ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့လုပ်ရပ် ကလေးသူငယ်ဥပဒေနဲ့ ငြိစွန်း

(Zawgyi/Unicode)

မြန်မာနိုင်ငံရဲတပ်ဖွဲ့က သူတို့ရဲ့သတင်းစာရှင်းလင်းပွဲမှာ ဗစ်တိုးရီးယားရဲ့ အမည်အရင်းအပါအဝင်၊ အမှုမှာပါရှိတဲ့ အချက်အလက်တွေကို ချပြခဲ့တာနဲ့ပတ်သက်ပြီး ဒါဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတာကြောင့် ပြည်သူ့လွှတ်တော်ဥက္ကနဲ့ ဆွေးနွေးပြီး ဆက်လက်ဆောင်ရွက်သွားဖို့ စီစဉ်နေတယ်လို့ ပြည်သူ့လွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ ဥက္ကဌက ပြောပါတယ်။ ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူကိုယ်တိုင်ကလည်း တရားစွဲဆိုချင်တဲ့ ဆန္ဒရှိကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုထားတာပါ။

ဒီအကြောင်း အပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကပြောပြပေးမှာပါ။

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံထားရတဲ့ သုံးနှစ်အရွယ် မိန်းကလေး ဗစ်တိုးရီးယားရဲ့ အမည်ရင်းနဲ့ သူ့မိဘတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က မနေ့ကသတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့ပြီး၊ ဖေ့ဘုတ်လူမှုကွန်ယက်မှာလည်း တင်ခဲ့ပါတယ်။ ဒါဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနဲ့ ငြိစွန်းနေတယ်လို့ ဥပဒေပညာရှင်တွေက ဝေဖန်ထောက်ပြကြသလို၊ အများပြည်သူကလည်း ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

ရဲတပ်ဖွဲ့အနေနဲ့ အခုလိုလုပ်ဆောင်ခဲ့တာဟာ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိခဲ့လို့ လုပ်တာမျိုးမဖြစ်နိုင်ဘူးလို့ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောပါတယ်။

“ဒီကလေးတွေက ကျူးလွန်ခံရတဲ့ ကလေးပဲဖြစ်စေ၊ သက်သေပါတဲ့ ကလေးပဲဖြစ်စေ သူနဲ့သက်ဆိုင်တဲ့သူတွေကလည်း ထုတ်ဖော်မပြောရဘူး။ ဒါကြောင့်မို့ ဗစ်တိုးရီးယား Case မှာဆို အမြဲတမ်းစောင့်ကြည့်နေတာ။ ဘာလို့ပြောကြတာလဲ နောက်ဆုံးကျူးလွန်ခံရတဲ့ကလေးပေါ့နော် ။ သူဟာ တရားလိုအဖြစ်လည်း စစ်ဆေးခံနေရတဲ့အချိန်မှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့က တချက်ကတော့ ကျမတို့လည်း စဉ်းစားပါတယ်။ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေကို မသိတာလား။ ဒါတော့ မဖြစ်လည်း မဖြစ်သင့်ဘူး။ မဖြစ်လည်း မဖြစ်နိုင်ဘူးလို့ ကျမတို့ယူဆပါတယ်။”

မြန်မာနိုင်ငံရဲတပ်ဖွဲ့အနေနဲ့ ဗစ်တိုးရီးယားအမှုနဲ့ သက်ဆိုင်တဲ့အချက်အလက်တွေကို ဖေ့ဘုတ်လူမှုကွန်ယက်မှာ ထုတ်ပြအပြီး ပြန်လည်ဖြုတ်ချခဲ့ပေမယ့် တော်တော်များများပြန့်နှံ့ သွားတာကြောင့် ကလေးငယ်အတွက် နစ်နာရသလို၊ မိဘတွေလည်း ထိခိုက်ခံစားရတယ်လို့ ဒေါက်တာဒေါ်ခင်စိုးစိုးကြည်က ပြောပါတယ်။ ဒီကိစ္စအပေါ် မြန်မာနိုင်ငံရဲတပ်ဖွဲ့ တာဝန်ရှိသူတွေ အနေနဲ့ ဘယ်လိုအရေးယူ ဆောင်ရွက် သွားမယ် ဆိုတာကို မေးရမယ့် အချိန် ရောက်နေပြီလို့လည်း ပြောပါတယ်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူကတော့ ရဲတပ်ဖွဲ့တာဝန်ရှိသူတွေကို တရားစွဲဖိ ဆိုချင်တဲ့ ဆန္ဒရှိတာကို သတင်းမီဒီယာတွေကို ထုတ်ဖေါ်ပြောဆိုနေတာ ဖြစ်ပြီး ဗစ်တိုးရီးယားအမှုရဲ့ ကျူးလွန်သူတရားခံအစစ်အမှန် ပေါ်ပေါက်ရေးအတွက် အနီးကပ်ဝန်းရံသူတဦးဖြစ်တဲ့ ကိုသက္ကမိုးညိုကတော့

“ဥပဒေပညာရှင်တွေနဲ့ တိုင်ပင်တဲ့အခါမှာ ဆိုလို့ရှိရင် သေချာပေါက်ငြိတာဆိုလို့ရှိရင် ဥပမာအားဖြင့် ကျနော်တို့က ဒီတရားရုံးမှာ သက်သေဝင်သော ကလေးတယောက်ရဲ့ အမည်နာမကို ထည့်ပြီးမပြောရဘူးဆိုတာ ဒါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ဥပဒေမှာ ပါရှိပြီးသား။ ဒါကသေချာပေါက် ငြိတယ်။ သို့သော်လည်းပဲ ခုနကပြောသလို ကျန်တဲ့ငြိနိုင်တာတွေ ရှိနေသေးလားဆိုတာ ကျနော်တို့က ပြန်ပြီးတော့ဆက်လက် ရှာဖွေမယ်။ ဥပမာအားဖြင့် သမီးလေး ဖေဖေရော မေမေရော နိုင်ငံ့ဝန်ထမ်းတွေ။ နိုင်ငံ့ဝန်ထမ်းတွေရဲ့ Privacy ကို ချိုးဖောက်ပြီးကာမှ နာမည်တွေကိုဖော်ပြတာသည် နိုင်လွတ်လုံနဲ့ငြိ မငြိဆိုတာမျိုးတွေ၊ ၆၆(ဃ) နဲ့ ငြိ ၊ မငြိဆိုတာမျိုးတွေ ကျနော်တို့ပြန်လည်ရှာဖွေမယ်။ ရှာဖွေပြီးတော့ လိုအပ်သလို ဆက်လက်ဆောင်ရွက်သွားပါမယ်။”

ကလေးငယ် ဗစ်တိုးရီးယားရဲ့ အမည်ရင်းကို ဖော်ထုတ်ခဲ့ပြီး၊ မိသားစုကိုယ်ရေးကိုယ်တာ အချက်အလက်တွေကိုပါ ထုတ်ပြခဲ့တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲ့ လုပ်ရပ်အပေါ် ဗစ်တိုးရီးယားရဲ့ဖခင်ဖြစ်သူသာမကဘဲ၊ အမှုမှန်ပေါ်ပေါက်ရေးအတွက် ဝန်းရံသူတွေအပါအဝင်၊ ဥပဒေပညာရှင်တွေကလည်း တရားစွဲဆိုနိုင်ဖို့အတွက် ပြင်ဆင်နေတာပါ။

Your browser doesn’t support HTML5

ဗစ်တိုးရီးယားအမှု ရဲတပ်ဖွဲ့လုပ်ရပ် ကလေးသူငယ်ဥပဒေနဲ့ ငြိစွန်း


...............


(Unicode)








