ကုလ မြန်မာသံအမတ်ကြီး အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီကြိုးပမ်း

သံအမတ်ကြီး ဦးကျော်မိုးထွန်း

(Zawgyi/Unicode)

စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ပြီး စစ်တပ်အပေါ် နိုင်ငံတကာက ဖိအားပေးရေးတောင်းဆိုနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဖယ်ရှားဖို့ မြန်မာစစ်ကောင်စီဘက်က ထပ်ပြီးကြိုးစားနေပါတယ်။

ဦးကျော်မိုးထွန်းရဲ့နေရာမှာ ဝါရှင်တန်မြို့တော်က မြန်မာစစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို အစားထိုး ခန့်ထားတဲ့အကြောင်း မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres ဆီပေးပို့တဲ့ အကြောင်းကြားစာမိတ္တူကို AP သတင်းဌာနက လက်ခံရရှိပါတယ်။

ဗိုလ်မှူးကြီးအောင်သူရိန်ဟာ ဒီနှစ်ထဲအထိ မြန်မာစစ်တပ်တာဝန်တွေကို ၂၆ နှစ်ကြာ အမှုထမ်းခဲ့သူ ဖြစ်တဲ့အကြောင်း AP သတင်းမှာ ဖေါ်ပြပါတယ်။

ရာထူးနဲ့ တာဝန်ဝတ္တရားတွေကို အလွဲသုံးစားလုပ်ခဲ့တာကြောင့် ဦးကျေ်ာမိုးထွန်းကို ဖေေဖော်ဝါရီလ ၂၇ ရက်နေ့ကတည်းက ရာထူးက ထုတ်ပယ်ထားတဲ့အကြောင်း ဦးဝဏ္ဏမောင်လွင်ရဲ့စာထဲမှာ ဖော်ပြထားပါတယ်။

ဦးကျော်မိုးထွန်းကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် အသိအမှတ်မပြုဖို့နဲ့ မြန်မာနိုင်ငံမှာ တရားရင်ဆိုင်ဖို့ ပြန်လည်လွှဲပြောင်းပေးရေး ကုလသမဂ္ဂဌာနချုပ်နဲ့ အမေရိကန်နိုင်ငံခြားရေးဌာနတို့ကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇူလိုင်လ ဒုတိယအပတ်အတွင်းကလည်း တောင်းဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာပြည်ပြန်ပို့ဖို့ တောင်းဆိုနေတာကိုကြည့်ရင် မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေရပ်ဆိုင်းဖို့သာမက ဒီမိုကရေစီပြန်ထွန်းကားအောင်လုပ်ဖို့ ဘယ်လောက် အရေးကြီးနေတယ်ဆိုတာကိုပါ မီးမောင်းထိုးပြနေတယ်လို့ VOA ကို အီးမေးနဲ့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။

ဦးကျော်မိုးထွန်းဟာ နယူးယောက်အခြေစိုက် ကုလသမဂ္ဂရုံး မြန်မာ အမြဲတမ်းသံအမတ်ကြီးအဖြစ်နဲ့ ၂၀၂၀ အောက်တိုဘာလကစပြီး တာဝန်ယူခဲ့တာပါ။ ဒါပေမဲ့ စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့မှာတော့ သူ့အနေနဲ့ အာဏာသိမ်းစစ်တပ်ကို ကိုယ်စားမပြုဘဲ NLD အစိုးရကိုပဲ ကိုယ်စားပြုတယ်လို့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ကြေညာခဲ့ပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီက ဦးကျော်မိုးထွန်းကို သံအမတ်ကြီးတာဝန်က ရုပ်သိမ်းပြီး အမေရိကန်ဝါရှင်တန်ဒီစီက စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို သူ့နေရာမှာ အစားထိုးတယ်လို့ ကြေညာပါတယ်။ ဒါပေမယ့် အခုအချိန်အထိတော့ ကုလသမဂ္ဂ အစည်းအဝေးတွေမှာ ဦးကျော်မိုးထွန်းကပဲ မြန်မာနိုင်ငံ အမြဲတမ်းသံအမတ်ကြီးအဖြစ် ဆက်လက် တက်ရောက်နေဆဲရှိပြီး ကုလသမဂ္ဂအနေနဲ့ ဘယ်သူ့ကို အသိအမှတ်ပြုမလဲဆိုတာကို စက်တင်ဘာလ ကုလအထွေထွေညီလာခံမှာ ဆုံးဖြတ်ဖွယ်ရှိနေပါတယ်။

Your browser doesn’t support HTML5

ကုလ မြန်မာသံအမတ်ကြီး အစားထိုးခန့်အပ်ဖို့ စစ်ကောင်စီကြိုးပမ်း


...........................

(Unicode)








