ရှမ်းတောင် ကုန်စည်သယ်ယူခွင့် စစ်ကောင်စီဂိတ်တွေ ကန့်သတ်စစ်ဆေးမှုပိုများလာ

ဆီဆိုင်မြို့အနီးတိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ ဒေသခံများ (ဩဂုတ် ၂၀၂၄)

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ အရင်ကထက် ပိုများလာပြီး ကုန်စည်သယ်ယူခွင့် ကန့်သတ် တင်းကျပ် စစ်ဆေးနေတယ်လို့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ တောင်ကြီးကနေ ဆီဆိုင်ရောက်ဖို့အတွက် စစ်ဆေးရေးဂိတ် ၉ ဂိတ်ထက်မနည်း ရှိနေတာပါ။ မြို့ ပြန်လည်ထူထောင်ရေးအတွက် ကိုယ်ထူကိုယ်ထ ရုန်းကန်နေကြတဲ့ ဆီဆိုင်မြို့က လမ်းပမ်းဆက်သွယ်ရေး အခြေအနေ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေမှာ ကုန်စည်တချို့ ကန့်သတ်ချက်တွေနဲ့ကုန်တင်ယာဉ်တွေကို တားဆီးစစ်ဆေးရေးဂိတ်တွေပိုများလာလို့ ဆီဆိုင်မြို့မှာ အရင်ကထက် ကုန်ဈေးနှုန်း မြင့်တက်နေတယ်လို့ မြို့ခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"များသောအားဖြင့်တော့ စက်သုံးဆီပေါ့နော်။ စက်သုံးဆီဆိုရင်တော့ သယ်ယူခွင့်မပြုဘူးလေ။ ကျန်တာကတော့ စစ်တော့စစ်တယ်။ တောင်ကြီးကနေ ဆီဆိုင်အရောက်ဆို ဂိတ်တွေက ၉ ဂိတ်လောက်ရှိတယ်။ ဂိတ်တိုင်းစစ်တယ်။ ဆန်က ပေါ်ဆန်းတအိတ်ကို ၁၉၅,၀၀၀ လောက်ရှိတယ်။ ကြက်သား၊ ငါး၊ ဝက်၊ အမဲသားဆိုရင် တပိဿာကို ၂ သောင်းရှိတယ်။ တိုက်ပွဲမဖြစ်ခင် ကာလနဲ့စာရင် ဈေးတွေက ခေါက်ချိုးမြင့်သွားတာ။"

၂၀၂၄ နှစ်စပိုင်းမှာ တိုက်ပွဲတွေပြင်းထန်ပြီး နေအိမ်တွေ မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ ဆီဆိုင်မြို့ဟာ အခုချိန်မှာ ကိုယ်ထူကိုယ်ထ ပြန်လည်ထူထောင်ရေး စတင်နေကြပါပြီ။ တောင်ကြီးကနေ ရောက်လာမယ့် ကုန်စည်တွေကိုသာ အဓိကထားပြီး ဝယ်ယူသုံးစွဲနေရချိန်မှာ ကုန်စည်စီးဆင်းရေး လမ်းကြောင်းပုံမှန်မဖြစ်လို့ အခက်တွေ့နေရပုံကိုလည်း ဒေသခံနောက်တဦးက ပြောပါတယ်။

"အခုက ဈေးသည်တွေလည်း ဈေးစည်ကားတယ်၊ ရောင်းရတယ်။ ရောင်းရတာလည်း ဘယ်လိုပြောမလဲဆိုတော့ တအားတော့မဟုတ်ဘူး။ ရွာကလူတွေက လာမဝယ်ကြဘူးလေ။ ကုန်စည်ဝယ်ဖို့က မလွယ်ဘူး။ တောင်ကြီးကနေ မှာယူရတယ်။ နည်းနည်းပါးပါး ဝယ်လို့ရလည်း ဈေးကြီးတယ်ဗျ။ မြို့နဲ့တောနဲ့ ကွာတယ်လေဗျာ။ ပဲဆီဆိုရင် ၅၀သား ၉,၀၀၀ ပေးရတယ်ဗျာ။ တောင်ကြီးမှာဆိုရင် ၈,၀၀၀ လောက်ပဲ ရှိတယ်လေ။ အဲလိုဆိုတော့ ကုန်ဈေးနှုန်း ဈေးများတယ်လေ။ ဆန်းဒေးကော်ဖီမစ်တောင် ၆၀၀ ဖြစ်သွားပြီလေ။ အရင်တုန်းက ၃၅၀ - ၄၀၀ ပဲ ရှိတယ်လေ။"

ပြီးခဲ့တဲ့ စက်တင်ဘာလထဲမှာ ရေဘေးသင့်ခဲ့တဲ့အထဲ ရှမ်းပြည်နယ်က နေရာတွေလည်း ပါဝင်ပါတယ်။ စစ်ဘေးဒဏ်သင့်ခဲ့တဲ့ ဆီဆိုင်မြို့ဟာ ရေဘေးလွတ်ခဲ့ပေမယ့်၊ အဲဒီရဲ့နောက်ဆက်တွဲ ဆန်ဈေးတက်လာနိုင်တဲ့ အခြေအနေကိုတော့ ကြုံဖို့ရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

"ဆန်ဈေးက လက်ရှိတောင် မြင့်နေတာဆိုတော့ လာမယ့်နှစ် စပါးပေါ်ချိန်မတိုင်ခင် ဆန်ဈေးကတော့ မိုးထိအောင်တက်သွားမလား မပြောတတ်ဘူး။ ဆီဆိုင်မြို့နယ်ထဲမှာ စပါးအများဆုံးစိုက်တဲ့ ဧရိယာဖြစ်တဲ့ ပုန်းအင်းဒေသနဲ့ သဘက်အုပ်စုကလည်း တအုပ်စုလုံး စပါးတွေမြုပ်သွားတာလေ။ ပုန်းအင်းအုပ်စု တအုပ်စုလုံး မြုပ်သွားတယ်။"

ဆီဆိုင်မြို့မှာ ဒေသခံအားလုံး နေရပ်ပြန်မလာနိုင်သေးဘဲ ပြန်ရောက်နေသူ တချို့ကလည်း အရင်ကလိုတော့ အိမ်ကောင်းကောင်း ပြန်မဆောက်နိုင်သေးဘူးလို့ ပြောပါတယ်။ နယ်မြေတည်ငြိမ်စ ပြုပေမယ့်ပြန်လည်ထူထောင်ရေး အတွက် ရုန်းကန်နေရချိန်မှာ ကုန်စည်စီးဆင်းမှု ပုံမှန်မဖြစ်နိုင်သေးတာကြောင့် အခုချိန်မှာလည်း အခက်တွေ့နေတယ်လို့ ဒေသခံတွေက ပြောနေကြပါတယ်။ အခုလို ရှမ်းတောင်ပိုင်းမှာ စစ်ကောင်စီရဲ့ စစ်ဆေးရေးဂိတ်တွေ၊ စစ်ဆေးကန့်သတ်မှုတွေအရင်ကထက်ပိုများလာတဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်ထားတာမရှိသေးပါဘူး။

Your browser doesn’t support HTML5

ရှမ်းတောင် ကုန်စည်သယ်ယူခွင့် စစ်ကောင်စီဂိတ်တွေ ကန့်သတ်စစ်ဆေးမှုပိုများလာ