တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက် ကိုင် အဖွဲ့တွေရဲ့ NCA-s EAO Summit တတိယအကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို ထိုင်းနိုင်ငံ အတွင်း (၄)ရက်တာကျင်းပရာမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ရေး အပါအဝင် အဖွဲ့အတွင်းစုဖွဲ့မှုကိစ္စရပ်တွေကို ဆွေးနွေးဆုံးဖြတ်ခဲ့တယ်လို့အဖွဲ့ခေါင်းဆောင်တွေကပြောပါတယ်။ ဒါအပြင်ရှေ့မဆက်နိုင်ဘဲ တန့်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အစိုးရတပ်မတော်ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အမြန်ဆုံး ညှိနှိုင်းသွားဖို့ကိုလဲဆုံးဖြတ်ခဲ့ကြပါတယ်။ ဗွီအိုအေသတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။
ဒီကနေ့ကျင်းပပြီးစီးတဲ့ NCA အပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းထိပ်သီးခေါင်းဆောင်အစည်းအဝေးအတွင်း ဆုံးဖြတ်ချက်ကိုတော့ အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ ပူးဇင်ကျုံးကပြောပါတယ်။
"တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချူပ်မှာ လက်မှတ်မရေးထိုးနိုင်သေးတဲ့အဖွဲ့တွေလဲ ဒီငြိမ်း ချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်နိုင်ဖို့ တနိုင်ငံလုံးငြိမ်းချမ်းရေးမှာ သူတို့လည်းဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ ဘယ် လို ဆောင်ရွက်သွားနိုင်မလဲ ဆိုတဲ့လုပ်ငန်းအစီအစဉ်ချထားပါတယ်။ နောက်တချက်ကတော့ကျွန်တော်တို့ရဲ့ စုဖွဲ့မှု ကိုပြန်လည်သုံးသပ်တယ်။ ဒီငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိပ်သီးအစည်းအဝေးတခုနဲ့တခုကြားထဲမှာ ငြိမ်းချမ်းရေးလုပ် ငန်း စဉ်ကိုဦးဆောင်ဖို့အတွက် PPSTအဖွဲ့ဝင်တွေကိုလဲကျွန်တော်တို့ပြန်လည်ဖွဲ့စည်းခဲ့တယ်။"
ဒီအစည်းအဝေးမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအားလုံးငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နိုင်ရေး အတွက် ဆွေးနွေးဆုံးဖြတ်ခဲ့ကြတယ်လို့အဖွဲ့ရဲ့ပြောရေးဆိုခွင့်ရှိသူ KNUကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းကပြောပါတယ်။
"ကျွန်တော်တို့ကြားထဲမှာက အမြဲတန်းအဆက်သွယ်မှုရှိအောင် တဖွဲ့ချင်းရဲ့အစုအဖွဲ့အလိုက် ကျွန်တော်တို့ဆောင် ရွက်ဖို့ဖြစ်ပါတယ်။ အထူးသဖြင့် UNFCအဖွဲ့တွေနဲ့တွေ့ဆုံခဲ့ပါတယ်။ကျွန်တော်တို့ရဲ့အခုဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်ရဲ့ဖြစ်ပေါ်တိုးတက်မှု ကျွန်တော်တို့တင်ပြ ရှင်းပြတယ်။ သူတို့ရဲ့အမြင်သဘောထားတွေ စုစည်းထား တယ်။ မြောက်ပိုင်းမှာပါတဲ့အဖွဲ့ဝင်အကုန်လုံးအတွက် အစုအဖွဲ့အတွက်မတွေ့ပေမဲ့ တဖွဲ့ချင်း ဆိုလိုတဲ့သဘောက ကချင်လွတ်လပ်ရေးအဖွဲ့နဲ့တဖွဲ့ချင်းတွေ့တာတော့ရှိပါတယ်။ ပရောဆက်မှာသူတို့လက်မှတ်မရေးထိုးနိုင်ပေမဲ့လဲ ပါဝင်လာတဲ့အနေအထားရှိခြင်းအားဖြင့်ဆက်သွယ်မှုရှိလာတယ်။"
ဒါပေမဲ့လဲ NCAလက်မှတ်ရေးထိုးပြီးသားအဖွဲ့တွေနဲ့ကလဲ အစိုးရတပ်မတော်တို့အကြား နိုင်ငံရေးအရတွေ့ဆုံ ဆွေးနွေးမှုမလုပ်နိုင်သေးသလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပိုင်းမှာလဲ ဖေါ်ဆောင်နိုင်မှုအားနဲနေဆဲအခြေအနေမှာ ရှိနေပါတယ်။
လက်ရှိဖေါ်ဆောင်နေတဲ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေတစ်ဆို့နေ့တဲ့အပိုင်းတွေကို အစိုးရတပ်မတော် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းထိပ်ပိုင်းခေါင်းဆောင်တွေအကြားအမြန်ဆွေးနွေးညှိနှိုင်းဖို့လိုကြောင်း အဖွဲ့ရဲ့ပြောရေး ဆိုခွင့် ရှိသူ ပူးဇင်ကျုံးကပြောပါတယ်။
"ကျွန်တော်တို့ဒီကနေ့ NCAကိုအခြေခံပြီးသွားနေတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ကျွန်တော်တို့ရပ်တန့်သလောက် ရှိနေတယ်။ တစ်ဆို့နေတယ်လို့ကျွန်တော်တို့အမြင်ရှိပါတယ်။
NCAလက်မှတ်ရေးထိုးထားတဲ့ တောင်ပိုင်းရှမ်းပြည်တပ်မတော်RCSS/SSAနဲ့ KNUကရင်အမျိုးသားအစည်းအရုံးတို့ ဟာ မြန်မာ့တပ်မတော်နဲ့ မကြာခနဆိုသလို တိုက်ပွဲဖြစ်ပွါးနေတာကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပိုင်းမှာ သံသ ယဖြစ်စရာမေးခွန်းထုတ်စရာဖြစ်နေတယ်လို့ တိုင်းရင်းသားလက်နက်အဖွဲ့တချို့ကရှုမြင်နေတာပါ။
KNUကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက
"ကျွန်တော်တို့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်လုပ်တဲ့နေရာမှာ လက်နက်ကိုင်ထိတွေ့မှုတွေကတော့ လုံးဝချုပ်ငြိမ်းသွားတဲ့ အနေအထားတော့မရှိ လျော့နည်းလာတဲ့အနေအထားလို့ပြောလို့ရပါတယ်။ ဒီထိတွေ့မှုကလဲ နေရာအားလုံးမှာ ဖြစ်တဲ့နေရာမဟုတ်ဘူး။ တချို့နေရာမှာကျတော့ထိတွေ့ဆက်ဆံမှုကမရှိဘူးဆိုလို့ရှိရင် တဖက်နဲ့တဖက်နားလည်မှု လွှဲတာနဲ့ဆောင်ရွက်မှုက အဲဒီNCAမှာပါတဲ့အတိုင်း ညှိနှိုင်းမှုမရှိလို့ရှိရင်တော့ထိတွေ့မှုရှိတာပေါ့။ ဒါပေမဲ့ဒီထိတွေ့မှု တွေက ကျွန်တော်တို့ငြိမ်းချမ်းရေးကိုပျက်ဖို့အတွက် ရည်ရွယ်ချက်မဟုတ်ဘဲနဲ့ နားလည်မှုလွှဲထဲမှာဖြစ်ပေါ်လာတဲ့ပြဿနာအဖြစ်လို့ပြောလို့ရပါတယ်။"
NCAအပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်းများ ထိပ်သီးခေါင်းဆောင်အစည်းအဝေးမှာ ရှေ့လုပ်ငန်းစဉ်တွေဖြစ်တဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ မဟာဗျူဟာရေးဆွဲရေးကိစ္စ၊ NCA-S EAO ရဲ့ စုဖွဲ့မှုကိစ္စ လုပ်ငန်းလမ်းညွှန်ကိစ္စ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ဆောင်မှု ယန္တရားအလိုက် တာဝန်ပေး အပ်ခြင်း ကိစ္စရပ်တွေအပေါ် အကြံပြုဆွေးနွေးတာပြုလုပ်ခဲ့သလို လက်နက်ကိုင်အဖွဲ့အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာပါဝင်ရေး PPSTအဖွဲ့ ဝင်တွေကိုပြန်လည်ဖွဲ့စည်းရေးနဲ့ အမျိုးသမီးထု(၃၀)ရာခိုင်ပါဝင်နိုင်ရေးအတွက် ဆုံးဖြတ်ခဲ့ကြပါတယ်။
NCAအပစ်ရပ်လက်နက်ကိုင်အဖွဲ့အစည်း ထိပ်သီးအစည်းအဝးမှာ KNUကရင်အမျိုးသားအစည်းအရုံး တောင်ပိုင်း ရှမ်းပြည်တပ်မတော်RCSS/SSA မြန်မာနိုင်ငံလုံးဆိုင်ရာ ဒီမိုကရက်တစ်ကျောင်းသားတပ်မတော်ABSDF မွန်ပြည် သစ်ပါတီ ဒီကေဘီအေ ကရင်အကျိုးပြုတပ်မတော်စတဲ့အဖွဲ့ဝင်(၁၀)ဖွဲ့ပါဝင်ပါတယ်။
လက်ရှိမှာ UNFCအဖွဲ့နှစ်ဖွဲ့နဲ့ UWSAဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်အဖွဲ့ဝင်(၇)ဖွဲ့တို့ဟာမြန်မာအစိုးရနဲ့လက်မှတ်မရေးထိုးနိုင်သေးပါဘူး။
Your browser doesn’t support HTML5