AA အဖွဲ့အကြောင်း သတင်းရေးသူတွေကို ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ CPJ အဖွဲ့တောင်းဆို

(Zawgyi/Unicode)

မြန်မာ အာဏာပိုင်တွေအနေနဲ့ နိရဉ္စရာ သတင်း Website အယ်ဒီတာ ခိုင်မြတ်ကျော်ကို တရားစွဲဆို ထားတာကို ရုပ်သိမ်းပေးဖို့နဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ AA သတင်းတွေကို ရေးသား တင်ပြနေတဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်နေ တာတွေကိုရပ်ဆိုင်းဖို့ သတင်းသမားများ အကာအကွယ်ပေးရေးကော်မတီ( Committee to protect Journalists-CPJ) က မနေ့ ဗုဒ္ဓဟူးနေ့က တောင်းဆိုလိုက်ပါတယ်။

မတ်လကုန် ၃၁ ရက်နေ့က အယ်ဒီတာခိုင်မြတ်ကျော်ကို AA အဖွဲ့ပြောခွင့်ရတဲ့ ဆက်သွယ် အင်တာဗျူး လုပ်ခဲ့ တာကြောင့် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ စစ်တွေမြို့ ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့သလို သူ့ရဲ့ သတင်းဌာနကိုလည်း ရဲတပ်ဖွဲ့က စီးနင်း ဝင်ရောက်ခဲ့ပြီး ဝန်ထမ်း ၃ ဦးကို စစ်ဆေးမေးမြန်းဖို့ ခေတ္တ ထိန်းသိမ်းခဲ့တာကို CJP က သတင်းရရှိကြောင်းနဲ့ အဲဒီနောက် အယ်ဒီတာ ခိုင်မြတ်ကျော် ရှောင်ပုန်း နေခဲ့ ရကြောင်း သတင်းသမားတစ်ဦးကို ကိုးကားပြီး CJP က ပြောပါတယ်။

SEE ALSO: မြန်မာနိုင်ငံမှာ သတင်းလွတ်လပ်ခွင့်ပေးဖို့ အရပ်သားအစိုးရကို နိုင်ငံတကာ မီဒီယာအဖွဲ့တွေ တိုက်တွန်း

အကြမ်းဖက်ဥပဒေတွေနဲ့ သူ့ပေါ်တရားစွဲဆိုထားတာကို ချက်ချင်း ရုပ်သိမ်းသင့်ကြောင်းနဲ့ သတင်းသမားတွေကို အကြမ်းဖက်သမား အဖြစ် မသတ်မှတ်ဘဲ မြန်မာနိုင်ငံက ပဋိပက္ခ ဖြစ်ပွားရာနေရာတွေမှာ သတင်းယူဖို့ ခွင့်ပြုရမှာ ဖြစ်ကြောင်း CPJ ရဲ့ အရှေ့တောင်အာရှ ဒေသ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့တစ်နေ့တည်းမှာပဲ မြန်မာ အာဏာပိုင်တွေက အလားတူ စွဲချက်နဲ့ VOICE OF MYANMAR အယ်ဒီတာ ကိုနေလင်းကို AA ပြောခွင့်ရ ခိုင်သုခနဲ့ အင်တာဗျုးကို ထုတ်ဝေမှုအတွက် တရားစွဲဆိုခဲ့ပေမယ့် ဧပြီ ၁၀ ရက်နေ့မှာတော့ ပြန်လွှတ်ပေးခဲ့တယ်လို့ ရိုက်တာ သတင်း တရပ်မှာ ပါရှိပါတယ်။

Your browser doesn’t support HTML5

AA အဖွဲ့အကြောင်း သတင်းရေးသူတွေကို ခြိမ်းခြောက်တာတွေ ရပ်တန့်ဖို့ CPJ အဖွဲ့တောင်းဆို


.................


(Unicode)



SEE ALSO: ရိုက်တာကို စစ်တပ်က တရားစွဲထားတာ ပြန်ရုပ်သိမ်းပေးဖို့ CPJ တောင်းဆို



SEE ALSO: သတင်းသမားများ ဖမ်းဆီးခံရမှု စံချိန်တင်များပြားလာ