[Zawgyi/Unicode]
ကိုဗစ်ကပ်ရောဂါကာလ စိန်ခေါ်မှုတွေ ကြားမှာပဲ မြန်မာနိုင်ငံမှာ ငြိမ်းငြိမ်းချမ်းချမ်း ကျင်းပပြီးစီးသွားတဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရနဲ့ လွှတ်တော်သစ်အပေါ် အကဲခတ်တွေရဲ့ အမြင်တွေကို တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။
ရွေးကောက်ပွဲ ကနဦးမဲရလဒ်တွေအရ အာဏာရ NLD ပါတီက နေရာတော်တော်များများမှာ အနိုင်ရထားတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း စိန်ခေါ်မှုတွေ ကြုံခဲ့ရတဲ့ NLD ပါတီအနေနဲ့ ရွေးကောက်ပွဲမှာ အရင်လို တခဲနက် အနိုင်ရပါ့မလားဆိုတဲ့ မေးခွန်းတွေ ရှိနေပေမဲ့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ အစိုးရဖွဲ့နိုင်လောက်တဲ့အထိ အနိုင်ရမယ့် အလားအလာတွေ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
"၂၀၁၅ ရွေးကောက်ပွဲမှာ NLD အနေနဲ့ အမတ် နေရာ ၃၈၀ ကျော်ရထားတော့ အမတ် ၆၀ လောက်ရှုံးရင်တောင် သူက အစိုးရဖွဲ့နိုင်တဲ့ အနေအထားမှာရှိတဲ့အတွက်ကြောင့် NLD ပါတီအနေနဲ့ တစ်ပါတီထဲ အစိုးရဖွဲ့ဖို့အခြေအနေရှိတာတော့ သူတစ်ပါတီထဲ ရှိသေးတယ်လို့ ပြောရပါလိမ့်မယ်။ ဒါ ကျနော် အစောကြီးထဲက မြင်တဲ့ အချက်ပါပဲ။"
SEE ALSO: ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အနိုင်ရနိုင်ခြေဒီနှစ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေ ၂၂ ခု ရှိတာမို့ ကျန်တဲ့ လွှတ်တော်ကိုယ်စားလှယ်နေရာ စုစုပေါင်း ၄၇၆ နေရာအတွက် ယှဉ်ပြိုင်ကြရတာပါ။ ဒီအထဲက ၃ ပုံ ၂ ပုံ အနိုင်ရတဲ့ နိုင်ငံရေးပါတီက ဦးဆောင်ပြီး အစိုးရဖွဲ့ရမှာဖြစ်တာကြောင့် လက်ရှိအခြေအနေမှာတော့NLD ပါတီကသာ အလားအလာကောင်းနေတယ်လို့လည်း သီပေါမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဟောင်းလည်းဖြစ်၊ နိုင်ငံရေး လေ့လာသုံးသပ်သူလည်းဖြစ်တဲ့ ဦးရဲထွန်းက သုံးသပ်ပါတယ်။ အစိုးရအဖွဲ့ကိုလည်း ပြီးခဲ့တဲ့ သက်တမ်းမှာလိုပဲ ဆက်လက်ဖွဲ့စည်းနိုင်ခြေ ရှိတယ်လို့ ပြောပါတယ်။
"၂၀၁၅ အလွန်မှာ NLD တိုင်းပြည်ကို စီမံအုပ်ချုပ်ခဲ့သလိုမျိုး ကိုယ့်စိတ်ကြိုက်သမ္မတတယောက်ကို တင်မယ်။ အဲဒီ သမ္မတဟာလည်း ရုပ်ပြလောက်ပဲ ဖြစ်မယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောထားတာဖြစ်တော့ နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဆိုတာကို ဆက်ပြီး သက်တမ်း တိုးပြီးတော့ သူကိုယ်တိုင်ကပဲ ဆက်ဦးဆောင်လိမ့်မယ်လို့ထင်တယ်။"
ပြီးခဲ့တဲ့ အစိုးရသက်တမ်းအတွင်း NLD အစိုးရအနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေးအရ စိန်ခေါ်မှုတွေ ကြုံခဲ့ရတာပါ။ အထူးသဖြင့် တိုင်းရင်းသားတွေ အပါအဝင် နိုင်ငံရေး အင်အားစုတွေနဲ့ အားပြိုင်မှုတွေလည်း ရှိခဲ့တာကြောင့် ၂၀၂၀ ပြည့် ရွေးကောက်ပွဲလွန် ပေါ်ပေါက်လာမယ့် အစိုးရသစ်အနေနဲ့ စိန်ခေါ်မှုတွေ ကြုံရနိုင်တဲ့ အလားအလာတွေလည်း ရှိနေတယ်လို့ တိုင်းရင်းသားရေးရာ ကျွမ်းကျင်သူ ဦးမောင်မောင်စိုးက သုံးသပ်ပါတယ်။
"NLD သည် အများစု အနိုင်ရသည် ဖြစ်စေ၊ တစ်ပါတီထဲ အစိုးရဖွဲ့နိုင်သည်ဖြစ်စေ တနိုင်ငံလုံးရွေးကောက်ပွဲကာလမှာ ဘယ်လိုပဲ သဘောထားတွေ ကွဲကွဲ၊ ဘယ်လိုပဲ ပြိုင်ဆိုင်မှုတွေ ပြင်းထန် ပြင်းထန် ၂၀၂၀ လွန် အစိုးရသည် တမျိုးသားလုံးစည်းလုံးညီညွှတ်ရေးကို ဦးဆောင်နိုင်တဲ့ အစိုးရဖြစ်ရင် တိုင်းပြည်အတွက် ရှေးရေးအလားအလာ ကောင်းပါမယ်။ တကယ်လို့သာ တမျိုးသားလုံးကို စည်းရုံးမနိုင်လို့ ကျန်တဲ့ နိုင်ငံရေးပါတီတွေကို ဆွေးနွေးဘက်တွေ၊ တိုင်ပင်ဖော်၊ တိုင်ပင်ဖက်တွေ သဘောမထားဘူးဆိုရင်တော့ ၂၀၂၀ အနာဂတ်က ၂၀၂၀ အလွန်မှာ ခက်ခဲလိမ့်မယ်။"
ရွေးကောက်ပွဲ ကျင်းပဖို့ ရက်ပိုင်းအလိုမှာပဲ အစိုးရနဲ့ ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပြင်ဆင်မှုတွေမှာ အားနည်းချက်တွေ ရှိနေတယ်ဆိုပြီး တပ်မတော်က ဝေဖန်ခဲ့ရာက အစိုးရနဲ့ စစ်တပ်တာဝန်ရှိသူတွေကြား အပြန်အလှန် တုံ့ပြန်ပြောဆိုတာတွေလည်း ကြုံခဲ့ရတာပါ။ ဒီဖြစ်ရပ်ကြောင့် မြန်မာ့နိုင်ငံရေးမှာ ထဲထဲဝင်ဝင်ပါနေတဲ့ တပ်မတော်နဲ့ အရပ်သားအစိုးရကြား တင်းမာမှုတွေ ရှိနေသလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်ခဲ့တာကြောင့် ဒီလိုအခြေအနေတွေကို ကျော်လွှားဖို့လိုမယ်လို့လည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကမြင်ပါတယ်။
"ငြိမ်းချမ်းရေးကိစ္စတွေ၊ ရခိုင်အရေးကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတကာမှာ ရင်ဆိုင်နေရတဲ့ ကိစ္စတွေ တော်တော်များများကိစ္စတွေက တပ်နဲ့ ဆက်ဆံရေးကောင်းဖို့ အရေးကြီးနေတဲ့အခါကျတော့ ရှေ့မတိုးနိုင်ဘူး ဖြစ်နေတဲ့ ကိစ္စတွေမှာ တပ်နဲ့ သဟဇာတ မဖြစ်တဲ့အတွက်ကြောင့်ဆိုတာက တော်တော်လေး ထင်ရှားနေတော့ တကယ်တန်းတပ်နဲ့ ဆက်ဆံရေး ကောင်းဖို့အတွက် အမျိုးသား ရင်ကြားစေ့ရေးဆိုတဲ့ ပေါ်လစီရှိထားပေမဲ့ ဘယ်လို ဒီလက်တွေ့ ဖြစ်စဉ်တွေနဲ့ လုပ်ငန်းစဉ်တွေနဲ့ အကောင်အထည်ဖော်တာရှိ၊ မရှိ ဆိုတဲ့ဟာကို သေသေချာချာ သုံးသပ်ပြီးတော့ လာမယ့် အစိုးရသစ်ကာလမှာ အဲဒီဟာကို ဂရုတစိုက်လုပ်စေချင်တယ်။"
တနင်္ဂနွေနေ့က ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ပြည်နယ် တိုင်းဒေသကြီး မဲဆန္ဒနယ် ၁,၁၅၇ နယ်မြေအတွက် ပါတီပေါင်း ၉၁ ပါတီက ပါတီကိုယ်စားပြုနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်ပေါင်း ၅,၈၃၉ ဦး ယှဉ်ပြိုင်ခဲ့ကြတာပါ။
Your browser doesn’t support HTML5
[Unicode Version]