(Zawgyi/Unicode)
မြန်မာနိုင်ငံမှာ မေလဆန်းပိုင်း တက္ကသိုလ်တွေ ပြန်ဖွင့်ပြီး ပုံမှန်လည်ပတ်ဖို့ အာဏာသိမ်းကောင်စီရဲ့ ပညာရေး ဝန်ကြီးဌာနက ညွှန်ကြားချက် ထုတ်ပြန်ထားတဲ့အပေါ်ကျောင်းဆရာဆရာမတွေနဲ့ ကျောင်းသားမိဘ တချို့ကြား တုန့်ပြန်မှု အမျိုးမျိုး ထွက်ပေါ်လာပါတယ်။ ကျောင်းဆရာ၊ဆရာမတွေ အင်အားအပြည့်နဲ့ လုပ်ငန်းခွင် ပြည်လည်ဝင်ရောက်ပြီး တာဝန်ထမ်းဆောင်ကြဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ညွှန်ကြားချက် ထွက်ပေါ်လာပြီးနောက် အခုလို တုန့်ပြန်လိုက်ကြတာပါ။ အကြောင်းစုံကို ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြ ထားပါတယ်။
အဆင့်မြင့်ပညာဦးစီးဌာန (အဆည)လက်အောက်က တက္ကသိုလ်၊ ကောလိပ်၊ ဒီဂရီကောလိပ်မှာ တာဝန် ထမ်းဆောင်နေဆဲ ဆရာဆရာမတွေရော၊ စီမံခန့်ခွဲတဲ့ ဝန်ထမ်းတွေပါ အင်အားပြည့် ပြန်လည်တက်ရောက်ကြဖို့အဆည ညွှန်ချုပ် ဒေါက်တာသိန်းဝင်း လက်မှတ်နဲ့ ဧပြီ(၁၇)ရက်နေ့မှာ ညွှန်ကြားချက်တစောင် ထုတ်ပြန်ထား တာပါ။
စာထဲမှာတော့ ပညာရေးဌာနက သင်ကြား/စီမံ ဝန်ထမ်းအားလုံးကို မေလ(၂)ရက်နေ့ထိ (Vacation) အားလပ်ရက်ရှည် ခံစားခွင့် ပေးထားပြီး ၊ ပါရဂူဘွဲ့ကြိုသင်တန်း ၊ မဟာတန်းများနဲ့ တက္ကသိုလ် နောက်ဆုံးနှစ် သင်တန်းတွေကို မေလ(၅)ရက်နေ့မှာ စတင်မှာဖြစ်တာကြောင့် ဆရာဆရာမတွေနဲ့ စီမံဝန်ထမ်းအားလုံးဟာ မေလ (၃)ရက်နေ့ကစလို့ လုပ်ငန်းခွင်ကို အင်အားပြည့် လာရောက် တာဝန်ထမ်းဆောင်ကြဖို့ ညွှန်ကြားလိုက်တာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီ (၁)ရက်နေ့ကစလို့ စစ်တပ်က အာဏာသိမ်းခဲ့တာ ခုဆိုရင် ရက်ပေါင်း(၈၀) ကျော်လာခဲ့ပြီ ဖြစ်ပေမယ့် ကဏ္ဍအတော်များများက လုပ်ငန်းတွေ ပုံမှန် လည်ပတ်နိုင်ခြင်း မရှိသေးပါဘူး။
ဒါကြောင့် နိုင်ငံတွင်းမှာ လုပ်ငန်းတွေ ပုံမှန် ပြန်လည်ပတ် လာနိုင်ပြီဆိုတာ ပြသဖို့ ၊ အာဏာသိမ်းစစ်ကောင်စီက ကျောင်းတွေ ပြန်ဖွင့်တာမျိုး ဖြစ်နိုင်ပေမယ့် သူ့အနေနဲ့ကတော့ ကျောင်းပြန်တက်ဦးမှာ မဟုတ်သေးဘူးလို့ ဘားအံတက္ကသိုလ်က CDM ကထိက ဆရာမတဦးက ပြောပါတယ်။
“ ဆရာဆရာမတွေကတော့ CDM ဆက်လုပ်တယ်ဆိုတာက ကိုယ်ကြိုက်တဲ့အစိုးရလက်ထက်မှာမှ ပြန်ပြီးတော့ ကျောင်းကို ဖွင့်စေချင်တာပေါ့နော်။ ကျောင်းသားတွေလည်း အဲဒီတော့မှပဲ တကယ်ကိုကောင်းတဲ့ပညာရေး စနစ်သစ်နဲ့ပေါ့နော် အဲလိုမျိုး သွားချင်တာပေါ့နော်။ အဲဒါဆိုရင် ဆရာမတွေရော ကျောင်းသားတွေရော CDM ပဲ ဆက်လုပ်မယ် ကိုယ်ကြိုက်တဲ့အစိုးရတက်မှပဲ ကျောင်းပြန်တက်ကြမယ် အားလုံးပေါ့ အဲလိုစဉ်းစားထားပါတယ်။ တက္ကသိုလ်တွေကတော့ အခုလောလောဆည် CDM လုပ်ထားတဲ့ ဆရာ၊ဆရာမတွေ ပြန်လာမယ်ဆိုရင်လည်း ခံဝန်ချက်ကို ထိုးပြီးတော့ပေါ့နော် နွေးထွေးစွာကြိုဆိုကြမယ်ပေ့ါ။ ဒီ ခံဝန်ချက်ထိုးရမယ်ဆိုတဲ့ ကိစ္စက ဘယ်လိုမှ လက်မခံနိုင်ဘူး။ အဲဒါကြောင့် သွားကြဖို့ အစီအစဉ်မရှိဘူး။ CDM ပဲ ဆက်လုပ်မယ်ဆိုတဲ့ အစီအစဉ်ပဲရှိတယ်။ သူတို့က နိုင်ငံတော် တည်ငြိမ်ကြောင်းပြချင်တာပေါ့နော် ၊ ပြီးတော့ အဲဒီက ဝန်ကြီးတို့ ညွှန်ချုပ်တို့ကလည်း သူတို့က အရမ်းအလုပ်လုပ်ပြချင်တဲ့ လူတွေဆိုတော့ ဆရာဆရာမကိုလည်း ကိုင်ချင်တယ် ၊ ကျောင်းသားကိုလည်း သွေးထိုးစမ်းပြီးတော့ အခြေအနေ ကြည့်ချင်တဲ့ သဘောပေါ့။ ပြန်ဖွင့်တယ်ဆိုပေမယ့် တပတ်ကို ၁ ရက် ၂ ရက်လောက်ပဲ တက်ရမယ့် သဘောရှိတယ်ပေါ့နော်။”
ကိုဗစ်ကပ်ရောဂါ ပြင်းထန်လာချိန်ကစပြီး မြန်မာနိုင်ငံမှာ တက္ကသိုလ်တွေရော အခြေခံပညာ ကျောင်းတွေကိုပါ ၂၀၂၀ ခုနှစ်အတွင်း NLD အစိုးရက ပိတ်ထားခဲ့တာပါ။ နှစ်နဲ့ချီ ကျောင်းတွေပိတ်ထားရင် ကလေးတွေ ပညာရေးနဲ့ ဝေးသွားမှာကို စိုးရိမ်မိတယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားတဦးရဲ့ မိဘဖြစ်သူက ပြောပါတယ်။
“ကျောင်းသားမိဘတယောက်အနေနဲ့ ဘယ်လို သဘောထားရှိသလဲဆိုတော့ ကလေးတွေလည်း နာမှာ ကြောက်တယ်။ စာသင်နှစ် တနှစ် နားလိုက်ရတာမျိုး မဖြစ်စေချင်ဘူးလေ။ စာမေးပွဲဖြေရမယ်ဆိုရင်လည်း သွားဖြေရမှာပဲ ၊ မဖြေလို့ရှိရင် black list ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ။ အဲဒါလည်း ရှိသေးတာကို။ ကိုယ်က နိုင်ငံခြားလည်း ထွက်သွားလို့ မရဘူးလေ၊ အဲလောက်အထိလည်း ငွေမရှိဘူး ၊ ပြေးစရာလည်း နေရာမရှိဘူး။ CDM လုပ်လို့ လစာပေးမယ့်လူလည်း မရှိဘူ၊း အဲလိုမျိုးကလည်း ရှိသေးတယ်လေ။ ကိုယ်တွေက ရှိတာကိုပဲ လုပ်စားနေရတာကိုး။ အခုက လုပ်စားလို့လည်း အဆင်မပြေဘူးဆိုတော့ ပိုဆိုးသွားပြီပေါ့။ အခုအခြေခံကျောင်းတွေ ပြန်ဖွင့်မယ်ဆိုရင်လည်း မထားဘူးလို့ ပြောတဲ့ မိဘတွေ ရှိသလို၊ ထားမယ်လို့ ပြောတဲ့ မိဘတွေလည်း ရှိတာပဲ။ တချို့တွေကတော့ အခြေအနေကြည့်ပြီးတော့ ထားသင့်ရင်တော့ ထားရမှာပေါ့ ကလေးပညာရေးပဲဟာ။ တကယ်လို့ ကျောင်းတွေလည်း ပြန်ဖွင့်လို့ ဆရာ၊ဆရာမ အင်အားလည်း ပြည့်တယ်ဆိုရင်တော့ ထားရမှာပဲ။ ဆရာ၊ဆရာမ အင်အားမရှိပဲနဲ့ ဖွင့်လို့မှ မရတာ။ University ဆိုရင် ပိုဆိုးမယ် University ဆရာ၊ဆရာမ အင်အား ပိုဆိုးမယ်။ ဖွင့်မယ်လို့တော့ ပြောနေတာပဲ သတင်းကတော့ ပြောနေတယ်။ မငြိမ်ဖို့က များနေတော့လည်း ကျောင်းတွေတောင် ပြန်ဖွင့်ဖြစ်ပါ့မလားမသိဘူး။”
လတ်တလော ထုတ်ပြန်တဲ့ အဆည-ရဲ့ ညွှန်ကြားချက်ထဲမှာ မူလတန်းကနေ အထက်တန်းထိ ကျောင်းတွေ ဘယ်နေ့ပြန်ဖွင့်မလဲ ဆိုတဲ့အချက် မပါသေးပါဘူး။ ကလေးတွေရဲ့ ပညာရေးကို စိုးရိမ်မိပေမယ့် အခြား နည်းလမ်းတွေနဲ့ သင်ကြားပေးနိုင်ဖို့ စဉ်စားနေပြီး သူတို့ကျောင်းက ဆရာမအတော်များများကတော့ ကျောင်းပြန်မသွားပဲ CDM ဆက်လုပ်နေဦးမှာ ဖြစ်တယ်လို့ အင်းစိန်မြို့နယ်က အလယ်တန်းပြ ဆရာမတဦးက ပြောပါတယ်။
“အခုလောလောဆည်ကတော့ ကျောင်းကတော့ ဖွင့်ဖို့တော့ မပြောထားဘူးလေ။ ကျမတို့က တိတိကျကျ ညွှန်ကြားချက်လာတော့မှ ဖွင့်မယ် မဖွင့်ဘူးဆိုတာ သိရမှာ ။ အခုကလည်း COVID ကလည်း ရှိနေတော့လေ တိတိကျကျ ညွှန်ကြားချက် မထွက်လာသေးဘူး။ စစ်ကောင်စီကတော့ ဘယ်လိုမျိုးနဲ့ ဘယ်လိုဖွင့်မယ်ဆိုတာတော့ ကျမတို့ မသိဘူးပေါ့နော် ။ ဖွင့်မယ့်အခါကျတော့လ်ညး CDM လုပ်မယ့် ဆရာမတွေကလည်း ရှိကြတဲ့အခါကျတော့ CDM လုပ်နေတဲ့ လူတွေကတော့ ကျောင်းတက်ကြမှာ မဟုတ်ဘူးလေ။ အဲဒီတော့ သူတို့ ရှိတဲ့လူနဲ့ပဲ ဆက်ပြီးတော့ လုပ်သွားကြပေ့ါ။ ပညာရေးကတော့ ထိခိုက်လာမှာပဲ။ ပညာရေးလည်း ထိခိုက်တာပဲ အားလုံးထိခိုက်တာပဲ။ COVID က တမျိုး စစ်ကောင်စီက တမျိုးဆိုတော့လေ အခက်အခဲတွေကတော့ ရှိမှာပေါ့ ကျောင်းဖွင့်ရင်။ ပညာ ရှာချင်ရင်တော့ Online တွေ ဘာတွေကနေတော့ ရှာလို့ ရနေတာပဲလေ။”
အခြေခံပညာကျောင်းတွေကို မိုးကာလအစဖြစ်တဲ့ ဇွန်လမှာ ဖွင့်လေ့ရှိပြီး ၊ ကလေးငယ်တွေရဲ့ပညာရေးကို တနှစ်မှာ ၂ တန်းနှုန်း သင်ကြားကောင်း သင်ကြားသွားနိုင်တယ်လို့ စစ်ကောင်စီရဲ့ သတင်းစာရှင်းလင်းပွဲ တခုအတွင်း ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောခဲ့ဖူးပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် ကျန်းမာရေးပညာရှင်တွေနဲ့ ဆေးဝန်းထမ်းတွေ CDM လှုပ်ရှားမှုကို စတင်ခဲ့ရာကပညာရေးဌာန ၊ ဘဏ်လုပ်ငန်း၊ မီရထား၊ ဆောက်လုပ်ရေး အစရှိတဲ့ ကဏ္ဍအသီးသီးမှာပါ CDM လုပ်လာကြတာကြောင့် အစိုးရလုပ်ငန်း လည်ပတ်မှု တုံ့ဆိုင်းသွားခဲ့ပါတယ်။
Your browser doesn’t support HTML5
............
(Unicode)