တားမြစ်ကုန်ပစ္စည်းတွေကို မြောက်ကိုရီးယားနိုင်ငံနဲ့ အသွားအပြန် အတင်အပို့ လုပ်နေတဲ့ ကုန်တင်သင်္ဘောလေးစင်းကို ကမ္ဘာပေါ်က ဆိပ်ကမ်း ဘယ်နေရာမှာမှ ဆိုက်ကပ်ခွင့်မပြုဖို့ ကုလသမဂ္ဂက ပိတ်ပင်လိုက်ပါတယ်။
အများ ဝိုင်းပယ်တာခံထားရတဲ့ မြောက်ကိုရီးယား အစိုးရအပေါ် နိုင်ငံတကာက ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို စောင့်ကြည့်စစ်ဆေးတဲ့ ကုလသမဂ္ဂကော်မတီ အကြီးအကဲ Hugh Griffiths က နယူးယောက်မြို့မှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပိတ်ပင်လိုက်တဲ့အကြောင်းကို တနင်္လာနေ့က ကြေညာ သွားတာပါ။ ဒီတားမြစ်ချက်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့ကစပြီး အသက်ဝင်သွားတာ ဖြစ်တယ်လို့လည်း သူက ပြောသွားပါတယ်။
ရေကြောင်းသွားလာမှုဆိုင်ရာ အချက်အလက်တွေအရ အခု တားမြစ်လိုက်တဲ့ သင်္ဘောတွေကတော့ - အရှေ့အာဖရိက ကျွန်းနိုင်ငံ Comoros မှာ မှတ်ပုံတင်ထားတဲ့ Petrel 8 ၊ ကာရေဘီယံပင်လယ်ထဲက Saint Kitts and Nevis ကျွန်းနိုင်ငံမှာ မှတ်ပုံတင်ထားတဲ့ Hao Fan 6 ၊ မြောက်ကိုးရီးယားပိုင် Tong San အမှတ် 2 သင်္ဘော နဲ့ နောက်တစင်း ကတော့ ဘယ်နိုင်ငံမှာမှ မှတ်ပုံတင်မထားတဲ့ Jie Shun ဆိုတဲ့ သင်္ဘောတွေ ဖြစ်ပါတယ်။
မြောက်ကိုရီးယားနိုင်ငံရဲ့ ဒုံးကျည် စမ်းသပ်ပစ်လွှတ်မှုတွေကို ဒဏ်ခတ်အရေးယူတဲ့အနေနဲ့ မြောက်ကိုးရီးယားရဲ့ ကျောက်မီးသွေး၊ သံ၊ ခဲ နဲ့ ရေထွက်ကုန်ပစ္စည်းတွေ တင်ပို့မှုအပေါ် ပိတ်ပင်တားမြစ်ချက်တခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက သြဂုတ်လမှာ အတည်ပြုပြဌာန်းခဲ့တာပါ။ အခုနောက်ဆုံးချမှတ်လိုက်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု သစ်တွေကိုတော့ မြောက်ကိုရီးယားက ခြောက်ကြိမ်မြောက် နျူကလီးယားစမ်းသပ်မှု လုပ်ပြီးတဲ့နောက် ပြီးခဲ့တဲ့ စက်တင်ဘာလကပဲ ချမှတ်လိုက်တာ ဖြစ်ပါတယ်။
Your browser doesn’t support HTML5