အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နေရာမှာ CIA ညွှန်ကြားရေးမှူး Mike Pompeo နဲ့ အစားထိုးဖို့ ဆုံးဖြတ်ခဲ့တဲ့ သမ္မတ Donald Trump က သူနဲ့ Tillerson တို့ကြားမှာ နိုင်ငံခြားရေး မူဝါဒတချို့နဲ့ ပတ်သက်လို့ သဘောမတူတာတွေ ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ဝန်ကြီး Tillerson ထမ်းဆောင်ခဲ့တဲ့ တာဝန်တွေ အတွက် အသိအမှတ်ပြု တန်ဖိုးထားတယ်လို့လည်း သမ္မတ Trump က ဆိုခဲ့ပါတယ်။ မတ်လကုန်တဲ့ အထိ နိုင်ငံခြားရေးဝန်ကြီး တာဝန်ကိုယူသွားမယ့် Tillerson ကတော့ ကမ္ဘာ့ရေးရာတွေမှာ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ အရေးကြီးတယ်လို့ အင်္ဂါနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ အပြည့်အစုံကို မစုမြတ်မွန်က ဆက်ပြီး တင်ပြပါမယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ရာထူးကနေ ဖယ်ရှားပြီး သူ့နေရာမှာ CIA ထောက်လှမ်းရေး အကြီးအကဲ Mike Pompeo နဲ့ အစားထိုးမယ်လို့ သမ္မတ Donald Trump က Twitter လူမှုကွန်ယက်ပေါ်ကနေ အင်္ဂါနေ့ အစောပိုင်းမှာ ကြေညာလိုက်တဲ့အတွက် အမေရိကန်နိုင်ငံရေး အသိုင်းအဝိုင်းမှာ သာမက ကမ္ဘာ့သံတမန် အသိုင်းအဝိုင်းကြားမှာပါ အံ့အားသင့်ခဲ့ကြပါတယ်။ Trump အစိုးရ နိုင်ငံခြားရေးမူဝါဒမှာ အဓိကကျတဲ့ အီရန်နဲ့ Nuclear သဘောတူညီမှုကိစ္စ၊ မြောက်ကိုရီးယားအပေါ် ချဉ်းကပ်တဲ့ပုံစံ စတာတွေနဲ့ ပတ်သက်လို့ သူနဲ့ Mr. Tillerson ကြား သဘောထား မတူတဲ့အတွက် ခုလို ရာထူးကနေ ဖယ်ရှားရတာလို့ သမ္မတ Trump ကပြောကြားခဲ့ပါတယ်။ Mr. Tillerson နိုင်ငံခြားရေးတာဝန် ထမ်းဆောင်ခဲ့တဲ့ အပေါ် အသိအမှတ်ပြုတယ်လို့လည်း သမ္မတက ခုလိုဆိုပါတယ်။
“ Rex Tillerson နဲ့ပါတ်သက်ပြီးပြောရင် အလုပ်အပေါ် စိတ်ကိုနှစ်မြှုပ်ပြီး အလေးအနက်ထားတဲ့ အတွက်ရော သူ့ထမ်းဆောင်ခဲ့တဲ့ တာဝန်အတွက်ပါ အများကြီး အသိအမှတ်ပြု တန်ဖိုးထားပါတယ်။ သူဟာ လူကောင်းတယောက်ပါ။ ဒီအလုပ်ကနေ သူနားဖို့ကိစ္စ ကျွန်တော်နဲ့သူ ဆွေနွေးခဲ့ကြတာ ကြာပါပြီ။ ကျွန်တော်တို့ ကြားမှာလည်း တော်တော်လေး အဆင်ပြပါတယ်။ ဒါပေမဲ့ တချို့ကိစ္စတွေမှာ သဘောထား ကွဲတာတော့ရှိပါတယ်။ အီရန်နဲ့သဘောတူထားတဲ့ ကိစ္စကိုပဲကြည့်ပါ။ သိပ်ကိုဆိုးပါတယ်။ သူဖက်ကတော့ အဆင်ပြေတယ်လို့ ထင်ပါလိမ့်မယ်။ ကျွန်တော်ကတော့ အီရန်သဘောတူညီမှုကို ဖျက်ရင်ဖျက် ဒါမှမဟုတ် တခုခုလုပ်စေချင်ပါတယ်။ သူကတော့ အဲလိုမထင်ပါဘူး။ ဒီမှာတင် ကျွန်တော်တို့ တွေးတာချင်း ကွဲနေပါတယ်။ Mike Pompeo နဲ့ကျတော့ တွေးတာမြင်တာချင်း သိပ်ဆင်တူပါတယ်။ သိပ်ကို အလုပ်ဖြစ်မယ်လို့ ထင်ပါတယ်။”
Mr. Tillerson ဟာ အာဖရိကတိုက်နိုင်ငံတွေဆီ သီတင်း ၁ ပါတ်ကြာခရီးထွက်နေတာဖြစ်ပြီး Washington ကနေပြန်ခေါ်တဲ့အတွက် ခရီးစဉ်မပြီးဆုံးခင် အင်္ဂါနေ့မှာ ပြန်ရောက်လာတာဖြစ်ပါတယ်။ တာဝန်ကနေ အနားပေးခံရတဲ့အကြောင်း သူ ဘယ်လိုသိရတယ်ဆိုတာကို ဝန်ကြီး Tillerson က နိုင်ငံခြားရေးဌာနမှာ လုပ်တဲ့ သတင်းစာရှင်းပွဲမှာ ခုလိုပြောခဲ့ပါတယ်။
“ ဒီကနေ့ နေ့လည် ၁၂ နာရီကျော်ကျော်လေးမှာ Air Force One လေယာဉ်ပေါ်ကနေ အမေရိကန်သမ္မတ ကျွန်တော့်ဆီ ဖုန်းဆက်ပြောပါတယ်။ ရှေ့လာမယ့်ရက်တွေမှာ အခြေအနေ ရှင်းရှင်းလင်းလင်း ဖြစ်ဖို့အတွက် အိမ်ဖြူတော် အရာရှိချုပ် Kelly နဲ့လည်း ကျွန်တော်စကားပြောပြီးပါပြီ။ နိုင်ငံမှာ မူဝါဒပိုင်းနဲ့ အမျိုးသားလုံခြုံရေး ဆိုင်ရာ စိန်ခေါ်မှုတွေကို ရင်ဆိုင်နေရချိန်မှာ စနစ်တကျနဲ့ ညင်သာတဲ့ အပြောင်းအလဲဖြစ်ဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။”
နိုင်ငံခြားရေးဝန်ကြီး တာဝန်ကို Mr. Tillerson မတ်လ ၃၁ ရက်နေ့အထိ ထမ်းဆောင်သွားမှာဖြစ်ပြီး ဝန်ကြီးအသစ် Mike Pompeo နဲ့ တာဝန်အပြောင်းအလဲ အဖုအထစ် မရှိအောင် ဆောင်ရွက်သွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။
“ ဒီနေ့ကနေစပြီး နေ့စဉ်တာဝန်တွေ အားလုံးကို ဒုတိယနိုင်ငံခြားရေးဝန်ကြီး Sullivan ကို လွှဲပေးမှာဖြစ်ပါတယ်။ ကျွန်တော့်ရဲ့နိုင်ငံခြားရေးဝန်ကြီး တာဝန်ကတော့ မတ်လ ၃၁ ရက်နေ့ကျမှ ပြီးဆုံးမှာပါ။ အခုကနေ အဲဒီအချိန်ကာလကြား ကျွန်တော်ထွက်မယ့် ကိစ္စနဲ့ ဝန်ကြီးတာဝန်ယူမယ့် Mike Pompeo ကိုစနစ်တကျ အခက်အခဲမရှိ တာဝန်အလွှဲအပြောင်းလုပ်မယ့်ကိစ္စနဲ့ ပတ်သက်တဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ဆိုင်တာ တချို့ကိုတော့ ကျွန်တော် ကိုင်တွယ်မှာဖြစ်ပါတယ်။”
Exxon Mobile ရဲ့ CEO ဟောင်း Rex Trillerson နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလမှာ စတင်ယူခဲ့ချိန်က နိုင်ငံခြားရေးနဲ့ ပတ်သက်တဲ့ အတေ့ွအကြုံ ရှိသူမဟုတ်ပါဘူး။ ဒါပေမဲ့ ဆီးရီးယားအရေး၊ IS စစ်သွေးကြွတို့ကို ချေမှုန်းနိုင်ရေး၊ မြောက်ကိုရီးယားအရေးလို အရေးကြီးတဲ့ ကမ္ဘာ့ရေးရာကိစ္စတွေကို အလေးအနက်ထား ကိုင်တွယ်ခဲ့တယ်လို့ လေ့လာသူတွေက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကနေ အနားယူတော့မယ့် Mr. Tillerson က ကမ္ဘာအနှံ့ အမေရိကန် သံရုံးမှာအလုပ်လုပ်နေကြတဲ့ နိုင်ငံခြားရေးဌာန ဝန်ထမ်းတွေ၊ စစ်မှုထမ်းတွေကိုလည်း ကျေးဇူးတင် အသိအမှတ်ပြုကြောင်း အင်္ဂါနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားသွားပါတယ်။ ကမ္ဘာ့ရေးရာကိစ္စတွေ အောင်မြင်စေဖို့အတွက် မဟာမိတ်နိုင်ငံတွေ မိတ်ဆွေနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်ခြင်းက အရေးကြီးတယ်ဆိုတာကိုလည်း သူက ခုလို အလေးထားပြောကြားသွားခဲ့ပါတယ်။
“ မဟာမိတ်တွေနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့ အတွက် မြောက်ကိုရီးယားအပေါ် အပြင်းထန်ဆုံး ဖိအားပေး ဆောင်ရွက်မှုဟာ အများ မျှော်လင့်တာထက်ကို ကျော်လွန် အောင်မြင်ခဲ့ပါတယ်။ အဲဒီဒေသကို နိုင်ငံခြားရေးဝန်ကြီး အနေနဲ့ ကျွန်တော် ပထမဆုံး သွားခဲ့တုန်းက မဟာဗျူဟာအရ စိတ်ရှည်သည်းခံခဲ့တဲ့ ခေတ်ကုန်သွားပြီ၊ အရေးယူဒဏ်ခတ်တဲ့ အတိုင်းအတာတင်မက ထိရောက်မှုရှိအောင်ပါ သိသိသာသာ တိုးမြှင့်သွားမယ်လို့ ကျွန်တော် ကြေညာပြီး ဆောင်ရွက်ခဲ့တာပါ။ ကမ္ဘာတဝန်းမှာရှိတဲ့ မိတ်ဆွေနိုင်ငံတွေ မဟာမိတ်နိုင်ငံတွေပါ အမေရိကန်နဲ့အတူ လက်တွဲလာအောင် ကျွန်တော်တို့ နိုင်ငံခြားရေးဌာနက ဆောင်ရွက်ခဲ့တာမှာ အမေရိကန်သံရုံးတိုင်းက ဒီကိစ္စကို အမြင့်ဆုံး အဆင့်မှာထားပြီး စည်းရုံးခဲ့ပါတယ်။ တနှစ်ပတ်လုံး ကျွန်တော်ရဲ့ တွေ့ဆုံဆွေးနွေးမှုတိုင်းမှာ ဒီကိစ္စကို ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။”
မြန်မာနိုင်ငံအပါအဝင် အာရှနိုင်ငံတချို့ကိုလည်း ဝန်ကြီး Tillerson သွားရောက်ခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ပေါ်ထွန်း ခိုင်မာလာစေရေးအတွက် အစဉ်အဆက် အားပေးကူညီခဲ့တဲ့ အမေရိကန်အနေနဲ့ ဆက်ပြီးထောက်ခံပံ့ပိုးသွားမယ်ဆိုတာကို သူ နေပြည်တော်ကို ၂၀၁၇ November လကလာစဉ်မှာထပ်ပြီး အာမခံသွားခဲ့ပါတယ်။
ဒါ့အပြင် အဲဒီအချိန်တုန်းက နိုင်ငံတကာရဲ့အာရုံစိုက်စရာ ဖြစ်နေတဲ့ ရခိုင်ပြည်နယ်ထဲကနေ ရိုဟင်ဂျာသိန်းနဲ့ချီ ထွက်ပြေးနေတဲ့ ကိစ္စနဲ့ပတ်သက်လို့လည်း အမေရိကန်အစိုးရက စိုးရိမ်ကြောင်း ပြောကြားသွားခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ Washington ကိုပြန်ရောက်ပြီး နောက်မှာလည်း ရိုဟင်ဂျာတွေအပေါ် မြန်မာလုံခြုံရေး တပ်တွေရဲ့ပြုမူဆောင်ရွက်မှုဟာ လူမျိုးစုလိုက် ရှင်းလင်းဖယ်ရှားရာ ရောက်တယ်လို့ Mr. Tillerson ကကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအဖြစ် ၁၄ လကြာ တာဝန်ထမ်းခဲ့တဲ့ Mr. Tillerson က တာဝန်ပြီးဆုံးသွားတဲ့နောက် သူ့အနေနဲ့ အမေရိကန်ဖြစ်ရတာ ဂုဏ်ယူတဲ့ နိုင်ငံသားတယောက်ဘဝနဲ့ပဲ ဆက်နေသွားတော့မယ်လို့ ပြောပါတယ်။ နိုင်ငံအတွက် တာဝန်ထမ်းဆောင်နိုင်တဲ့ အခွင့်အလမ်းရတဲ့အတွက်လည်း ဂုဏ်ယူတယ်လို့ အင်္ဂါနေ့ သတင်းစာရှင်းပွဲမှာ Rex Tillerson ကပြောကြားသွားခဲ့ပါတယ်။
Your browser doesn’t support HTML5