သယံဇာတထုတ်ယူတာ စစ်တပ်ကြီးစိုးမှု မြန်မာလူ့အခွင့်အရေးထိခိုက်ဟု ကုလဝေဖန်

ဖါးကန့်ဒေသ အကြီးစား ကျောက်မျက်တူးဖေါ်မှုလုပ်ငန်းတခု။

မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတ ထုတ်ယူရေးလုပ်ငန်းမှာ အဓိကအားဖြင့် စစ်တပ်ရဲ့ ဦးပိုင်လီမီတက်နဲ့ စစ်တပ်လက်အောက်ခံ ပြည်သူ့စစ် အဖွဲ့တွေက ကျောက်စိမ်း၊ ဓါတ်သတ္တု အပါအဝင် ရွှေနဲ့ ကျောက်မျက်ရတနာတွေ အဖိုးတန်သစ်တွေကို အထိန်းအကွပ်မဲ့ ထုတ်ယူနေပြီး၊ အဲဒီအဖွဲ့တွေက ပွင့်လင်းမြင်သာမှု မရှိတာ၊ တာဝန်ခံမှု တာဝန်ယူမှု မရှိတာတွေက ဒေသခံပြည်သူလူထုအပေါ် လူ့အခွင့်အရေး ချိုးဖေါက်ရာ ရောက်တယ်လို့ ရှေ့သီတင်းပတ်ထဲတင်သွင်းမယ့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီဟာ ၂၀၁၈ ခုနှစ်အတွင်း လေ့လာတွေ့ရှိခဲ့တဲ့ မြန်မာနိုင်ငံ ဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ အစီရင်ခံစာကို မတ်လ(၁၁)ရက် လာမယ့် တနင်္လာနေ့ကျရင် ဂျနီဗာမှာကျင်းပမယ့် အကြိမ်(၄၀)မြောက် လူ့အခွင့်အရေးကောင်စီ ညီလာခံကို တင်သွင်းမှာဖြစ်ပါတယ်။

ယန်ဟီးလီက မြန်မာနိုင်ငံဆိုင်ရာသူ့အစီရင်ခံစာကို ကြိုတင်ထုတ်ပြန်ထားတဲ့ အထဲမှာတော့ မြန်မာ့တပ်မတော်ရဲ့ ဦးပိုင်လီမီတက်နဲ့ ပြည်သူ့စစ် အဖွဲ့တွေ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ကုမ္ပဏီတွေဟာ ကချင်နဲ့ ရှမ်းပြည်နယ်တွေမှာ ကျောက်စိမ်း၊ ပယင်း၊ ရွှေနဲ့ ကျောက်မီးသွေးတွေကို အစစ်အဆေးမဲ့ ထုတ်ယူနေကြောင်း၊ တနင်္သာရီနဲ့ ကရင်ပြည်နယ်မှာဆိုရင်လည်း သံဖြူနဲ့ ကျောက်မီးသွေးတွေ ထုတ်ယူနေကြကြောင်း အဓိက မီးမောင်းထိုး ပြထားပါတယ်။ ကချင်က ကျောက်စိမ်းထုတ်ယူရေးမှာ KIA ကချင်လက်နက်ကိုင်အဖွဲ့လည်း ပါကြောင်းဖေါ်ပြထား ပါတယ်။

ဒီလိုတူးဖေါ်ရေးတွေကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာပြောင်းရွှေ့ရတဲ့ IDP တွေဖြစ်လာရကြောင်း၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးလာပြီး မိရိုးဖလာ သက်မွေးဝမ်းကျောင်းတွေ ကွယ်ပျောက်လာကြောင်း၊ မူးယစ်ဆေးဝါးသုံးစွဲမှု တိုးလာစေပြီး HIV/AIDS လိုရောဂါတွေ ပိုပြီးကူးစက်လွယ်လာကြောင်း၊ ဒီလိုအခြေအနေတွေက ဒေသခံတွေရဲ့မွေးရာပါ လူ့အခွင့်အရေးကို ချိုးဖေါက်ရာ ရောက်နေတာကြောင့် အစိုးရအနေနဲ့ ဒါကိုထိန်းချုပ်ဖို့ လိုတယ်လို့ အကြံပြုထားပါတယ်။

တကယ်တေ့ာ စစ်တပ်ရဲ့ ဦးပိုင်လီမီတက်ဟာ နိုင်ငံတော်အစိုးရရဲ့ထိန်းချုပ်မှု အောက်ကနေ ကင်းလွတ်နေတဲ့ အဖွဲ့အစည်းဖြစ်နေတာက လက်ရှိ အစိုးရအတွက် စိန်ခေါ်မှုကြီးတရပ် ဖြစ်တယ်လို့ အမေရိကန်ပြည်ထောင်စုမှာနေတဲ့ စီးပွားရေးလေ့လာသုံးသပ်သူ ဦးကံထွန်းက မြင်ပါတယ်။

" ဦးပိုင် ကုမ္ပဏီဆိုတာ ဒီ နိုင်ငံ အစိုးရရဲ့ အုပ်ချုပ်မှုအောက်မှာ မရှိဘူး ခင်ဗျ။ အခုဟာ အဲလို မရှိတော့ သူတို့ရဲ့ စီးပွားရေး လုပ်ငန်းတွေရော အလုပ်သမားတွေကို ထိန်းချုပ်ပုံရော လုပ်ငန်း လုပ်ကိုင်တာတွေရော စစ်ဆေးမှုရော သူတို့ဟာနဲ့သူတို့ဘဲ။ ပြည်သူရဲ့ အုပ်ချုပ်မှုအောက်မှာ တကယ်လို့သာ ရှိမယ်ဆိုရင် ဘယ်ကုမ္ပဏီကို မဆိုရင် နိုင်ငံတော် စာရင်းစစ်ချုပ်က စစ်ဆေးပိုင်ခွင့် ရှိတယ်။ အခုဟာ ဦးပိုင် ကုမ္ပဏီက အဲဒီ လက်အောက်ကနေ လွတ်နေတဲ့ အတွက် ပွင့်လင်းမြင်သာမှု မရှိတဲ့ အတွက် စာရင်းလည်း မသိရဘူး။ အခွန်ဆောင် မဆောင်ကိုလည်း ကျနော်တို့က အတိအကျ မသိရပါဘူး။ "

ဦးပိုင်လီမီတက်ဟာ လုပ်ငန်းကရတဲ့ ဝင်ငွေစာရင်းရှင်းတမ်းကို ထုတ်ပြန်ခြင်းမရှိသလို၊ ပြည်သူတွေအတွက် အခွန်နစ်နာနေရကြောင်းလည်း အစီရင်ခံစာမှာထောက်ပြပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့နှစ်ထဲမှာ ကယားပြည်နယ်အတွင်း တပ်မတော်လက်အောက်ခံ ပြည်သူ့စစ်အဖွဲ့ကို သစ်တန်ချိန် (၅၀၀၀)ထုတ်ဖို့ ၂၀၁၈ ခု အတွင်း အစိုးရငြိမ်းချမ်းရေး ဗဟိုဌာန NRPC က ထောက်ခံမှုပေးခဲ့တယ်လို့ ယန်ဟီးလီရဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ယန်ဟီးလီရဲ့ အစီရင်ခံစာဟာ အရင်နှစ်တွေနဲ့မတူပဲ ကွဲပြားလာတယ်လို့ AHRC အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ထောက်ပြ ပါတယ်။

" ယန်ဟီလီးက မြန်မာနိုင်ငံ အထူးကိုယ်စားလှယ် အနေနဲ့ တင်သွင်းစရာ ဆိုလို့ ဒီဘင်္ဂါလီ အရေးဆိုရင်လည်း လူမျိုးတုံး သတ်ဖြတ်မှု အပေါ်မှာ တရားစွဲဆိုနိုင်ဖို့ အတွက် ကြိုးပမ်းတယ်။ အခုကိစ္စကတော့ မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား တိုင်းရင်းသား အားလုံးက စစ်တပ်ရဲ့ ဗိုလ်ကျ စိုးမိုးမှုကြောင့် ဒီ လူမှုရေး ဖိစီးမှု၊ ဆုံးရှုံး နစ်နာမှုတွေ မြောက်များစွာ ကြုံနေရတယ်ဆိုတာတွေကို ဘက်ပေါင်းစုံကနေ တပ်မတော်ကို ဖိအားပေးနိုင်ဖို့ အတွက် အခု အစီရင်ခံစာကို တင်သွင်းတယ်လို့ ကျနော်တို့ကတော့ မြင်တယ်။ လက်ရှိ အစိုးရကလည်း ဟန့်တားနိုင်စွမ်း မရှိဘူးဆိုတာတွေကို အခု ပေါ်ပေါ်လွင်လွင် သိလာရတဲ့ အခြေအနေမျိုး ဖြစ်လာအောင် ထောက်ပြတယ်လို့ ကျနော်ကတော့ မြင်ပါတယ်။ "

တကယ်တော့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်နိုင်မှသာ NLD အစိုးရအနေနဲ့ ဦးပိုင်လီမီတက်လို့ ကုမ္ပဏီမျိုးကို ထိန်းချုပ်လို့ရနိုင်မယ့် အနေအထားမှာရှိကြောင်း ဦးကံထွန်းက ပြောပါတယ်။

" လက်ရှိ အခြေခံ ဥပဒေ မပြင်သရွေ့ကတော့ ဒီပြသနာက မပြေလည်ဘူး။ သီးခြား အဖွဲ့အစည်း နှစ်ရပ် ဖြစ်နေတယ်။ လူထုတင်မြှောက်တဲ့ အစိုးရက တဖက် ၊ တဖက်က ဦးစီးချုပ် ကြီးမှူးတဲ့ အဖွဲ့က တဖက် အဲလို ဖြစ်နေတော့ ဒီဟာတွေ အားလုံး ပပျောက်သွားအောင်က ဥပဒေ တခုတည်းမှာ ရှိမှသာလျင် ဒါ ပြေပျောက်သွားမှာပါ။ ဒီအခြေခံ ဥပဒေ ရှိနေသမျှ ကာလပတ်လုံး ကျနော်တို့ လက်ရှိ အစိုးရ ဘယ်လိုမှ ထိန်းချုပ်ပိုင်ခွင့် မရှိဘူးလို့ ကျနော် ယူဆပါတယ်။ အဲလို မလုပ်နိုင်သမျှ ကာလပတ်လုံး လူထုကလည်း တင်မြှောက်ပိုင်ခွင့် မရှိဘူး၊ လူ့အခွင့်အရေး ဆုံးရှုံးတာတွေ၊ နစ်နာတာတွေ၊ ပပျောက်မှာ မဟုတ်ဘူး။ "

ယန်ဟီးလီရဲ့အစီရင်ခံစာ နိဂုံးချုပ်မှာတော့ ၁၉၈၉ ခုနှစ်က ပြဌာန်းခဲ့တဲ့ ဦးပိုင်လီမီတက် ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေတွေကို ပြန်လည်သုံးသပ် သင့်ကြောင်း၊ သဘာဝသယံဇာတ ထုတ်ယူရေးကိစ္စမှာ ခိုင်မာတဲ့ မူဝါဒတွေ၊ ဥပဒေ နည်းဥပဒေတွေ ချမှတ်ပြဌာန်းဖို့ လိုကြောင်း၊ ဦးပိုင်လီမီတက် အနေနဲ့လည်း အကျိုးအမြတ်တွေကို ဘယ်လိုခွဲဝေ သုံးစွဲနေသလဲဆိုတဲ့ ဘဏ္ဍာရေးဆိုင်ရာ စာရင်းရှင်းတမ်းတွေကို ထုတ်ပြန်ဖို့ လိုကြောင်း တိုက်တွန်းထားပါတယ်။

ဒီသယံဇာတ ထုတ်ယူမှုကရရှိတဲ့ ဝင်ငွေတွေ အကျိုးအမြတ်တွေကို ထုတ်ပြန်ကြေညာချင်း မရှိတာနဲ့ စစ်တပ်ပိုင် လုပ်ငန်းတွေရဲ့ အကျိုးစီးပွားတွေဟာ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးအတွက် စိုးရိမ်စရာ ဖြစ်နေပြီး၊ ဝင်ငွေတွေနဲ့ပတ်သက်လို့ ထင်သာမြင်သာ ရှိစွာ အသုံးပြုနိုင်ရင် မြန်မာနိုင်ငံသားတွေရဲ့ ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရအနေနဲ့ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်မှာဖြစ်တယ်လို့ အစီရင်ခံစာကဆိုပါတယ်။ သဘာဝ သယံဇာတထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာ ပွင့်လင်းမြင်သာမှုရှိရေး အကျိုးတော်ဆောင် အဖွဲ့ EITI နဲ့လည်း ပူးပေါင်းဆောင်ရွက်ဖို့ကို ယန်ဟီးလီက တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

သယံဇာတထုတ်ယူတာ စစ်တပ်ကြီးစိုးမှု မြန်မာလူ့အခွင့်အရေးထိခိုက်ဟု ကုလဝေဖန်