ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း OIC ကိုယ်စားလှယ် သွားရောက်

CoxBazar ဒုက္ခသည်စခန်း OIC ကိုယ်စားလှယ် သွားရောက်( Organisation of Islamic Cooperation (OIC)

OIC လို့ခေါ်တဲ့အစ္စလာမ်မစ်နိုင်ငံများအဖွဲ့ကကိုယ်စားလှည်တချို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ရိုဟင်ဂျာမူဆလင် ဒုက္ခသည်စခန်းတွေကို ဇန်နဝါရီလ ၄ရက်နေ့တုန်းက လာရောက်ကြည့်ရှုခဲ့ကြပါတယ်။ သူတို့အဖွဲ့က ရိုဟင်ဂျာတွေရဲ့အခြေအနေ တွေနဲ့ပတ်သက်ပြီး အစီရင်ခံစာတစောင်ထုတ်ပြန်ဖို့လည်းရှိနေပါတယ်။ ဒီအကြောင်း ကိုကျော်အောင်လွင်က ဆက်ပြီး ပြောပြပါလိမ့်မယ်။

အဖွဲ့ဝင်၁၃ဦးပါတဲ့ OIC ကိုယ်စားလည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့နယ်စပ်မှာရှိတဲ့ ရိုဟင်ဂျာမူဆလင်ဒုက္ခသည်စခန်း တွေကို ဇန်နဝါရီလ ၄ရက်နေ့တုန်းက သွားရောက်ခဲ့ကြပါတယ်။ အဓမ္မကျင့်ခံခဲ့ရတဲ့သူတွေ၊ မတရားစော်ကားခံကြရတဲ့ ဒုက္ခသည်တွေရဲ့ပြောပြတဲ့ အတွေ့အကြုံတွေကိုနား ထောင်ခဲ့ကြပါတယ်။ အခုလိုဒုက္ခသည်စခန်းတွေကိုလာပြီးလေ့လာ ကြည့်ရှုခဲ့တဲ့ကိစ္စကနေ အစီရင်ခံစာတစောင်ထုတ်ပြန်သွားဖို့လည်းရှိတယ်လို့ အဖွဲ့ခေါင်းဆောင် Dr. Rashi al Baluchi ကပြောပါတယ်။

"ရိုဟင်ဂျာတွေရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီးကျနော်တို့ရဲ့အကြံပြုချက်တွေနဲ့ထောက်ခံချက်ကို အစီရင်ခံစာထဲမှာ ထည့်သွင်းသွားဖို့ရှိပါတယ်။ ဒီနိုင်ငံအတွင်းက ကျနော်တို့ရဲ့မူဆလင်ညီအကိုတွေရဲ့ တကယ့်အခြေအနေတွေကို သိနိုင် မြင်နိုင်အောင်၊ အခုဒီခရီးစဉ်ဖြစ်မြောက်အောင်စီစဉ်ပေးခဲ့တဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို ကျနော်တို့ ဘက်က ကျေးဇူးတင်တဲ့ အကြောင်း ကျနော်ထပ်ပြောပါရစေ။"

OIC ကိုယ်စားလှည်အဖွဲ့မှာပါဝင်သူ အမျိုးသမီး Raihan Binti Abdullah ကတော့ ရိုဟင်ဂျာတွေကြုံခဲ့ရတဲ့အဖြစ်ဟာ လူမျိုးနွယ်စုအလိုက်ရှင်းလင်းမှုပဲ လို့ဆိုပါတယ်။

"သူတို့ကြုံခဲ့ရတဲ့အဖြစ်အပျက်တွေကို ကျမတို့ကိုပြန်ပြီးပြောပြချက်တွေအရ သတ်ဖြတ်မှု၊ ညှင်းပမ်းနှိပ်စက်မှုနဲ့ စဉ်းစားလို့ တောင်မရနိုင်လောက်အောင် ဆိုးဝါးတဲ့အခြေအနေတွေ သူတို့ကြုံခဲ့ရတာပါ။ ကျမတဦးထဲရဲ့ အမြင်အရပြောရမယ်ဆိုရင် ဒါက လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးနွယ်စုအလိုက်ရှင်းလင်းဖယ်ရှားမှု၊ လူနည်းစုရိုဟင်ဂျာတွေကို ကျူးလွန်တဲ့ ပြစ်မှုတွေပါ။ ဘာကြောင့်လဲဆိုတော့ သူတို့ကမူဆလင်ဖြစ်နေလို့ပါပဲ။ ကျမတို့က နိုင်ငံ၅၇ခုပေါင်းစုထားတဲ့ OIC အဖွဲ့ရဲ့အကြံပေး တွေပါ။ မြန်မာနိုင်ငံအတွင်းက မူဆလင်တွေရဲ့အခြေအနေတွေနဲ့ပတ်သက်ပြီး ကျမတို့ အလွန်အင်မတန်မှ စိုးရိမ်ပူပန်ပါ တယ်။"

OIC အဖွဲ့က ကိုယ်စားလှည်တဦးဖြစ်တဲ့ S.K Kaggwa ကတော့ အပြစ်ကျူးလွန်သူတွေကို အရေးယူနိုင်မှဖြစ်မယ်လို့ ဆိုပါတယ်။

"ကျနော်တို့ရဲ့လုပ်ဆောင်မှုက မှတ်တမ်းအဖြစ်ရှိသွားမှာပါ။ အခုကိစ္စမှာ အပြစ်ရှိတဲ့သူတွေကို တရားဥပဒေအရ အရေးယူ ရမှာပါ။ ဒီဒုက္ခသည်စခန်းတွေထဲမှာ ရှိနေတဲ့ ရိုဟင်ဂျာတွေရဲ့ နာကျင်မှုနဲ့ဒဏ်ရာဒဏ်ချက်တွေကို သက်သာပျောက်ကင်းအောင် ကုသနိုင်ဖို့က တရားဥပဒေအရ အရေးယူဖို့ကလွဲပြီး တခြားလမ်းမရှိပါဘူး။ အဲဒီလိုမှမဟုတ်ရင် သူတို့ဟာ သစ္စာ အဖောက် ခံရတယ်လို့ခံစားရပါလိမ့်မယ်"

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာလွန်ခဲ့တဲ့ ၄လလောက်က ဖြစ်ပွါးခဲ့တဲ့အကြမ်းဖက်မှုတွေနဲ့အစိုးရလုံခြုံရေးတပ်ဖွဲ့တွေရဲ့ နယ်မြေရှင်းလင်းရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကိုထွက် ပြေးလာခဲ့ကြတဲ့ ရိုဟင်ဂျာမူဆလင်အရေအတွက်က ၆သိန်း၅သောင်း၅ထောင်လောက်ရှိသွားပါပြီ။

Your browser doesn’t support HTML5

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း OIC ကိုယ်စားလှယ် သွားရောက်