လူသေစေတဲ့ တိရိစ္ဆာန်ဗိုင်းရပ် ကာကွယ်ရေး

မှတ်တမ်းဓာတ်ပုံ - ၂၀၁၇ ခုနှစ်က Swine Flu ဗိုင်းရပ်စ် ကာကွယ်တဲ့ အနေနဲ့ ရန်ကုန်က အများပြည်သူကြား Masks တွေ ဝတ်ဆင်ခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာ A- H1N1 pdm09 အမျိုးအစား တုပ်ကွေးရောဂါပိုးရှိနေတဲ့ သံသယရှိသူပေါင်း ၁၀ ဦးရှိနေပြီး ရန်ကုန်တိုင်းအတွင်းမှာ ၄ ဦး သေဆုံးခဲ့ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန အသိပညာမြှင့်တင်ရေးဦးစီးဌာနက ဇွန်လ (၁၉) ရက်နေ့က အတိပြုပြောကြားခဲ့ပါတယ်။

ဒီဗိုင်းရပ်ပိုးကို ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံမှာ စတင်တွေ့ရှိခဲ့ပြီး အခု ၂၀၁၉ မှာ တကျော့ပြန် ကူးစက်လာတဲ့ အခြေအနေနဲ့ ပတ်သက်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီက အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာဆရာဝန်ကြီး တဦးကို မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းရာမှာ သူရဲ့ အမြင်ကို အခုလိုစပြောပါတယ်။

“ကျန်းမာရေးဝန်ကြီးဌာနက သူ့အချိန်နဲ့ သူ ထိရောက်တဲ့ လိုအပ်တာတွေကို လုပ်ဆောင်နေတယ်။ ထိုနည်းတူစွာပဲ မြန်မာနိုင်ငံမှာရှိတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးနဲ့ တိုင်ပင်ပြီးလုပ်နေတယ်။ လိုအပ်လို့ရှိရင် အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးကို သူတို့ အကြောင်းကြားပါလိမ့်မယ်။ အခုဟာက ရာသီ flu ရယ်၊ H1N1 A အဲဒါကလည်း cyclically ဖြစ်နေတာ၊ ၂၀၁၇ခုနှစ်ကလည်း တခေါက်ဖြစ်တယ်၊ အခု ၂၀၁၉ခုနှစ်မှာ ဖြစ်တယ်။ ပြည်သူလူထုအနေနဲ့ သတိပေးထုတ်ပြန်ချက်တွေကို လိုက်နာရမှာပေါ့။ ဖြစ်လာလို့ ဆေးရုံးမှာ ကုသတာကတော့ ကျန်းမာရေးဝန်ကြီးဌာန အနေနဲ့ တာဝန်ယူပြီးတော့ တတ်ကျွမ်းတဲ့ သူတွေနဲ့ လုပ်ရမှာပေါ့။ အရေးကြီးဆုံးကတော့ ရောဂါကာကွယ်ဖို့အတွက် တကိုယ်ရေသန့်ရှင်းဖို့၊ နှာခေါင်းစည်း mask တွေအုပ်ထားဖို့၊ လူတွေသိပ်များတဲ့နေရာ သိပ်မသွားဖို့၊ လက်ကို ခဏခဏဆေးတာ၊ တုပ်ကွေးရောဂါဖြစ်လို့ နှစ်ရက်နဲ့အထက် နေပြန်ကောင်းမလာဘူးဆိုရင် နီးစပ်တဲ့ဆေးရုံ၊ ဆေးခန်းတွေမှာ အချိန်မီ သွားရောက်ကုသဖို့ ပညာပေးလုပ်ငန်းတွေကို မြန်မာနိုင်ငံက တာဝန်ရှိသူတွေ လုပ်ဆောင်နေတာ ကျနော်တို့ တွေ့ရပါတယ်။”

အင်ကြင်းနိုင်။ ။ H1N1 တုပ်ကွေးရောဂါပိုးတွေ တွေ့တဲ့နိုင်ငံတွေနဲ့ ပတ်သက်ပြီးတော့ WHO အနေနဲ့ ဘာတွေဆောင်ရွက်ပေးလဲရှင့်။

မြန်မာဆရာဝန် ။ ။ ကျနော်တို့စီမှာ technical guide line (သတ်မှတ်ထားတဲ့နည်းနာ) တွေရှိတယ်။ လိုအပ်တဲ့ ပညာပေး လုပ်ငန်းတွေရှိတယ်။ ပြီးတော့ နိုင်ငံအတွက် လိုအပ်မယ့်အကူအညီတွေ… နိုင်ငံတွေကတော့ ကိုယ့်ဘာသာကိုယ် ဆောင်ရွက်နိုင်တဲ့ အခြေအနေရှိပါတယ်။ ဆိုလိုတာက Ebola လို အကြီးအကျယ် ကပ်ဘေးကျရောက်တဲ့ အဆင့်မျိုးလိုဆိုရင် ကျနော်တို့ team တွေလွှတ်ပြီး ပံ့ပိုးတာတွေရှိပါတယ်။ ဒီလို H1N1 ဖြစ်တာကျတော့ ရောဂါအသစ်မဟုတ်တော့ တိုင်းပြည်တွေအနေနဲ့ လုပ်နိုင်ပြီဆိုရင် ကျနော်တို့အနေနဲ့ ထပ်ပြီး ပေးစရာကတော့ တတ်ကျွမ်းမှုပညာနဲ့ အကြံပေးတာလောက်ပဲ ရှိတာပေါ့။ လူတွေသွားရောက် ကူညီတဲ့ အဆင့်က ကြီးကျယ်တဲ့ ကူးစက်ရောဂါအဆင့်မျိုး ဆိုရင် ကျနော်တို့အနေနဲ့နိုင်ငံတကာ အကူအညီတွေ အကုန်လုံးခေါ်ပြီး သွားရောက်ကူညီတာရှိပါတယ်။

အင်ကြင်းနိုင် ။ ။ အခုဟာက A- H1N1 pdm09 ဆိုတာက ဝက်တုပ်ကွေးနှစ်မျိုး၊ ကြက်တုပ်ကွေးတမျိုး၊ လူတုပ်ကွေးတမျိုး လေးမျိုးပေါင်း ဗိုင်းရပ်စ်လို့ မြန်မာပြည်မှာ သိထားကြတော့ လူတယောက်ကနေ တယောက်ကို ကူးစက်ရင် ပြင်းထန်ရင် သေနိုင်တယ်ဆိုတာမျိုး ပြောနေကြတော့ ဒီအပေါ်မှာ ဆရာ ဘယ်လိုမြင်လဲရှင့်။

မြန်မာဆရာဝန် ။။ A- H1N1 pdm09 ဆိုတဲ့ ဗိုင်းရပ်ပိုးကူးတာက နှာခေါင်းကနေ နှာချေးလိုက်ရင် တဖက်လူကို (၆) ပေ လောက်အတွင်း ကူးနိုင်တာပေါ့။ လူတွေနဲ့ တယောက်နဲ့တယောက် ရောဂါကူးတယ်ဆိုရင် အသက်သိပ်ကြီးသူ၊ အသက်အရမ်းငယ်တဲ့သူ၊ အဆုပ်ရောဂါ အခံရှိတဲ့သူတွေဆိုရင် ခံနိုင်ရည် ပိုပြီး နည်းသွားတာပေါ့။ အဲတော့ ဒါမျိုးလူတွေမှာ မဖြစ်ဖို့ ကာကွယ်ရေး အပိုင်းကို ပိုပြီးလုပ်ရမှာပေါ့။ နှာခေါင်းကို အုပ်ထားတာတို့၊ လက်ကို ခဏခဏဆေးတာတို့၊ လူသိပ်များတဲ့နေရာကို မသွားတာတို့ လုပ်ရမှာပေါ့။

အင်ကြင်းနိုင် ။ ။ ဒီဗိုင်းရပ်စ် ရောဂါပိုးတွေ့တဲ့ ဒေသတွေက ကျေးလက်ပိုင်းတွေမှာ အများစုတွေ့ရတော့ဆိုတော့ နေရာဒေသအလိုက် ဒီပိုးကူးစက်မှု အခြေအနေ ဘယ်လိုရှိလဲဆရာ။

မြန်မာဆရာဝန် ။ ။ ရောဂါပိုးကတော့ ရန်ကုန်မြို့ဖြစ်ဖြစ်၊ ကျေးလက်ဒေသဖြစ်ဖြစ် ဒီကူးစက်တဲ့ပုံကတော့ ဒီအတိုင်းပဲသွားမှာပဲ။ ဒါက ဗိုင်းရပ်စ်ပိုး ဆိုတော့လေ။ ခုန ကျနော်ပြောတဲ့ ကာကွယ်နည်းလမ်းတွေကို သုံးထားလို့ရှိရင် ဘယ်နေရာမှာဖြစ်ဖြစ် ကာကွယ်လို့ရပါတယ်။ ပိုပြီးတော့ ကျန်းမာရေး အသိပညာကို ရယူပြီးတော့ စနစ်အတိုင်းလုပ်သွားမယ်ဆိုရင် ဒီပြဿနာက အတော်လေးကို လျော့သွားမှာပါ။ ဒါတင်မက ဓါတ်ခွဲအနေနဲ့ သေချာအောင် ထပ်ပြီး ကြည့်ဖို့လည်း လိုပါတယ်။ ရိုးရိုးတုပ်ကွေးလား၊ H1N1 လားဆိုတာ သေချာအောင် ဓါတ်ခွဲစမ်းသပ်ကြည့်ဖို့လည်း လိုပါတယ်။

Your browser doesn’t support HTML5

လူသေစေတဲ့ တိရိစ္ဆာန်ဗိုင်းရပ် ကာကွယ်ရေး