တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့ ခေါင်းဆောင် ၃ ဦး NLD ရွေးချယ်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအပြီး NLD ရုံးချုပ်ရှေ့မှာ အောင်ပွဲခံနေတဲ့ NLD ပါတီ ထောက်ခံသူများ။ (နိုဝင်ဘာ ၉၊ ၂၀၂၀)

(Zawgyi / Unicode)

တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ဆွေးနွေးဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက ခေါင်းဆောင် ၃ ဦးကို ရွေးချယ်လိုက်တဲ့အကြောင်း ပါတီပြောခွင့်ရတဦးဖြစ်သူ ဒေါက်တာမျိုးညွန့်က ဒီကနေ့ပြောပါတယ်။

“တိုင်းရင်းသားအဖွဲ့များနဲ့ ဆွေးနွေးဖို့အတွက် ကျနော်တို့ ခေါင်းဆောင် ၃ ဦး ရွေးလိုက်ပါတယ်။ တစ်က ဒေါက်တာအောင်မိုးညိုပါ၊ နှစ်က ဒေါ်နန်းခင်ထွေးမြင့်ပါ၊ သုံးက ဦးအင်ထုံးခန်းနော်ဆန်ပါ။ သူတို့ ၃ ဦးကနေပြီးတော့ တိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ ဦးဆောင်ပြီးတော့ ဆွေးနွေးမှာပါ။ အမြန်ဆုံး သူတို့ရဲ့လုပ်ငန်းကို စတင်နိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”

NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးကို နေပြည်တော်မှာ ဒီကနေ့ ကျင်းပပြီးတဲ့နောက် ဒေါက်တာမျိုးညွန့်က သတင်းထောက်တွေကို အဲဒီလိုပြောသွားတာပါ။

SEE ALSO: NLD ရဲ့ငြိမ်းချမ်းရေး ကမ်းလှမ်းမှု တိုင်းရင်းပါတီတချို့ အပြုသဘောနဲ့ တုံ့ပြန်

ဒီအဖွဲ့ အဓိကလုပ်ဆောင်မှာကတော့ တိုင်းရင်းသားပါတီတွေ လိုချင်တဲ့ သဘောထားကို အရင်နားထောင်မယ်၊ ညှိနှိုင်းလို့ရတဲ့ နေရာတွေမှာ ညှိနှိုင်းပြီး ဘုံသဘောထား ရအောင်လုပ်မယ်၊ ပြီးရင် NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့မှာ ပြန်ဆွေးနွေးပြီး အတည်ပြုမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမှာ ပါတီတရပ်တည်းကနေ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်နဲ့ အနိုင်ရခဲ့ပြီးတဲ့နောက် NLD ပါတီက တိုင်းရင်းသားပါတီတွေနဲ့ လက်တွဲလုပ်ဆောင်ရေး ကမ်းလှမ်းခဲ့အပြီး သီတင်းပတ်အတော်အကြာမှာ အခုလို ဆွေးနွေးမယ့်အဖွဲ့ကို ဖွဲ့စည်းလိုက်တာပါ။

အခုလိုလုပ်ဆောင်တာဟာ လတ်တလော အစိုးရဖွဲ့ရေးကိစ္စ ဆိုတာထက် အနာဂတ် ပြည်ထောင်စုသစ်ရဲ့ ပုံသဏ္ဌာန်ကို ဘုံသဘောတူညီမှု ရအောင်လုပ်တာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါပေမယ့်လည်း ပြည်ထောင်စုအစိုးရနဲ့ ပြည်နယ်အစိုးရတွေမှာ ပါဝင်သင့်တဲ့ လူတွေကို တင်ပြလာမယ် ဆိုရင်လည်း ထည့်သွင်းစဉ်းစားရမယ်၊ ပြန်လည်ညှိနှိုင်းရမယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

တပ်မတော်က NLD နဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတယ်ဆိုရင် ပါတီအနေနဲ့ အမြဲတမ်း အသင့်ရှိတဲ့အကြောင်း၊ ဒီနေရာမှာ ဦးထိပ်ထားရမှာက နိုင်ငံရဲ့ အရေးကြီးဆုံး ပြဿနာဖြစ်တဲ့ ပြည်တွင်းစစ်ချုပ်ငြိမ်းရေး၊ နိုင်ငံမှာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဝါဒ ပေါ်ထွန်းရေးဆိုတဲ့ အချက်တွေအပေါ် အခြေခံရင် မဆွေးနွေးနိုင်စရာ ဘာမှမရှိပါဘူးလို့လည်း ဒေါက်တာမျိုးညွန့်က ပြောသွားပါတယ်။

Your browser doesn’t support HTML5

တိုင်းရင်းသားပါတီတွေနဲ့ ညှိနှိုင်းဖို့ ခေါင်းဆောင် ၃ ဦး NLD ရွေးချယ်

-------------------------

(Unicode)





SEE ALSO: ရွေးကောက်ပွဲပြီး မြန်မာ့နိုင်ငံရေးနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ




