ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ဆန္ဒပြ

ကလေးမြို့မှာ ပြုလုပ်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့် အထိမ်းအမှတ် ချီတက်ဆန္ဒပြပွဲ။ (စက်တင်ဘာ ၂၅၊ ၂၀၂၁။ ဓာတ်ပုံ - CJ)

(Zawgyi / Unicode)

ဒီကနေ့ဟာ ၂၀၀၇ ခုနှစ်က သံဃာတော်တွေ ဦးဆောင်လှုပ်ရှားခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ် ပြည့်မြောက်တဲ့နေ့ဖြစ်ပြီး မန္တလေးက လမ်းမကြီးပေါ်မှာ သံဃာတော်တွေနဲ့ အများပြည်သူ ပူးပေါင်းပြီး စုဝေး ဆန္ဒပြခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာလည်း လူငယ်တချို့ စုပေါင်းပြီး စမ်းချောင်းသပိတ်စစ်ကြောင်းနဲ့ ဆန္ဒပြခဲ့သလို တက်ကြွလှုပ်ရှား ရန်ကုန်အမျိုးသမီးများအဖွဲ့နဲ့ တကသ ကျောင်းသူဟောင်းတွေ ပူးပေါင်းပြီး “စနစ်ဆိုးကို အမြစ်ချိုးမယ့် သူပုန်အမျိုးသမီးသပိတ်” ဆိုတဲ့ခေါင်းစဉ်နဲ့ စစ်အာဏာသိမ်းမှုကို ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

စမ်းချောင်း၊ မြေနီကုန်းအရပ်မှာတော့ ဒီကနေ့မနက်အစောပိုင်း ၁ နာရီကျော်က ပစ်ခတ်သံတချို့ ကြားခဲ့ရပြီး သေဆုံးတာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ထားပေမယ့် အဖြစ်အပျက် အသေးစိတ်ကို မသိရသေးပါဘူး။

စစ်ကိုင်းတိုင်းက ကလေးမြို့မှာ ရွှေဝါရောင်တော်လှန်ရေး ၁၄ နှစ်ပြည့် အထိမ်းအမှတ်နဲ့အတူ ရက်ပေါင်း ၂၃၀ မြောက် ချီတက်ဆန္ဒပြခဲ့ကြသလို ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြောက်ခြမ်းနဲ့ ယင်းမာပင်အရှေ့ခြမ်း ရွာပေါင်းစုံသပိတ် ၁၉၉ ရက်မြောက် ဆန္ဒပြပွဲ၊ ရွှေဘိုမြို့ ဆန္ဒပြပွဲတွေ ရှိခဲ့ပါတယ်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံမှာ မြို့နယ်လုံးဆိုင်ရာ အခြေခံပညာ ကျောင်းသားကျောင်းသူတွေရဲ့ သပိတ်စစ်ကြောင်းနဲ့ စစ်အာဏာသိမ်းမှုကို ချီတက်ဆန္ဒပြခဲ့ကြပြီး မွန်ပြည်နယ်၊ ပေါင်မြို့မှာလည်း ဆန္ဒပြခဲ့ပါတယ်။

ငြိမ်းချမ်းတဲ့ ဆန္ဒပြပွဲတွေကို စစ်တပ်နဲ့ ရဲက အကြမ်းဖက် ပစ်ခတ် ဖြိုခွဲတာတွေ ဆက်လုပ်နေတဲ့ကြားမှာပဲ ဒေသတချို့မှာ အခုလို ဆန္ဒပြပွဲတွေ ဆက်ရှိနေတာပါ။

အာဏာသိမ်းခဲ့တဲ့နေ့ကနေ ဒီကနေ့အထိဆိုရင် စစ်တပ်နဲ့ ရဲက ပစ်ခတ်ဖြိုခွဲတာ၊ ဖမ်းဆီးထားချိန်အတွင်း သေဆုံးတာ စတာတွေကြောင့် သေဆုံးသူ ၁,၁၂၅ ယောက်ထက်မနည်း ရှိပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီကတော့ ဒီအရေအတွက်ဟာ လုပ်ကြံချဲ့ကားထားတာဖြစ်ပြီး အဲဒီလောက်မများဘူးလို့ တုံ့ပြန်ထားပါတယ်။

AAPP ကထုတ်ပြန်တဲ့ စာရင်းအရ ဒီနေ့အထိ ဖမ်းဆီးခံရသူ အရေအတွက် ၆,၈၀၃ ယောက်ရှိပြီဖြစ်ပြီး ၂၉၃ ယောက် ပြစ်ဒဏ်ချမှတ်ခံထားရပြီးတော့ အဲဒီထဲမှာ ကလေးအရွယ်နှစ်ဦး အပါအဝင် ၂၆ ယောက်က သေဒဏ် ချမှတ်ခံထားရပါတယ်။

Your browser doesn’t support HTML5

ရွှေဝါရောင်လှုပ်ရှားမှု နှစ်ပတ်လည် ဆန္ဒပြ

------------------------

(Unicode)








