ပိုးလမ်းမသစ်လို့ ရည်ညွှန်းတဲ့ OBOR ခါးပတ်တကွင်းလမ်းတစင်းစီမံကိန်း ဒုတိယအကြိမ် နိုင်ငံတကာဖော်ရမ်ကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်သွားရောက်ဖို့ ရှိနေပါတယ်။ တရုတ်နိုင်ငံဦးဆောင်တဲ့ ဒီစီမံကိန်းမှာ မြန်မာနိုင်ငံပါဝင်ဖို့ဆိုရင်တော့ မြန်မာနိုင်ငံတိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းတည်ငြိမ်မှု ရှိဖို့လိုသလို၊ အဲဒီအတွက် ဗဟိုအစိုးရနဲ့ ပြည်နယ်တွေအကြား နိုင်ငံရေးအရ သာတူညီမျှမှု တည်ဆောက်ဖို့ ကနဦးလိုအပ်မယ်လို့ နိုင်ငံရေးလေ့လာသူအချို့က ရှုမြင်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုဇော်ထက် ရန်ကုန်ကနေ မေးမြန်းပေးပို့ထားပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ ဧပြီလကုန် တရုတ်နိုင်ငံ ဘေကျင်းမှာလုပ်မယ့် OBOR ပိုးလမ်းမ စီမံကိန်း စီးပွားရေးဖိုရမ်ကို သွားဖို့ရှိပြီး အဲဒီမှာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်လို့ရမယ့် စီမံကိန်းကြီးတွေကိုဆွေးနွေးကြဖို့ရှိပါတယ်။ တရုတ်ဟာ မြန်မာပြည်တွင်းမှာ ရပ်နားထားတဲ့ သူရဲ့ စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး ဒီဖိုရမ်မှာ ဆွေးနွေးသွားဖို့လည်းရှိနေတယ်ဆိုပြီး ခန့်မှန်းနေကြတာလည်းရှိပါတယ်။
တရုတ်ပိုးလမ်းမသစ်စီမံကိန်းအရဆိုရင်တော့ တရုတ်-မြန်မာ-အိန္ဒိယ-ဘင်္ဂလားဒေ့ရှ်ကိုဆက်သွယ်ထားတဲ့ ကုန်သွယ်ရေးလမ်းကြောင်းရှိသလို မြန်မာပြည်တွင်းကိုဖြတ်ပြီး ကူမင်း-မန္တလေး-ကျောက်ဖြူနဲ့ရန်ကုန်ကို ဆက်သွယ်မယ့်လမ်းကြောင်းကိုလည်း အကောင်အထည်ဖော်ဖို့ လည်းရှိနေတာပါ။
ဒီကုန်သွယ်ရေးလမ်းကြောင်းမှာ ရခိုင်ဒေသနဲ့ ရှမ်းမြောက်ပါဝင်နေသလို ကချင်ပြည်နယ်က ကွန်ရက်လမ်းကြောင်းရဲ့အချက်အချာနေရာလိုဖြစ်နေတဲ့ အတွက် ဒီဒေသတွေမှာ အရင်ဆုံးငြိမ်းချမ်းရေးရဖို့နဲ့ နိုင်ငံရေးနည်းလမ်းနဲ့ အဖြေရှာဖို့အရေးကြီးတယ်လို့ နိုင်ငံရေးလေ့လာသူတွေကသုံးသပ်ပါတယ်။ နှစ်အနည်းငယ်အတွင်းမှာ OBOR အကောင်အထည်ဖော်ဖို့ဆိုရင် နိုင်ငံရေး သာတူညီမျှရှိဖို့ အဓိကကျကြောင်း ကချင်အမျိုးသား ကွန်ဂရက်ပါတီ KNC ဥက္ကဋ္ဌ ဒေါက်တာအမ်ကော်န်လ က ပြောပါတယ်။
“ဒီစီမံကိန်းတွေက ပွင့်ပွင့်လင်းလင်းပြောရင်တော့ လက်နက်ကိုင်တော်လှန်ရေးတွေရှိနေရင်တော့ အထိုက်အလျှောက်တော့အဆင်မပြေဘူး။ အဓိကအဖြေက နိုင်ငံရေးရလဒ်အဖြေဖြစ်တယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ကျနော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို တကယ်တည်ဆောက်လိုတယ်ဆိုရင် နိုင်ငံရေး ပြေလည်မှုကို ဦးစားပေးပြီးတော့မှ တည်ဆောက်မှရမယ်။ မြန်မာ့တပ်မတော်ရဲ့ cover လုပ်ထားတဲ့ အနေအထားနဲ့ ရအောင် ဆောင်ရွက်မယ် ဆိုရင်တော့ သိပ်အဆင်မပြေနိုင်ဘူးလို့ ကျနော်မြင်တယ်။ တနေ့နေ့တချိန်ချိန်မှာ အကြီးအကျယ် မိုင်းခွဲတာတွေ၊ ပစ်ခတ်မှုတွေဖြစ်လာရင် အနှောက် အယှက်တွေဖြစ်လာမယ်လေ။ နိုင်ငံရေးဋိပက္ခရဲ့အဖြေက မျှတမှုပဲ၊ ဒေသခံ indigenous people ရဲ့ political rights ကိုအကောင်အထည် ဖော်မလဲ ဆိုတဲ့သူတို့ရဲ့ ရည်မှန်းချက်က ဒီစီမံကိန်းရဲ့ အသက်တွေ ဖြစ်လာမယ်လို့ ကျနော်ယူဆတယ်။”
ပြည်ထောင်စ ုရန်ပုံငွေကနေ ပြည်နယ်နဲ့တိုင်း ဘက်ဂျက်ငွေမျှတအောင်ခွဲတမ်းချမှုကို လက်ရှိအာဏာရ NLD အစိုးရအနေနဲ့ ဘယ်လောက်ဖြေလျှော့ နိုင်မလဲ၊ ပြီးတော့ အခြေခံဥပဒေပုဒ်မ ၂၆၁ အရ အာဏာခွဲမှုပုံစံကို သာတူညီမျှ ဘယ်လိုခွဲဝေကြမလဲဆိုတဲ့အပေါ်မှာလည်းစီးပွားရေး စီမံကိန်းတွေအတွက် အရေးပါတဲ့ အချက်တွေ ဖြစ်တယ်လို့ ဒေါက်တာအမ်ကော်န်လ က ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ ရင်းနှီးမြှပ်နှံမှုတွေကို အင်တိုက်အားတိုက်ဖော်ဆောင်ဖို့ ပြင်ဆင်ဆောင်ရွက်နေတဲ့ တပြိုင်နက်တည်းမှာပဲ အစိုးရရော၊ လွှတ်တော်၊ တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ တိုင်းရင်းသားဒေသကအရပ်ဘက် အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံညှိနှိုင်း ဆွေးနွေးနိုင်ဖို့ အရေးကြီးတယ်လို့ နိုင်ငံရေးလေ့လာသူ ဒေါက်တာရန်မျိုးသိမ်းက ပြောပါတယ်။
“အဲဒီလို တွေ့ဆုံညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ နိုင်ငံရေးပြဿနာ၊ ငြိမ်းချမ်းရေးစိမ်ခေါ်မှုတွေ အပြင် လက်ရှိ တရုတ်နိုင်ငံနဲ့လုပ်မယ့် စီမံကိန်းတွေနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပွင့်လင်းမြင်သာစွာနဲ့ ချပြပြီးတော့ ညှိနှိုင်းဆွေးနွေးဖော်ဆောင်နိုင်ဖို့ အရေးကြီးတယ်လို့ မြင်ပါတယ်။ အဲဒီလို မဟုတ်ဘူးဆိုရင် OBOR စီမံကိန်း၊ တရုတ်- မြန်မာစီးပွားရေး စင်္ကြန် စီမံကိန်းကို အကြောင်းပြုပြီးတော့ လာမယ့်နှစ်တွေအတွင်းမှာ နိုင်ငံရေးအရရော ငြိမ်းချမ်းရေးအရရော စီးပွားရေးအရရော ရှုပ်ထွေးမှုတွေ၊ စိတ်တိုင်းမကျမှုတွေ၊ အပြစ်တင်စရာတွေပိုများလာမှာကို စိုးရိမ်စရာရှိပါတယ်။”
နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာနိုင်ငံကဖွဲ့တဲ့ OBOR အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ဥက္ကဋ္ဌဖြစ်ပါတယ်။ အခုသူ့ရဲ့ ဧပြီလခရီးစဉ်မှာ (၁)ချည်မျှင်နဲ့အထည် (၂) လျှပ်စစ်နဲ့ လမ်းပန်းဆက်သွယ်ရေး (၃)လယ်ယာ စတဲ့နယ်ပယ်သုံးခုကို မြန်မာဘက်က အဆိုပြုဖို့ရှိပါတယ်။ ဒါပေမဲ့ ဒီဖိုရမ်မှာ တရုတ်ဘက်ကလည်း တချို့ စီးပွားရေးစီမံကိန်းတွေကို သူ့ဘက်က အဆိုပြုနိုင်တာကြောင့်၊ ဒါကို မြန်မာဖက်က ဆုံးဖြတ်ရဖို့ရှိနေပါတယ်။
၂၀၁၇ တရုတ်၊ ပေကျင်းမှာလုပ်ခဲ့တဲ့ ပထမအကြိမ် ပိုးလမ်းမသစ်ဖိုရမ်ကိုလည်း နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ခဲ့ပြီး စီးပွားရေးနဲ့ နည်းပညာပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာ-တရုတ်နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်တည်ဆောက်ရေး၊ စီးပွားရေးပိုးလမ်းမ ရပ်ဝန်းတခုနဲ့ ၂၁ရာစုရေကြောင်း ပိုးလမ်းမရပ်ဝန်းတခု စတင်ခြင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး၊ ကျန်းမာရေးကဏ္ဍပူးပေါင်းဆောင်ရွက်ရေး၊ ငလျှင်အလွန် ပုဂံသမိုင်းဝင် အဆောက်အဦးတွေ ပြုပြင်ထိန်းသိမ်းရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး စတဲ့ ကဏ္ဍငါးခုမှာ နားလည်မှုစာချုပ် ချုပ်ဆိုခဲ့ပါတယ်။
တရုတ်ဖော်ဆောင်နေတဲ့ OBOR စီမံကိန်းက အာရှ၊ ဥရောပနဲ့ အာဖရိက တိုက်သုံးခုကိုဆက်သွယ်မယ့် ရပ်ဝန်းတခု၊ လမ်းကြောင်းတစ်ခုလို့လည်း ပြောလို့ ရနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဒီ စီးပွားရေးစီမံကိန်းမှာ ပါဝင်လိုကြောင်း သမ္မတဟောင်း ဦးထင်ကျော်ရဲ့ ၂၀၁၇ တရုတ်ပြည်ချစ်ကြည်ရေး ခရီးစဉ်မှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ လက်ရှိမှာ ပြည်တွင်းပဋိပက္ခတွေ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက် ထွက်ပြေးတိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာ မွတ်စလင်တွေရဲ့ အရေးကိစ္စတွေနဲ့ ပတ်သတ်ပြီး အနောက်အုပ်စုနဲ့ ဆက်ဆံရေး အေးစက်နေတဲ့အချိန်မှာ၊ တရုတ်နဲ့ ပိုနီးနီးကပ်ကပ်ဆက်ဆံဖို့ တရုတ်ရဲ့ OBOR စီမံကိန်းမှာပါဝင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်နိုင်တယ်လို့လည်း နိုင်ငံရေးလေ့လာသူတချို့ကသုံးသပ်ပါတယ်။
Your browser doesn’t support HTML5