၁၈ နှစ်အရွယ် နီပေါ တောင်တက်သမား Nima Rinji Sherpa ဟာ ကမ္ဘာ့အမြင့်ဆုံး တောင် ၁၄ လုံး ထိပ်ကိုရောက်ခဲ့တဲ့ကမ္ဘာ့အသက်ငယ်ဆုံး တောင်တက်သမား ဖြစ်သွားပါပြီ။ အောက်တိုဘာလ ၉ ရက်၊ ဗုဒ္ဓဟူးနေ့ မနက် ၆ နာရီ ၅ နစ်မှာနောက်ဆုံးတောင်ထိပ်ကို ရောက်ရှိခဲ့တာပါ။ အေအက်ဖ်ပီ သတင်းဆောင်းပါးကိုအခြေခံပြီး ဦးတင်မောင်သန်းကတင်ပြပေးထားပါတယ်။
၁၈ နှစ်အရွယ် နီပေါတောင်တက်သမား Nima Rinji Sherpa ဟာ ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်နိုင်သူတယောက်အဖြစ် မှတ်တမ်းဝင်သွားပါပြီ။ မီတာ ၈,၀၀၀၊ ပေအားဖြင့် ၂,၆၂၄၇ ပေအထက် ကမ္ဘာမှာ အမြင့်ဆုံးတောင် ၁၄ လုံး,လုံးကိုတက်နိုင်တဲ့ အသက်အငယ်ဆုံး တောင်တက် သမားတယောက် ဖြစ်သွားပါပြီ။ တိဘက်က Shishapangma တောင်ထိပ်ကို ဗုဒ္ဓဟူးနေ့ တရုတ် စံတော်ချိန် ၆ နာရီ ၅ မိနစ်မှာ ရောက်ရှိသွားခဲ့တာပါ။ သူလိုပဲ လူငယ်များစွာဟာ အဲဒီတောင် ၁၄ လုံးကို တက်နိုင်အောင် ကြိုးစားနေကြတာပါ။
သူတို့ မျိုးရိုးက တောင်တက်တာနဲ့မကင်းခဲ့တာကို Nima Rinji က ခုလို ပြောပါတယ်။
“ကျနော်တို့မိသားစုက တောင်တက်သမားတွေက ဆင်းသက်လာတာပါ။ ကျွန်တော့်အဖေမှာ စူးစမ်းလေ့လာရေးကုမ္ပဏီရှိပါတယ်။ ဒီတော့ ဒါတွေနဲ့ နီးစပ်ပါတယ်။ တောင်တက်တာ၊ စူးစမ်း လေ့လာတာ၊ တောင်တက်လိုသူတွေနဲ့တွေ့ဆုံတာ .. စသဖြင့်ပေါ့။ ဒါပေမဲ့ ကိုယ့်ကိုယ်ကို ဒီလောကထဲတော့ မရောက်ချင်ခဲ့ပါဘူး။”
သူ့ဦးလေး Mingma Gyabu 'David' Sherpa ဟာ တောင် ၁၄ လုံး,လုံးရဲ့ ထိပ်ကို ပေါက်ခဲ့တဲ့ အငယ်ဆုံး ပုဂ္ဂိုလ်အဖြစ်မှတ်တမ်းတင်ခံထားပါတယ်။ ၂၀၁၉ မှာ တက်ပြီးခဲ့ပြီး အဲဒီတုန်းက Mingma ရဲ့ အသက် က ၃၀ ပါ။ သူ့အဖေ Tashi Sherpa နဲ့အတူ ညီအစ်ကိုနှစ်ယောက်ဟာ တောင်တက်လေ့လာရေး ကုမ္ပဏီ ၂ ခုကို ထူထောင်ထားကြပါတယ်။ ၁၉၈၆မှာ အီတလီတောင်တက်သမား Reinhold Messner က တောင် ၁၄ လုံး,လုံးကို ၁၉၈၆ မှာ ပထမဆုံးတက်လို့ပြီးသူ ဖြစ်ခဲ့ပါတယ်။ ခုအချိန်အထိ အဲဒီလို ပြီးအောင်တက်နိုင်သူက ကမ္ဘာမှာ လူ ၄၀ ဝန်းကျင်ပဲ ရှိပါသေးတယ်။ ဒီတောင်တွေဟာဟိမဝန္တာမှာ ရှိပြီး နီပေါ၊ တရုတ်၊ အိန္ဒိယနဲ့ ပါကစ္စတန်နိုင်ငံတွေအထိ ဆက်သွားပါတယ်။ သူက ခုလို ဆက်ပြောပါတယ်။
“တောင်တက်တာကို အားကစားတခုလို ကြည့်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း အားကစားသမား တယောက်လို့ မြင်ပါတယ်။ လူအများအတွက်တော့ ဒါက ဝါသနာကိစ္စ၊ ရူးသွပ်မှုကိစ္စပါ။ ကျနော်လည်း ရူးသွပ်ပါတယ်။ ကျနော့်အတွက်တော့ အားကစားနဲ့ ပိုတူပါတယ်။ အသက်မွေးကျောင်း အားကစားမျိုးပေါ့။”
နီမာ ရင်ဂျီရှာပ ဟာ ၂၀၂၂ ဩဂုတ်လမှာ တောင် ၁၄ လုံးရဲ့ ပထမတောင်ကို စတက်ခဲ့တာပါ။ Mount Manaslu တောင်ဟာ အမြင့် ၈,၁၆၃ မီတာမြင့်ပြီး ကမ္ဘာမှာ အဌမမြောက်အမြင့်ဆုံးတောင်လည်း ဖြစ်ပါတယ်။ ဒီတုန်းက သူ့အသက် ၁၆နှစ်ပဲ ရှိပါသေးတယ်။ ၁၃ တောင်မြောက်တောင် ကန်ချန်ဂျွန်ဂ Kanchenjunga ကို ဇွန်လတုန်းကတက်ခဲ့ပြီး ကမ္ဘာ့တတိယအမြင့်ဆုံးတောင်ကိုတက်နိုင်တဲ့ အငယ်ဆုံး တောင်တက်တက်သမားအဖြစ် မှတ်တမ်းဝင်သွားပါတယ်။
ဒီလိုတောင်တွေကို တက်ရတဲ့အတွက် သူ့အတွက် အကျိုးဖြစ်ပုံကို ခုလို ပြောပါတယ်။
“ဒီ ၂ နှစ်အတွင်း သဘာဝ အကြောင်း.. အများကြီး သင်ယူရရှိပါတယ်။ လူ့ခန္ဓာကိုယ်၊ စိတ်ပညာ၊ လူသစ်တွေနဲ့တွေ့တာ၊သဘာဝတရား.. ကမ္ဘာပေါ်ကအရာရာကို တောင်တွေကနေ ကျနော် သင်ယူရရှိခဲ့ပါတယ်။”
တောင်တခုချင်းစီရဲ့ ထိပ်နားမှာ အောက်ဆီဂျင်နည်းနည်းလေးပဲရှိတာမို့ သေမင်းနယ်ပယ်ထဲမှာ တောင်ထိပ်ကိုရောက်ကြရတာပါ။ တောင်တွေပေါ် ရောက်တဲ့အခါ ဘယ်အချိန်မဆို သေသွားနိုင်ပါတယ်။ ဘဝက ဘယ်လောက် အရေးကြီးသလဲဆိုတာကို အသိအမှတ်ပြုဖို့ လိုပါတယ်လို့ ရှားပက ပြောပါတယ်။ တောင်တက်ခြင်းအားဖြင့် စိတ်ဓာတ်ပိုင်းတိုးတက်လာတာကိုလည်း သူ သတိထားမိပါတယ်။
“စိတ်ပိုင်းအားဖြင့် ဆိုရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိလာပါတယ်။ တောင်တွေပေါ်မှာ ပုံမှန်ပါပဲ။ ဆီးနှင်းပြိုကျလာတာ၊ ရာသီဥတု ဆိုးလာတာ၊ တောင်ပေါ်မှာ မတော်တဆ ဖြစ်တာ .. ကျနော် ပျာယာခတ်မသွားပါဘူး။ တောင်တွေပေါ်မှာဒါတွေက ပုံမှန်ပဲ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိနေပါတယ်။ ဒီလို စိတ်က အထောက်အကူဖြစ်တယ် ထင်ပါတယ်။”
သူ့ ရဲ့ သူရဲကောင်းက Tenzing Norgay Sherpa ပါ။ နယူးဇီလန်နိုင်ငံသား Edmund Hillary နဲ့အတူ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို တက်ခဲ့တဲ့ ပထမဆုံးလူ ဖြစ်ပါတယ်။ ဘောလုံးလောကမှာ မက်ဆီနဲ့ ရိုနယ်ဒိုတို့လိုပဲ တန်ဇင်းဟာ သူ့အတွက်တော့ မဟာတောင်တက်သမားတယောက်ဖြစ်ပါတယ်။ ဒါပေမဲ့ ဥတုရာသီ ပြောင်းလာပြီး တောင်တက်တာ စီးပွါးရေးသဘော ဆန်လာတဲ့အခါ တောင်တက်တာကို ပတ်ဝန်ကျင် ထိန်းသိမ်းရေး ချဥ်းကပ်ပုံအသစ်နဲ့ သူက ချဥ်းကပ်လိုပါတယ်။ သဘာဝ ပတ်ဝန်းကျင် သိပ္ပံဘာသာကို လေ့လာဖို့ သူရည်ရွယ်ထားပါတယ်။ ဒါက ကျနော်လုပ်နေတာရဲ့ကြီးမားတဲ့ ရည်မှန်းချက် ဖြစ်ပါတယ်လို့ သူက ပြောပါတယ်။
Your browser doesn’t support HTML5