(Zawgyi / Unicode)
စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတွေထဲမှာ အရပ်သားတွေအပေါ် အာဏာသိမ်း စစ်ကောင်စီတပ်တွေက အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လက်ရှိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာ ကျင်းပနေတဲ့ လူ့အခွင့်အရေးကောင်စီမှာ စက်တင်ဘာလ ၁၉ ရက်နေ့ တနင်္ဂနွေနေ့က NUG လူ့အခွင့်အရေးဝန်ကြီးဌာနက တင်သွင်းခဲ့ပါတယ်။
ဇူလိုင်လ၊ သြဂုတ်လနဲ့ စက်တင်ဘာလတွေအတွင်း ဒီတိုင်းဒေသကြီး ၂ ခုမှာ အာဏာသိမ်း စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင် နယ်မြေရှင်းရေးတွေ လုပ်ခဲ့ပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ အသက်သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်မှု၊ ဥပဒေမဲ့ ဖမ်းဆီးမှု စတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အထောက်အထားများနဲ့တကွ တင်သွင်းခဲ့ကြောင်း NUG လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အခုလို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်တဲ့ အာဏာသိမ်း စစ်ကောင်စီအပေါ် လက်နက်တင်ပို့မှု ပိတ်ပင်ခြင်း၊ နိုင်ငံတကာ ရာဇဝတ်မှုခုံရုံး အပါအဝင် နိုင်ငံတကာ လုပ်ထုံးလုပ်နည်းများအရ ထိရောက်စွာ အရေးယူခြင်းတွေ ပြုလုပ်ဖို့ကိုလည်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ဒေသအတွင်းက ပြည်သူတွေကို လူသားခြင်းစာနာတဲ့ အထောက်အကူများ ပေးဖို့ကိုလည်း NUG အစိုးရက တောင်းဆိုထားပါတယ်။
Your browser doesn’t support HTML5
------------------------
(Unicode)