(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ လက်ရှိမှာလည်း တိုက်ပွဲတွေဆက်လက် ဖြစ်ပွားနေဆဲဖြစ်တဲ့အတွက် အရပ်သားသေဆုံးမှုတွေနဲ့ ပြည်တွင်းမှာ အိုးအိမ်ပြောင်းရွှေ့နေထိုင်ရမှုတွေ ခုထိ ရှိနေဆဲပဲလို့ မြန်မာနိုင်ငံမှာရှိတဲ့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ အဖွဲ့က ပြောကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရ Stephane Dujarric က သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“မြန်မာစစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် ဖေဖေါ်ဝါရီလဆန်းမှာ ရှမ်းပြည်မြောက်ပိုင်းမှာ ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းရသူ ၂၀၀၀ ကျော်ရှိခဲ့သလို အရပ်သား ၉ ဦးသေဆုံးပြီး ကလေးငယ်တွေ အပါအဝင် ၈ ဦးဒဏ်ရာရခဲ့တယ်” လို့ ပြောသွားတာပါ။
ကရင်ပြည်နယ်နဲ့ ပဲခူးတိုင်းတွေမှာလည်း တပ်မတော်နဲ့ KNU တို့ကြား တိုက်ပွဲတွေကြောင့် အိုးအိမ်ရွှေ့ပြောင်းနေထိုင်ရသူ ၅၀၀၀ ကျော်ရှိနေတဲ့ အတွက် စိုးရိမ်စိတ်ပူကြောင်းလည်း ပြောပါတယ်။
မြန်မာနိုင်ငံတွင်း ဘဏ်တွေပိတ်ထားတာအပြင် ဝန်ထမ်းတွေရဲ့ လုံခြုံစိတ်ချရမှုအပါအဝင် စိန်ခေါ်မှုတွေကြုံနေရပေမယ့် တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ကုလသမဂ္ဂက အကူညီတွေ ဆက်ပေးနေဆဲ ဖြစ်ကြောင်းနဲ့ လူသားချင်းစာနာမှု အကူညီလိုအပ်တဲ့ ဒေသတွေကို သွားရောက်နိုင်ဖို့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေအားလုံးအနေနဲ့ အရပ်သားတွေ ထိခိုက်မှုမရှိအောင် အကာကွယ်ပေးဖို့နဲ့ အန္တရာယ်မဖြစ်အောင် သတိထားကြဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံတွင်း ပဋိပက္ခဒေသနေ လူပေါင်း တသန်းနီးပါးကို ဒီနှစ်အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေး အစီအစဉ်အတွက် ကုလသမဂ္ဂက ရန်ပုံငွေ ဒေါ်လာ သန်း၂၆၀ ကျော် လိုအပ်ကြောင်းလည်း ပြောပါတယ်။
Your browser doesn’t support HTML5
............
(Unicode)