(zawgyi/Unicode)
လက်ရှိ မြန်မာပြည်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရပ်တန့် နေရတာဟာ ဒုတိယပင်လုံဆိုတဲ့ စကားလုံးကြောင့်ဖြစ်ကြောင်း အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဝေဖန်လိုက် ပါတယ်။
ဒါ့အပြင် အရင်အစိုးရ လက်ထက်က ပင်လုံမူ၊ ပင်လုံကတိကဝတ်ကို မကိုင်တွယ်ခဲ့ဘဲ ပင်လုံစိတ်ဓါတ်ကိုသာ ကိုင်စွဲခဲ့တာ ဖြစ်ပြီး လက်ရှိ တစ်ဆို့မှု တွေကို ဖြေရှင်းဖို့ဆိုရင် နှစ်ဘက်အကြား အပေးအယူမျှတဖို့နဲ့ မကြာခန တွေ့ဆုံဆွေးနွေးဖို့ လိုတယ်လို့ လည်း ထောက်ပြ လိုက်ပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထား ပါတယ်။
သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို ဦးဆောင် အကောင်အထည် ဖော်ခဲ့တဲ့ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာနရဲ့ အငြိမ်းစား ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ပြည်ထောင်စုအင်စတီကျူရဲ့ စာအုပ်မိတ်ဆက်ပွဲ အခမ်းအနား အဖွင့်အမှာစကားမှာ ထည့်သွင်း ပြောဆိုတာ ဖြစ်ပါတယ်။
“ ပင်လုံမှာ ပင်လုံမူ၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံကတိကဝတ်ဆိုပြီး ၃ခုရှိတာပေါ့။ ပင်လုံနဲ့ပတ်သက်ပြီးတော့၊ သူတို့ ပင်လုံမူကို မကိုင်ဘူးဗျ။ ပင်လုံကတိကဝတ်ကို ကျနော်တို့ မကိုင်ဘူးဗျ။ ပင်လုံစိတ်ဓါတ်တစ်ခုပဲ ကိုင်တယ်။ ပင်လုံစိတ်ဓါတ်ဆိုတာ အားလုံးပေါင်းပြီးတော့မှ Reconciliation သွားတဲ့ဥစ္စာလေ။ ဒါကြောင့် ကျနော်တို့က ပင်လုံနဲ့ပတ်သက်ပြီး ပင်လုံမူ၊ ပင်လုံကတိကဝတ်ကို မကိုင်ခဲ့ဘူး။ အဲတော့ အခုဘာဖြစ်လဲ ဒုတိယပင်လုံဆိုပြီး သွားကိုင်တဲ့အခါကျ ခွဲထွက်ခွင့်တွေက တစ်ခါတည်း တောင်းဆိုလာတယ်။ အဲတော့ ခွဲထွက်ခွင့်ကို တပ်မတော်ကနေ ခွဲထွက်ခွင့်မပြုရဆိုတဲ့ စာချုပ်ကို တစ်ချက်ထည့်မယ်ဆိုတော့ စာချုပ်တွေက အကုန်လုံး Block ဖြစ်ကုန်ရော။ ဒါကြောင့်မို့ စကားတစ်လုံးသုံးတဲ့အခါမှာ သိပ်သတိထားဖို့ လိုအပ်တယ် ဆိုတာကို ကျနော် ဒီမှာ ပြောချင်တယ်။ ”
ဦးအောင်မင်းက အခုလို ပြောဆိုလိုက်တဲ့အချိန်ဟာ တစ်နှစ်ကျော်ကြာရပ်တန့်နေခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ရာစုပင်လုံအစည်းအဝေးကို ပြန်လည်စတင်ဖို့ ပြင်ဆင်နေချိန်လည်း ဖြစ်ပါတယ်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက်လည်း ဦးအောင်မင်းက သူ့အမြင်ကို အခုလို ပြောပါတယ်။
“ ဆွေးနွေးပွဲမှာ နှစ်ဘက်က ကိုယ်လိုချင်တာချည်းပဲ အတင်းတောင်းနေလို့တော့ မရဘူး။ ကျနော်အလုပ်တစ်ခုလုပ်တဲ့အခါ ကိုယ်က ရကောင်းစေဆိုတဲ့စိတ် ဘယ်တော့မှ မထားဘူး။ အဲလို မျှမျှတတစဉ်းစားပြီးတော့ အပေးအယူနဲ့လုပ်ခဲ့တဲ့အတွက် ဒီလောက်ထိ ရှေ့ရောက်လာတာပဲ။ အခုလည်း ဒီပုံစံအတိုင်းပဲ လုပ်ရမှာ။ တစ်ခုတည်းကို ဆုပ်ကိုင်ပြီးလုပ်လို့ကတော့ တစ်သက်လုံးမပြီးဘူး။ အဲတော့ တစ်ခုတည်းသောတပ်မတော်၊ ဒီကိစ္စ အခုဖြစ်နေတာက။ အဲတော့ ခွဲထွက်ရေးဆိုတဲ့ကိစ္စ၊ ဒါတွေကိုလည်း အတတ်နိုင်ဆုံးတော့ လျှော့ချနိုင်အောင်တော့ ကျနော်တို့လည်း ဝိုင်းဝန်းတိုက်တွန်းတာပဲ။ ကျော်ဖြတ်တာတော့ အမြဲတမ်းတွေ့ဆုံဆွေးနွေးရမှာပဲ။ ကိုယ်လိုချင်တာတစ်ခုတည်းတော့ ရအောင်ယူလို့ မရဘူး။ နှစ်ဘက်မျှယူရမှာပဲ။”
ပြည်ထောင်စုအင်စတိကျူအဖွဲ့ရဲ့ သုတေသန ဒါရိုက်တာ ဒေါက်တာစိုင်းဦးကတော့ ပင်လုံစာချုပ်၊ ပင်လုံစိတ်ဓါတ်၊ ပင်လုံကတိကဝတ် ဆိုတဲ့ စကားလုံးအပေါ်မှာ အဓိပ္ပါယ်ဖွင့်ရင်းနဲ့ လိုရင်းမရောက်ဘဲဖြစ်နေကြောင်းနဲ့တကယ်တမ်း ပင်လုံရဲ့ ပင်လုံရဲ့ အဓိက ရည်ရွယ်ချက်ဟာ တန်းတူညီမျှမှုဖြစ်ကြောင်း ပြောပါတယ်။
အခမ်းအနားအဖွင့်အမှာစကားကို ရှမ်းတိုင်းရင်းသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဌ ဦးစိုင်းညွှန်လွင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ မှေးမှိန်နေကြောင်း ထောက်ပြပါတယ်။
“ ကျနော်တို့ ငြိမ်းချမ်းရေးလုပ်တဲ့အခါမှာ အခုလောလောဆည်မှာတော့ ငြိမ်းချမ်းရေးမဏ္ဍိုင်ကဒီ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ တပ်မတော်လုပ်တဲ့ ငြိမ်းချမ်းရေးက ရှေ့တန်းရောက်နေတယ်။ ခုနက ပြောသလိုပေါ့။ နယ်မြေတွေ မငြိမ်းချမ်းသေးဘူး။ နယ်မြေတွေ ငြိမ်းချမ်းအောင် စသည်ဖြင့် ပြောပါတယ်။ တကယ့် တကယ်တော့ ဒီနေ့မှာ နိုင်ငံရေးပါတီတွေရဲ့ အခန်းကဏ္ဍဟာ ရှေ့မှာ မရှိပါဘူး။ ဘေးမှာပဲ ရှိနေတုံးပါပဲ။”
ဆက်လက်ပြီး ဦးစိုင်းညွှန်လွင် ဒီကနေ့ ထုတ်ဝေတဲ့ “ အမျိုးသားလွှတ်တော်အခန်းကဏ္ဍနဲ့ ဖက်ဒရယ်အိမ်မက်” နဲ့ “တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် သူတို့၏ လောကအမြင်” ဆိုတဲ့ စာအုပ်တွေအပေါ်မှာ အလေးထားသုံးသပ်တင်ပြခဲ့ပါတယ်။
ဒီနေ့ အခမ်းအနားမှာ ပြည်ထောင်စုအင်စတိကျူက ထုတ်ဝေလိုက်တဲ့ စာအုပ် ၂အုပ်နဲ့ပတ်သက်ပြီး ဆွေးနွေးတာ၊ မေးမြန်းတာနဲ့ အကြံပြုတာတွေကိုလည်း ဆောင်ရွက်ခဲ့ပါတယ်။
..........................
Your browser doesn’t support HTML5
(Unicode)