ထားဝယ်ရေနက်စီမံကိန်း ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ကောင်စီ​ ပြင်ဆင်နေ

ထားဝယ်ဒေသ၊ နဘူးမြို့နယ်တွင်တွေ့ရသည့် ထားဝယ်ရေနက်စီမံကိန်းသို့ ညွှန်ပြသည့် လမ်းညွှန်ဆိုင်းဘုတ်များ။ ဇန်နဝါရီ ၂၈၊ ၂၀၁၂။

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်က ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန် ဧရိယာမှာရှိတဲ့ ဒေသခံတွေဟာ သူတို့ရဲ့နေရပ်ဆီကို အခုချိန်ထိ ပြန်မလာနိုင်သေးပါဘူး။ စစ်ကောင်စီက ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ့် ဒီရေနက်ဆိပ်ကမ်းစီမံကိန်းကို စတင်နိုင်ဖို့အတွက် နယ်မြေရှင်းလင်းရေးကို အဓိကထား ဆောင်ရွက်နေတာ တွေ့ရတယ်လို့ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို အခြေခံပြီး မအိသန့်စင်က တင်ပြပေးပါမယ်။

ထားဝယ်ရေနက်ဆိပ်ကမ်း အထူးစီးပွားရေးဇုန်ဒေသမှာ စစ်ကောင်စီ စစ်ကြောင်းဟာ ပြီးခဲ့တဲ့ ဇွန်လထဲမှာ စစ်ဆင်ရေးထိုးလာပြီး၊ အဲဒီအချိန်ကတည်းက ဒေသတွင်းမှာရှိတဲ့ ရွာခံတွေ ထွက်ပြေးခဲ့ကြရတာပါ။ အဲဒီဒေသမှာပဲ စစ်ကြောင်းက တကျော့ပြန်ထိုးတာနဲ့ အင်အားဖြန့်ကျက်တာတွေလည်း လုပ်ဆောင်ခဲ့တယ်လို့ တော်လှန်ရေးရဲဘော်တဦးက ပြောပါတယ်။

"ကျနော်တို့ထားဝယ် ၄မြို့နယ်မှာဆိုရင်တော့ လောင်းလုံးမလာခင်မှာ သူတို့ရေနက်ဆိပ်ကမ်းမှာ စစ်ကြောင်းထိုးတယ်။ ရေနက်ဆိပ်ကမ်း ဧရိယာတခုလုံးပေါ့။ အင်အားအများကြီးသုံးပြီးတော့ စစ်ကြောင်းကြီးတွေထိုးတယ်။ တိုက်ပွဲတွေလည်း ဖြစ်တာရှိတယ်။ အဲဒီရေနက်ဆိပ်ကမ်းဘက် ထိုးတဲ့အခါမှာတော့ တော်တော်လေးကို အချိန်ယူပြီးတော့ သူတို့ထိုးတယ်ဗျ။ ကျန်တဲ့မြို့နယ်တွေကျတော့ အခုလက်ရှိငြိမ်နေတယ်။ ထားဝယ်လည်းငြိမ်တယ်။ သရက်ချောင်းလည်း ငြိမ်သွားတယ်ဗျ။"

အခုအချိန်မှာ လောင်းလုံးမြို့နယ်နဲ့ ရေဖြူမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ ရွာထဲဝင်လာချိန် ထိတွေ့တိုက်ပွဲတွေ ဖြစ်တာကြောင့် ဒေသခံတော်တော်များများလည်း ရှောင်တိမ်းနေကြပါတယ်။ စစ်ကောင်စီအဖွဲ့တွေ အသွားအလာရှိနေတာကြောင့် ဒေသခံတွေ ပြန်ဖို့ခက်နေတယ်လို့ သိရပါတယ်။ စစ်ဆင်ရေးတွေကြောင့် အထူးစီးပွားရေးဇုန် ဒေသမှာရှိတဲ့ ကျေးရွာ ၈ ရွာထက်မနည်း ဒေသခံအားလုံး တိမ်းရှောင်နေကြတာပါ။

"ရေနက်ဆိပ်ကမ်းဘက်က စစ်ကြောင်းတွေကတော့ ပြန်ထွက်သွားပြီ။ အဲဒီထဲမှာ သူတို့အချိန်လည်း တော်တော်လေးကြာသွားတယ်။ သူတို့ အထိနာတာတွေလည်းရှိတယ်။ ဒါပေမဲ့ လုံးဝပြန်ထွက်သွားတဲ့ ပုံစံမျိုးတော့မဟုတ်သေးဘူး။ ရေနက်ဆိပ်ကမ်းကိုကျတော့ သူတို့ မဖြစ်မနေ ပြန်လုပ်မယ့်သဘော ရှိတဲ့အခါကျတော့ အဲဒီနေရာတဝိုက်ကို ရှင်းလင်းရေးတွေလုပ်နေတယ်။ လွန်ခဲ့တဲ့ ၁လကျော်ကဆိုရင် ဇာဒီ ရွာမှာဆိုရင် လမ်းပိုင်းတွေကို သူတို့ဘက်ဖိုး (Backhoe) နဲ့ ဖျက်ဆီးခဲ့တဲ့ဟာတွေတောင် ရှိတယ်ဗျ။ အဲဒီတော့ အခုကလည်း ရေဖြူအနီးအနားတဝိုက်မှာ စစ်ကြောင်းတွေ သွားလာနေတာရှိတယ်။"

ထားဝယ်ရေနက်ဆိပ်ကမ်းမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မယ့် အစီအစဉ်တွေရှိနေပြီး၊ အာဏာသိမ်းထားတဲ့ချိန်မှာ ရုရှားက ထားဝယ်ဒေသလေ့လာရေး ရောက်လာတာတွေကိုလည်း တွေ့ရတယ်လို့ ပြောပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မြန်မာနိုင်ငံတောင်ပိုင်းမှာ တန်ချိန်နှစ်သိန်းနဲ့အထက် သင်္ဘောတွေဆိုက်ကပ်နိုင်တဲ့ ဆိပ်ကမ်းတခုတည်ဆောက်ဖို့ ရုရှားနဲ့ ဆွေးနွေးနေတယ်လို့ ရုရှားသတင်းဌာနတခုကို ပြီးခဲ့တဲ့ မတ်လတုန်းက ပြောထားပါတယ်။

"အဓိကတော့ သူတို့ရေနက်ဆိပ်ကမ်းကို မဖြစ်ဖြစ်အောင်လုပ်မှာ။ ကျနော်တို့သိရသလောက် ရုရှားနဲ့လုပ်ဖို့ သူတို့စီစဉ်ထားတာတွေ ရှိတယ်ဗျ။ ရုရှားတွေလည်း ထားဝယ်ရောက်လာတာရှိတယ်။ လေ့လာတဲ့ပုံစံမျိုးနဲ့ ရောက်လာတာတွေရှိတယ်။ ရေနက်ဆိပ်ကမ်းကို လုပ်မယ်ဆိုရင် ဒီဧရိယာထဲမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ မရှိမှဘဲ သူတို့လုပ်လို့ရမှာ။ အဲတော့ အဲဒါတွေကို အရင်ရှင်းလင်းတဲ့ ပုံစံမျိုးလုပ်တယ်ဗျ။ အဓိကတော့ ရေနက်ဆိပ်ကမ်း မဖြစ်ဖြစ်အောင်လုပ်ချင်တာ။ အဲဒါကြောင့်လည်း သူတို့စစ်ကြောင်းကြီးတွေ ၃၊ ၄ကြောင်းထိုးတာ။ အင်အား ၄၀၀၊ ၅၀၀ လောက်သုံးပြီးတော့ ထိုးတယ်ဗျ။"

အခုချိန်ထိ ရေနက်ဆိပ်ကမ်း အနီးတဝိုက်က ရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေတာနဲ့ နယ်မြေလုံခြုံရေး အခြေအနေကြောင့် ဒေသခံတွေကို ဆက်သွယ်နိုင်ဖို့ ခက်ခဲနေပါတယ်။ တနင်္သာရီတိုင်းမှာ ပြီးခဲ့တဲ့ ဇွန်လထဲ တိုက်ပွဲဖြစ်ပွားတာ သိသိသာသာ လျော့ခဲ့ပေမယ့် ထားဝယ်နဲ့ ရေဖြူမြို့နယ်မှာ တိုက်ပွဲပိုဖြစ်နေတယ်လို့ အချက်အလက် စုဆောင်းထားတဲ့ FE5 တနင်္သာရီအဖွဲ့က ထုတ်ပြန်ထားပါတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းတည်ရှိတဲ့ ရေဖြူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးတာတွေ ဆက်တိုက်လုပ်ဆောင်နေတယ်လို့လည်း ဆိုပါတယ်။

Your browser doesn’t support HTML5

ထားဝယ်ရေနက်စီမံကိန်း ရုရှားနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စစ်ကောင်စီ​ ပြင်ဆင်နေ