မြန်မာလုံခြုံရေးတပ်တွေကြောင့် သေဆုံးသူ ၁,၂၉၅ ဦးရှိပြီလို့ AAPP ထုတ်ပြန်

ရန်ကုန်၊ သာကေတမြို့နယ်တွင် ဆန္ဒပြသူတဦးကို ရိုက်နှက်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၆၊ ၂၀၂၁)

ရန်ကုန်၊ သာကေတမြို့နယ်တွင် ဆန္ဒပြသူတဦးကို ရိုက်နှက်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များ။ (မေ ၆၊ ၂၀၂၁)

(Zawgyi / Unicode)

စစ်အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ဒီကနေ့ နိုဝင်ဘာလ ၂၇ ရက်နေ့အထိဆိုရင် ဖြစ်ရပ်အမျိုးမျိုးအတွင်း စစ်တပ်၊ ရဲနဲ့ စရဖ စစ်ထောက်လှမ်းရေးတို့ရဲ့ လက်ချက်ကြောင့် သေဆုံးရသူပေါင်း ၁,၂၉၅ ယောက်ရှိသွားပြီလို့ စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ပြောပါတယ်။

လက်ရှိမှာ ဖမ်းဆီးခံထားရသူပေါင်း ၇,၅၉၅ ယောက်ရှိပြီး ပြစ်ဒဏ်ချခံထားရသူက ၃၄၁ ယောက်ရှိပြီးတော့ အဲဒီထဲမှာ ကလေးငယ် ၂ ဦး အပါအဝင် ၃၄ ယောက်ကို သေဒဏ်ချမှတ်ထားတယ်လို့လည်း AAPP က ပြောပါတယ်။

ဒီအရေအတွက်အားလုံးဟာ AAPP က လက်လှမ်းမီသလောက် ကောက်ယူ စုဆောင်း အတည်ပြုထားတဲ့ အချက်အလက်တွေဖြစ်ပြီး အမှန်တကယ် အရေအတွက်ကို အတည်ပြုသွားရမယ်လို့လည်း AAPP က ပြောပါတယ်။

စစ်ကောင်စီကတော့ AAPP ကပြောတဲ့ သေဆုံးသူ အရေအတွက်ဟာ လုပ်ကြံချဲ့ကားထားတာ ဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။

စစ်တပ်က အာဏာသိမ်းတာ ၁၀ လပြည့်လုနီး ရှိလာပေမယ့် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ ကြိုးကြားလို ဆက်ရှိနေဆဲပါ။

နိုဝင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာပလာဇာထဲမှာ လူငယ်တချို့ ဆန္ဒပြတာကို ပလာဇာ လုံခြုံရေးဝန်ထမ်းတွေက အတင်းဝင်ရောက် ဖမ်းဆီးခဲ့တဲ့အပေါ် ဝေဖန်ပြစ်တင်တာတွေ ကြုံခဲ့ရပြီးတဲ့နောက် ပလာဇာအတွင်းက ဆိုင်အများအပြားကို ပိတ်ထားကြသလို အရင်က နေ့စဉ်လို စည်ကားနေတဲ့ မြန်မာပလာဇာ လုံးဝခြောက်ကပ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မြန်မာပလာဇာကို ကန့်ကွက် သပိတ်မှောက်ဖို့ လှုံ့ဆော်တာတွေ ဆိုရှယ်မီဒီယာမှာ ကျယ်ကျယ်ပြန့်ပြန့် ထွက်ခဲ့ပြီးတဲ့နောက် အခင်းဖြစ်တဲ့နေ့မှာပဲ မြန်မာပလာဇာ အုပ်ချုပ်ရေးရုံးအဖွဲ့က စိတ်မကောင်းဖြစ်ရတဲ့ အကြောင်းနဲ့ စုံစမ်းစစ်ဆေးနေတဲ့အကြောင်း သူတို့ရဲ့ ဖေ့စ်ဘုတ်ကနေ ပြောခဲ့ပါတယ်။

နောက်တရက် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ ပထမနေ့က ဖြစ်ရပ်အတွက် တောင်းပန်ကြောင်းနဲ့ အဲဒီဖြစ်ရပ်အတွက် တာဝန်ရှိသူတွေ အားလုံးကို အလုပ်က ထုတ်ပစ်လိုက်ပြီ ဖြစ်တဲ့အကြောင်း ထပ်ပြီး ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာနိုင်ငံ ဒေသတချို့မှာ စစ်တပ်နဲ့ ရဲကို လက်နက်ကိုင် တိုက်ခိုက်တာတွေလည်း နေ့စဉ်လို ရှိနေပါတယ်။ အထူးသဖြင့်တော့ မြန်မာနိုင်ငံ အနောက်မြောက်ပိုင်းက စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း၊ ကယား၊ ချင်းနဲ့ ကချင်ပြည်နယ်တွေမှာ စစ်အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လက်နက်ကိုင် တိုက်ခိုက်မှုတွေ ပိုပြင်းထန်နေပြီး စစ်တပ်ကလည်း အပြင်းအထန် အင်အားသုံး နှိမ်နင်းနေပါတယ်။

Your browser doesn’t support HTML5

မြန်မာလုံခြုံရေးတပ်တွေကြောင့် သေဆုံးသူ ၁,၂၉၅ ဦးရှိပြီလို့ AAPP ထုတ်ပြန်

-----------------------

(Unicode)









