ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလ တောင်းဆို

မှတ်တမ်းဓါတ်ပုံ- ဖေဖော်ဝါရီ ၂၇ ရက်နေ့က ရဲမှ ဆန္ဒပြသူများကို ဖမ်းဆီးစဉ်

(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဖမ်းဆီးထားသူ ရာနဲ့ချီပြီး ပြန်လွှတ်ပေးလိုက်ပေမဲ့ အရပ်သား အစိုးရ ခေါင်းဆောင်တွေ အပါအဝင် ဆက်လက် ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂက တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ဥပဒေမဲ့ ဖမ်းဆီးထားတဲ့ တခြားသူတွေကိုပါ ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Farhan Haq က ဗုဒ္ဓဟူးနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုလိုက်တာပါ။

ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေကို ပြန်လွှတ်ပေးလိုက်ပေမဲ့ သတင်းသမားတွေ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းက လူပုဂ္ဂိုလ်တွေ အပါအဝင် ဥပဒေမဲ့ ဆက်လက် ဖမ်းဆီးခံနေရတဲ့ လုပ်ရပ်တွေအပေါ် စိုးရိမ်ကြောင်းလည်း ပြောပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးကတော့ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီး နောက်ဆက်တွဲ ကြုံနေရတဲ့ အခြေအနေကို အနီးကပ် စောင့်ကြည့်နေကြောင်းနဲ့ လုံခြုံရေးတပ်ဖွဲ့တွေ လက်ချက်ကြောင့် အိမ်ထဲမှာ ရှိနေတဲ့ ၇ နှစ်အရွယ် ကလေးတဦး သေဆုံးခဲ့ရတဲ့အပေါ် အထူးစိတ်မကောင်းဖြစ်ရကြောင်းလည်း ပြောဆိုထားပါတယ်။ ရှေ့သီတင်းပတ်ထဲ မြန်မာနိုင်ငံမှာ တပ်မတော်နေ့ ကျရောက်တော့မယ့် အချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဆက်လက် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် တာဝန်ခံမှုရှိဖို့ လိုအပ်ကြောင်းလည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရက ထုတ်ပြန်ချက်မှာ ပြောဆိုခဲ့တာပါ။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်နဲ့ အထူးကိုယ်စားလှယ်တို့ဟာလည်း မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ် ပြန်လည်ပေါ်ထွန်းရေး နိုင်ငံတကာရဲ့ အကူအညီနဲ့ ဆက်လက် ကြိုးပမ်းနေကြောင်းလည်း ပြောဆိုထားပါတယ်။

Your browser doesn’t support HTML5

ဖမ်းဆီးထားသူတွေ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလ တောင်းဆို


..............


(Unicode)





