နိုင်ငံတော်အတိုင်ပင်ခံ နီပေါ ကို မကြာမီ သွားမည်

၂၀၁၄ ခုနှစ် ဇွန် ၁၃ နေ့က နီပေါနိုင်ငံကို ဒေါ်အောင်ဆန်းစုကြည်သွားရောက်

မြန်မာနိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှ-ပစိဖိတ် ထိပ်သီးစည်းဝေးပွဲ ၂၀၁၈ အခမ်းအနားကို တက်ဖို့အတွက် နီပေါနိုင်ငံ၊ ခတ္တမန္ဓူမြို့ကို မကြာခင် တရားဝင် သွားရောက်မယ်လို့ နိုင်ငံခြားရေးဌာနက တနင်္လာနေ့မှာ ကြေညာပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ နီပေါဝန်ကြီးချုပ် K.P. Sharma Oli ရဲ့ ဖိတ်ကြားချက်အရ သွားရောက်မှာ ဖြစ်ပါတယ်။

အတိုက်အခံခေါင်းဆောင်တဦးအနေနဲ့ ၂၀၁၄ ခုနှစ်၊ ဇွန်လအတွင်းက သွားရောက်ပြီးတဲ့နောက် နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အဖြစ်နဲ့ ပထမဆုံးအကြိမ် နီပေါနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

အခုကျင်းပမယ့် အာရှ-ပစိဖိတ် ထိပ်သီးစည်းဝေးပွဲရဲ့ ဦးစားပေးမှုကတော့ - လွတ်လပ်တဲ့ အချုပ်အခြာအာဏာပိုင်ဆိုင်မှု၊ နှစ်ဘက်အကျိုးတူ ဖွံ့ဖြိုးတိုးတက်မှုနဲ့ နိုင်ငံတကာစံထားချက်စတဲ့ အရေးကြီးတဲ့ အကဲစမ်းမှုတွေကို အဓိကထား ဆွေးနွေးကြဖို့ ဖြစ်ပါတယ်။

ဒီ ထိပ်သီးစည်းဝေးပွဲကို နိုင်ငံတကာအစိုးရတွေက အကြီးအကဲတွေ၊ လွှတ်တော်အမတ်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ အာရှ ပစိဖိတ် ဒေသအတွင်းက အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ တက်ရောက်ကြမှာဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့ ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးရေး အစီအစဉ် ၂၀၃၀ စီမံကိန်းကို အကောက်အကူ ပြုစေမယ့် ရာသီဥတုပြောင်းလဲမှု၊ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေး၊ ကောင်းမွန်သော အုပ်ချုပ်ရေးစံနစ်၊ ပဋိပက္ခဖြေရှင်းရေးတို့အပြင် ထိမ်းမြားလက်ထပ်ခြင်းနဲ့ မိသားစုဘ၀ တောင့်တင်းခိုင်မာရေး စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက နီပေါနိုင်ငံမှာ ကျင်းပခဲ့တဲ့ ဘင်္ဂလားပင်လယ်ကွေ့နိုင်ငံများ နည်းပညာ ကဏ္ဍစုံနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ BIMSTEC ထိပ်သီးစည်းဝေးပွဲကို သမ္မတ ဦးဝင်းမြင့် တက်ရောက်ခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည် နီပေါနိုင်ငံကို သွားရောက်မှာ ဖြစ်ပါတယ်။

Your browser doesn’t support HTML5

နိုင်ငံတော်အတိုင်ပင်ခံ နီပေါ ကို မကြာမီ သွားမည်