(Zawgyi / Unicode)
နိုင်ငံတကာ အကာအကွယ်ကို လိုအပ်နေတဲ့ ပဋိပက္ခ၊ နှိပ်စက်ညှဉ်းပန်းမှုနဲ့ အကြမ်းဖက်မှု တို့ကနေ ထွက်ပြေးလာသူတွေကို ပံ့ပိုးကူညီကြဖို့ နယ်နိမိတ် တံခါးတွေကို ဖွင့်ထားပေးကြပါလို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးက နိုင်ငံတကာကို တိုက်တွန်းလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၄-၁၅ ရက်နေ့ထိ အွန်လိုင်းကနေ နှစ်ရက်ကြာကျင်းပနေတဲ့ ကမ ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များညီလာခံ မှာ UNHCR မဟာမင်းကြီး Filippo Grandi က ဗွီဒီယို အဖွင့်မိန့်ခွန်းပြောကြားခဲ့တာပါ။ Lisa Schlein ဂျီနီဗာကနေ ပေးပို့ထားတဲ့ သတင်းကို မအင်ကြင်းနိုင်က ပြောပြမှာပါ။
ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာအခြေစိုက် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကနေ ကြီးမှူးပြီး ကမ ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များညီလာခံကို နှစ်ရက်ကြာကျင်းပရာမှာ မနေ့က ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ အဆင့်မြင့်အရာရှိတွေ အွန်လိုင်းကနေ ဆွေးနွေးပွဲပြုလုပ်ခဲ့တာပါ။ အစည်းအဝေးပွဲ အဖွင့်မိန့်ခွန်းအဖြစ် UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi က ဗွီဒီယိုကနေပြောကြားရာမှာ
"ရာစုနှစ်တွေ တလျှောက် ပြည်နှင်ဒဏ်ခံရမှု အတွေ့အကြုံတွေ၊ ဒုက္ခသည်အဖြစ်ခိုလှုံမှု အလေ့အထတွေဟာ ကျနော်တို့ရဲ့ စုပေါင်းအမွေအနှစ် တစိတ်တပိုင်းဖြစ်လာခဲ့ပါတယ်။"
Filippo Grandi ရဲ့ မိန့်ခွန်းဟာ ကမ ္ဘာ့ ဒုက္ခသည်တွေရဲ့ အခြေအနေတွေကို ဆွေးနွေးကြမယ့် နှစ်ရက်ကြာ အစည်းအဝေး အခင်းအကျင်းကို သတ်မှတ်ပေးလိုက်တယ်လို့ ဆိုရမှာပါ။ အခုအစည်းအဝေးဟာ လွန်ခဲ့တဲ့ နှစ်နှစ်က ပြုလုပ်ခဲ့တဲ့ ကမ ္ဘာလုံးဆိုင်ရာ ဒုက္ခသည်များ ညီလာခံရဲ့ နောက်ဆက်တွဲအနေနဲ့ တိုးတက်ဖြစ်ထွန်းမှုတွေကို ပထမဆုံးအကြိမ် ဆွေးနွေးကြတာဖြစ်ပါတယ်။
အဲဒီညီလာခံတုန်းကဆိုရင် ဒုက္ခသည်တွေနဲ့ သူတို့ကို လက်ခံထားတဲ့ အိမ်ရှင်အသိုင်းအဝိုင်းတွေကို ပိုပြီးကောင်းမွန်အောင် ပံ့ပိုးကူညီဖို့ ကတိကဝတ် ပေါင်း ၁၄၀၀ နီးပါး ရရှိခဲ့ပါတယ်။ အခု အစည်းအဝေးမှာတော့ အစိုးရအကြီးတန်းအရာရှိတွေ၊ ဒုက္ခသည်တွေနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကနေ ဒီကတိကဝတ်တွေ ဘယ်လောက်ရရှိထားပြီးပြီလဲ၊ ဘယ်လောက်ကျန်နေသေးသလဲ ဆိုတာ သုံးသပ်ဆွေးနွေးကြမှာဖြစ်ပါတယ်။
ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Grandi ကတော့ လက်ရှိ ကမ ္ဘာ့ရုပ်ပုံလွှာနဲ့ ပတ်သက်လို့ သုံးသပ်ချက်ပေးရာမှာ အကောင်းအဆိုး ဒွန်တွဲ နေတာ တွေ့ရပါတယ်။
ဒုက္ခသည်ကိစ္စ အပါအဝင် ကိုဗစ်-၁၉ ကပ်ရောဂါ ကိုင်တွယ်မှု၊ ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာ တုံ့ပြန်မှု စတာတွေ အပြင် အကာအကွယ်ပေးမှုနဲ့ အသက်မွေးဝမ်းကျောင်းဆိုင်ရာ အခွင့်အလမ်းတွေကို ပံ့ပိုးပေးမှုတို့မှာ နိုင်ငံတွေအနေနဲ့ ပိုမိုကောင်းမွန်စွာ လုပ်ဆောင်နိုင်ကြောင်း သူ့ရဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာပါ။ ဒါအပြင် နိုင်ငံမဲ့ဖြစ်မှု ပပျောက်ရေးနဲ့ ပညာရေးနယ်ပယ်မှာ တိုးတက်မှုတွေ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
ဒါပေမဲ့ နိုင်ငံအများအပြားဟာ သူတို့ပြည်သူတွေ ဘေးရန်ကင်းရေးနဲ့ အကာအကွယ်ပေးရေးမှာ ကျောခိုင်းနေကြကြောင်း မဟာမင်းကြီး Grandi က အခုလိုသတိပေးပြောဆိုခဲ့ပါတယ်။
" ဒါကို အဆုံးသတ်စေဖို့နယ်စပ်တံခါးတွေကို ပိတ်ထားမှု အပါအဝင် တခါတရံ ဒုက္ခသည်တွေကို ပြန်ပြီးအကြမ်းဖက်တွန်းပို့မှု၊ နယ်စပ်တံတိုင်းတွေ တည်ဆောက်မှု၊ လူတွေရဲ့ ခိုလှုံခွင့်နဲ့ စပ်လျဉ်းတဲ့အခွင့်အရေးနဲ့ပတ်သက်လို့ နိုင်ငံတကာ ဥပဒေတွေနဲ့ ကိုယ့်ကျင့်တရားဆိုင်ရာ တာဝန်ဝတ္တရားတွေကို ဘေးဖယ်ထားတာ စတဲ့ ကမ္ဘာ့စက်မှုဖွံ့ဖြိုးပြီး နိုင်ငံတချို့ သွားနေတဲ့ လမ်းကြောင်းတွေနဲ့ ပတ်သက်လို့ ကျနော် ရဲ့ စိုးရိမ်ပူပန်မှုကို ထပ်လောင်းပြောကြား လိုပါတယ်။"
UNHCR ရဲ့အစီရင်ခံစာအရ ကမ္ဘာတဝှမ်းမှာ အနည်းဆုံး လူပေါင်း ၈၃.၄ သန်းဟာ အတင်းအကျပ် နေရပ်ကနေ မောင်းထုတ်မှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပြီး အဲဒီထဲမှာ ၂၆.၄ သန်းဟာ ဒုက္ခသည်တွေဖြစ်ပါတယ်။ ကမ္ဘာ့ဒုက္ခသည် ၈၅% ကို ဖွံ့ဖြိုးဆဲနိုင်ငံတွေက လက်ခံထားတာပါ။ ဒါကြောင့် ဒီတာဝန်တွေကို ချမ်းသာတဲ့ နိုင်ငံတွေအနေနဲ့ ခွဲယူကြဖို့ Grandi က တောင်းဆိုခဲ့သလို ဒုက္ခသည်ပြဿနာကိုဖြေရှင်းရေး သူတို့ကိုလက်ခံမယ့် နောက်ထပ် တတိယနိုင်ငံ မျိုးရှိရေး လမ်းကြောင်းကိုလည်း သူက တိုက်တွန်းခဲ့ပါတယ်။
"ပြန်လည်နေရာချထားရေးဟာ အဓိကလမ်းကြောင်းတခုဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တွေအတွင်း ဒုက္ခသည်တွေကို ပြန်လည်နေရာချထားရေး ခွဲတမ်းကို ဆက်လက်ခံ ထိန်းသိမ်းထားတဲ့ ဒါမှမဟုတ် တိုးမြှင့် လက်ခံတဲ့ နိုင်ငံတွေအားလုံးနဲ့ ပြန်လည်နေရာချထားရေး အစီအစဉ်ကို ပြန်ပြီးအားဖြည့်ပေးတဲ့ အမေရိကန်ပြည်ထောင်စုကို ကျနော် ကျေးဇူးအထူးတင်ပါတယ်။"
COVID-19 ကပ်ရောဂါ တုံ့ပြန်ကိုင်တွယ်ရေး၊ ရာသီဥတုဆိုင်ရာ အရေးယူဆောင်ရွက်ရေး၊ အတင်းအကျပ်ရွှေ့ပြောင်းခံရမှု စတာတွေအပါအဝင် အဓိက ကိစ္စရပ်တွေကို နှစ်ရက်ကြာကျင်းပမယ့် အွန်လိုင်း အစည်းအဝေးမှာ တက်ရောက်လာကြတဲ့ တာဝန်ရှိသူတွေဆွေးနွေးကြဖို့ရှိပါတယ်။
Your browser doesn’t support HTML5
ပဋိပက္ခကြောင့် တိုင်းပြည် စွန့်ခွာရသူတွေကို ကူညီကြဖို့ ကုလတိုက်တွန်း
(Unicode)