းရွှေ့လုပ်ငန်းလည်ပတ်ပြီး ၂၀၂၁ ခုနှစ်မှာ တိုင်းပြည်ထဲက ပြန်ထွက်ပြေးခဲ့ရတာပါ။
အရင်ကလည်း အပြင်မှာ ရပ်တည်ခဲ့ဖူးတယ်ဆိုတဲ့ အတွေ့အကြုံရှိပေမဲ့ လုပ်ငန်းလည်ပတ်ရတဲ့ အခက်အခဲတွေကတော့ ရှိနေဆဲပါ။

အေးချမ်းနိုင်က DVB ရဲ့ အယ်ဒီတာချုပ်ဖြစ်ပါတယ်။

"ပိုပြီးတော့ ခက်ခဲပါတယ်။ တကယ်တော့ ကျနော်တို့က အားလုံးကို ပြန်တည်ဆောက်ရတာပါ။ အစကနေ တခုချင်း ပြန်စရတာပါ။ ကျနော်တို့ ပြေးရတယ်။ ပြန်ဖွဲ့စည်းရတယ်၊ ပြန်တည်ဆောက်ရတယ်ဆိုတာ ပြောချင်ပါတယ်။

လွတ်လပ်တဲ့ သတင်းတွေအပေါ် ကန့်သတ်ပိတ်ပင်ခံရချိန်မှာ DVB နဲ့ တခြား သတင်းဌာနတွေက ပြည်ပကနေ ဒီလို သတင်းတွေပေးနိုင်ဖို့ ကြိုးစားလုပ်ဆောင်နေကြောင်း ဦးအေးချမ်းနိုင်က အခုလို ဆက်ပြောပါတယ်။

"သတင်းဌာနတွေက သိပ်ကို အရေးကြီးတယ်လို့ ကျနော်ထင်တယ်၊ သတင်းတုတွေကို ပြန်ပြီး တုံ့ပြန်ဖို့၊ ဝါဒဖြန့်တာတွေကို တုံ့ပြန်ဖို့၊ ပကတိအခြေအနေမှန် ဖြစ်ပျက်နေတာတွေကို အမှန်အတိုင်း ပြောနိုင်ဖို့ပါ။"

ပဋိပက္ခဖြစ်ရာနေရာတွေက သတင်းတွေရယူဖို့အတွက် citizen journalist ခေါ် ယုံကြည်ချက်အရလုပ်ဆောင်နေတဲ့ လူထုသတင်းသမားတွေ အများအပြား ရှိပါတယ်။ သူတို့သာမရှိခဲ့ရင် သတင်းမှန်မမှန် အတည်ပြုချက်ရဖို့ မဖြစ်နိုင်ဘူးလို့ ပြည်ပသတင်းဌာနမှာ လုပ်ကိုင်နေသူတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ချင်းမိုင်လို မြို့ကြီးတွေမှာ ပြည်ပသတင်းဌာနတချို့ ခိုလှုံပြီး လုပ်ငန်းလည်ပတ်ကြပါတယ်။ Frontier Myanmar သတင်းဌာနက သတင်းထောက်တွေက ပြည်တွင်းမှာရဖို့ခက်တဲ့သတင်းတွေကို ရအောင်စုဆောင်းနေပါတယ်။ လုံခြုံပါ့မယ်ဆိုတဲ့ အာမခံချက်တော့ ဘာမှ မရှိဘူးလို့ Frontier Myanmar ကို စတင်တည်ထောင်သူ အမှုဆောင် အုပ်ချုပ်ရေးမှူး ကိုဆန်နီဆွေက ပြောပါတယ်။

"လုံခြုံရေးအရ လိုက်နာရမယ့်စည်းကမ်းတွေ ရှိပါတယ်။ အွန်လိုင်းပဲဖြစ်ဖြစ်၊ အပြင်မှာပဲ ဖြစ်ဖြစ် လူတဦးချင်းစီရဲ့လုံခြုံရေးအရ လိုက်နာရမယ့်စည်းကမ်းတွေပါ။ ကျနော်တို့ သိပ်ကို ဂရုစိုက်ရပါတယ်။ ဘာပဲ လှုပ်ရှားလှုပ်ရှား။ ဒါပေမဲ့ လူတွေ အဖမ်းခံရတာတွေလည်း ရှိပါတယ်၊ မမျှော်လင့်ဘဲ အဖမ်းရတာပါ။"

အရေးကြီးတဲ့ လုပ်ဆောင်ချက်တွေအတွက် အမှတ်တရ လှုပ်ရှားမှု ဓါတ်ပုံတွေကို Frontier သတင်းဌာနရဲ့ နံရံမှာ တွေ့ရပါတယ်။ DVB အသံလွှင့်ဌာနဆိုရင်လည်း ရခဲ့တဲ့ ဆုတွေလည်း ပြသထားပါတယ်။

ကျန်ခဲ့တဲ့ ထားခဲ့ရတဲ့ မိသားစုတွေ၊ လုပ်ဖေါ်ကိုင်ဘက်တွေ အားလုံးအတွက် အမှတ်တရတွေဖြစ်ကြောင်း ဦးအေးချမ်းနိုင်က ပြောပါတယ်။

"ပြည်တွင်းက ကျနော်တို့ မိသားစုတွေနဲ့ အဆက်အသွယ် မလုပ်ပါဘူး။ ဆက်သွယ်ရင် နောက်က လိုက်လို့ရပါတယ်။ မိသားစု ဆွေမျိုးအရင်းတွေနဲ့ ဆက်သွယ်တာတွေ အားလုံး ကျနော်တို့ ဖြတ်ထားပါတယ်။"

ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ Frontier သတင်းဌာနကတော့ ပြတ်သားတဲ့ ရည်မှန်းချက်နဲ့ အလုပ်လုပ်နေတယ်လို့ ကိုဆန်နီဆွေကလည်း ပြောပါတယ်။

"ကျနော်တို့က ဘာတွေ ဆက်ဖြစ်နေတယ်ဆိုတာ လေ့လာစောင့်ကြည့်ဖို့ပါ။ အထူးသဖြင့် စစ်တပ်က အာဏာသိမ်းပြီး သုံးနှစ် ပြည့်လာတဲ့အချိန်၊ သတင်းဖြစ်ပျက်နေတာတွေကို ကျနော်တို့ အမြမပြတ် မျက်စိနားစွင့် ကြည့်နေပါတယ်။"

ဒီသတင်းဌနတွေဟာ ပြည်ကနေ လွတ်လပ်တဲ့ သတင်းတွေကို ဖြန့်ဝေဖို့ အရေးကြီးတဲ့ သတင်းအရင်းအမြစ်တွေအဖြစ် ဆက်လက် ရပ်တည်နေဆဲပါရှင်။

Your browser doesn’t support HTML5

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပြည်ပကနေ သတင်းတင်ဆက်ဆဲ မြန်မာသတင်းမီဒီယာများ