လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဂတိစွဲချက်နဲ့ စစ်ဆေးခံရ

လျှပ်စစ်စွမ်းအင် ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင် (ဓါတ်ပုံ- Ministry of Electricity and Energy,Myanmar)

လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုဝန်ကြီးအပါအဝင် သက်ဆိုင်ရာဌာနအကြီး အကဲအချို့ကို အဂတိလိုက်စားမှုစွဲချက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးတာတွေ လုပ်နေတယ်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင်တဦးက ပြောပါတယ်။ လျှပ်စစ်ထုတ်လုပ်ရေးအတွက် လုပ်ငန်းကုမ္ပဏီတင်ဒါခေါ်ယူမှုနဲ့ ပတ်သက်နိုင်တယ်လို့ သတင်းတွေ ထွက်ပေမယ့်၊ အသေးစိတ်ကိုတော့ သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ ဗွီအိုအေ သတင်းထောက် ကိုဇော်ထက် စုံစမ်းမေးမြန်းထားပါတယ်။

အဂတိမှု စွပ်စွဲချက်နဲ့ပတ်သက်လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ကနေ လျှပ်စစ်စွမ်းအင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင် အပါအဝင် သက်ဆိုင်ရာဌာန ညွှန်ကြားရေးမှူးအဖွဲ့ဝင်တွေကိုပါ စစ်ဆေးနေကြောင်း ကော်မရှင်ရဲ့ အဖွဲ့ဝင်တဦးကပြောပါတယ်။ အသေးစိတ်ကတော့ အဂတိကော်မရှင်ရဲ့စစ်ဆေးရေးအဖွဲ့စစ်ဆေးပြီး သတင်းထုတ်ပြန်မှပဲ သိနိုင်မယ်လို့ ကော်မရှင်အဖွဲ့ဝင်ဖြစ်တဲ့ ဦးစိုးတင့်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ စစ်ဆေးတွေ့ရှိချက်ကတော့ စစ်ဆေးတဲ့အဖွဲ့က မတင်ပြသေးတော့လေ။ အဲဒီစစ်တဲ့ အဖွဲ့ကပဲ ကော်မရှင်အစည်းအဝေးမှာ သူတို့ကအစီရင်ခံစာ တင်တယ်ဗျ။ အခုအထိတော့ မတင်သေးဘူး စစ်ဆေးဆဲပါပဲ။ သက်ဆိုင်တဲ့သူကတော့ ကျနော်တို့မကျန်အောင်တော့စစ်ရတယ်ဗျ။ အမှန်က ကျနော်တို့ဆီက တရားဝင်မထုတ်သေးဘူးဗျ။ ကျနော်တို့လုပ်ငန်းက အဲလိုလေးတွေရှိနေလို့ မထုတ်ပြန်သေးတာ၊ ထုတ်ပြန်ရင်တော့အကုန်လုံး ပေါ်မှာပေါ့လေ။”

လျှပ်စစ်စွမ်းအင် ပြည်ထောင်စုဝန်ကြီးဦးဝင်းခိုင်ကို နေအိမ်အကျယ်ချုပ်ထားပြီး စစ်ဆေးနေတယ်လို့လည်း သတင်းတွေထွက်ပေါ်နေပါတယ်။ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးအောင်ကြည်ကတော့ ဥပဒေပုဒ်မ ၂၀(ဃ)အရဆိုရင် စစ်ဆေးနေဆဲကာလမှာ သတင်းကိုလျှို့ဝှက်ထားရှိ ကြောင်းဗွီအိုအေကိုပြောပါတယ်။

လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ ဒုဝန်ကြီး ဒေါက်တာထွန်းနိုင်၊ ပြီးတော့သူတို့ဇနီးတွေဖြစ်တဲ့ ဒေါ်လှလှမူ၊ ဒေါ်သင်းသင်းမော် တို့ရဲ့ငွေစာရင်း ပြည်တွင်းဘဏ်တွေမှာအပ်ထားခြင်း ရှိ၊မရှိစုံစမ်းပေးဖို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က ဗဟိုဘဏ်ကို ဇူလိုင် ၉ရက်နေ့စွဲနဲ့ အကြောင်းကြားထားတဲ့စာ လူမှုကွန်ယက်တွေပေါ်မှာ တွေ့နေရပြီး၊ ဗဟိုဘဏ်ကလည်း ဘဏ်တွေကို ဒီကိစ္စနဲ့ပတ်သက်ပြီး အကြောင်းပြန်ကြဖို့ စာပို့ထားတယ်လို့သိရပါတယ်။ ဗဟိုဘဏ်က ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်မိုးမိုးကို ဗွီအိုအေက ဆက်သွယ်လို့မရတာကြောင့် သီးခြားအတည်ပြုလို့တော့မရသေးပါဘူး။

အခုလိုစုံစမ်းစစ်ဆေးမှုတွေဖြစ်လာတာဟာ သဘာဝဓာတ်ငွေ့ LNG ကနေ လျှပ်စစ်ထုတ်ဖို့လိုလားတဲ့ ကုမ္ပဏီတချို့ကိုတင်ဒါမခေါ်ဘဲ ဝန်ကြီးဌာန ဆုံးဖြတ်ချက်နဲ့ လုပ်ပိုင်ခွင့်ချပေးခဲ့ပြီးနောက်ပိုင်းဖြစ်ခဲ့တာပါ။ ဒီကုမ္ပဏီတွေထဲမှာ နုတ်ထွက်သွားတဲ့ အရင်စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းရဲ့ ဇနီးပါဝင်နေတဲ့ Supreme ကုမ္ပဏီလည်းပါပါတယ်။ Supreme ကုမ္ပဏီနဲ့ ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်ပိုင်တဲ့ UE Myanmar ကုမ္ပဏီဟာ ပူပေါင်းထားတယ်လို့ ကြားထားကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ မင်းကင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်က ၂၀၁၈ ဇွန်လ ၄ရက်က လွှတ်တော်မှာပြောခဲ့ပါတယ်။

မကြာသေးခင်ကလည်း လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနဟာ ပြည်သူတွေကို အရှုံးခံပေးနေရတဲ့ လျှပ်စစ်ကိုအကြောင်းပြပြီး မီတာခကို ဇူလိုင် ၁ရက်ကစပြီး တိုးကောက်မယ်လို့ ကြေညာခဲ့တဲ့အပေါ်မှာလည်း ပြည်သူတွေကြား ဝေဖန်မှုတွေရှိခဲ့တာပါ။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်အနေနဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးမှာ အစိုးရအဆင့်မြင့်တာဝန်ရှိသူတွေကို စုံစမ်းအရေးယူခဲ့တာဆိုရင်၊ တနင်္သာရီတိုင်းဝန်ကြီးချုပ်ကို ဖမ်းဆီးအရေးယူခဲ့တာ နောက်ဆုံးအကြိမ်ပါ။

ပြည်ထောင်စုအဆင့် ဝန်ကြီးတွေကိုတော့ အဂတိလိုက်စားမှုစွဲချက်နဲ့ အရေးယူခဲ့တာမျိုးမရှိသေးပါဘူး။ ရာထူးကနုတ်ထွက်သွားရတဲ့ စီမံဘဏ္ဍာဝန်ကြီးဟောင်း ဦးကျော်ဝင်းကို စုံစမ်းစစ်ဆေးခဲ့တာမျိုး ရှိပေမယ့် စွဲချက်တင်အရေးယူနိုင်ခြင်းတော့မရှိခဲ့ပါဘူး။ အခု လျှပ်စစ်စွမ်းအင်ဝန်ကြီးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးနေတယ်ဆိုတာနဲ့ပတ်သက်လို့တော့ အစိုးရဘက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာ မရှိသေးပါဘူး။

Your browser doesn’t support HTML5

လျှပ်စစ်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး အဂတိစွဲချက်နဲ့ စစ်ဆေးခံရ