ပလက်ဝနဲ့ ရခိုင်ပြည်မြို့နယ် ၈ ခုမှာ အင်တာနက်ပိတ်

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်းစေတီပုထိုးများ (နိုဝင်ဘာ၊ ၀၈၊ ၂၀၁၂)

(Zawgyi/Unicode)

စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ဘူးသီးတောင် မောင်တောအပါအဝင် မြို့နယ် ရှစ်ခုမှာ တနင်္လာနေ့က စပြီး အင်တာနက် ဆက်သွယ်ရေး ယာယီ ပိတ်လိုက်ပါတယ်။ အခုလို အင်တာနက်ဆက်သွယ်ရေးကို ပိတ်လိုက်တာဟာ ဒေသတွင်းကသတင်းတွေ အပြင်ကို မရောက်အောင် သတင်းမှောင်ချဖို့ ကြိုးစားတာ ဖြစ်တယ်ဆိုပြီး ဒေသခံတွေက စိုးရိမ်နေကြပါတယ်။ ဒီအကြောင်း ဗွီအိုအေ သတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်နဲ့ ရခိုင်မြောက်ပိုင်းက ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနဲ့ မြေပုံမြို့နယ်တွေကို မနေ့က ည ၁၀ နာရီဝန်းကျင် လောက်မှာ အင်တာနက် လိုင်းဖြတ်တောက်ခဲ့တာပါ။

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက ဒေသတစ်ချို့ကို အခုလို အင်တာနက်လိုင်း ဖြတ်တောက်ပြီး ဒေသအတွင်း သတင်းတွေကို အမှောင်ချဖို့ ကြိုးစားတာကြောင့် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့ ဘူးသီးတောင်မြို့နယ် ဒေသခံ တဦးဖြစ်တဲ့ ကိုဝင်းနိုင်က ပြောပါတယ်။

"ကျနော်တို့ဘက်မှာ အခုက ဒုတိယအကြိမ်ပေါ့နော်။ ကျနော်တို့ အင်တာနက် ဖြတ်တောက်ခံရတာ။ ပထမတစ်ကြိမ်လည်း ကျနော်တို့ ဘူးသီးတောင် မောင်တော ရသေ့တောင်ပေါ့နော်။ ပိတ်လိုက်တယ်။ ပြီးတော့ ပြန်ဖွင့်တယ်။ အခုပြန်ပိတ်တယ်။ အခက်အခဲတွေကတော့ နယ်တွေမှာက တိုက်ပွဲက နေ့တိုင်းလိုလို ဖြစ်နေတယ်။ ဒီဒေသရဲ့ အခြေအနေကလည်း ကျနော်တို့ လွန်ခဲ့တဲ့ ၂၀၁၂ ကတည်းက ဘူးသီးတောင် မောင်တော ဆိုတာက conflict - ဧရိယာတစ်ခု ဖြစ်နေတယ်။ အဲဒီတုန်းကတော့ သတင်းအချက်အလက်တွေကို လူမှုကွန်ယှက်ပေါ်မှာ အများကြီး ဖတ်ရတယ်လေ။ တစ်ကမ္ဘာလုံးကလည်း ဒီဒေသမှာဖြစ်နေတဲ့ အခက်အခဲတွေကို သိတယ်ပေါ့နော်။ အခုအင်တာနက်လိုင်း ဖြတ်လိုက်တော့ သတင်းတွေကို အမှောင်ချလိုက်သလို ဖြစ်သွားတာပေါ့နော်။"

စစ်ပွဲတွေ ဖြစ်ပွားနေတဲ့ ဒေသတွေအတွက် သတင်းအချက်အလက်တွေ သိရဖို့ သိပ်ကို အရေးကြီးနေတာ ကြောင့် အခုလို အင်တာနက်လိုင်း ဖြစ်တောက်လိုက်တာဟာ မဖြစ်သင့်ဘူးလို့လည်း ပလက်ဝဒေသခံ ကိုထွန်းလင်းက ပြောပါတယ်။

"သတင်းကို မသိနိုင်တော့ ကျနော်တို့ ဘယ်လိုမှ ပြောလို့မရဘူးလေ။ ဘယ်လိုမှ ထုတ်ပြောလို့မရ၊ ဖတ်လို့လည်းမရ၊ ရေးလို့လည်းမရ သတင်းမရတော့ ကျနော့်အတွက်တော့ အများကြီးအခက် အခဲရှိတာ ပေါ့နော်။ အင်တာနက်လည်း သုံးမရ ဖုန်းလိုင်းပဲ သုံးလို့ရတယ် ဆိုတော့လေ။"

ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်လိုက်တာနဲ့ ပတ်သတ်ပြီး ပြည်နယ်အစိုးရကို တစ်စုံတစ်ရာ အကြောင်းကြားတာ မရှိဘူးလို့လည်း ရခိုင်ပြည်နယ် နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး မင်းသန်းက ပြောပါတယ်။

"အဲတာတော့ ပြည်ထောင်စုက လုပ်တာထင်တယ်။ ကျနော်တို့လည်း မသိဘူး။ အကြောင်းလည်း မကြားဘူးဗျာ။"

ချင်းပြည်နယ်က ပလက်ဝမြို့နယ်အပါအဝင် ရခိုင်မြောက်ပိုင်းက မြို့နယ် ၈ ခုကို ဆက်သွယ်ရေးဆိုင်ရာ ဥပဒေနဲ့ အညီ ညွန်ကြားချက်အရ အင်တာနက် ဝန်ဆောင်မှု ယာယီရပ်ဆိုင်းလိုက်တာ ဖြစ်တယ်လို့လည်း မြန်မာဆက်သွယ်ရေး လုပ်ငန်းတစ်ခုဖြစ်တဲ့ Myanmar Posts and Telecommunications (MPT) က မမို့သွယ်က ပြောပါတယ်။

"ရခိုင်ပြည်နယ်ရယ်၊ ချင်းပြည်နယ်ရယ၊် ရခိုင်ပြည်နယ်မှာဆိုရင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ ကျောက်တော် မင်းပြားနဲ့ မြေပုံ ပေါ့။ ချင်းပြည်နယ်မှာဆိုရင် ပလက်ဝပေါ့နော်။ အဲတာ တွေကို အင်တာနက် လိုင်းယာယီရပ်ဆိုင်းထားတာပါ။ အဲတာကတော့ ဆက်ရေးဆိုင်ရာ ဥပဒေနဲ့ အညီ ညွန်ကြား ချက် အရ ကျမတို့အနေနဲ့ အင်တာနက် ဝန်ဆောင်မှုကို ယာယီရပ်ဆိုင်းလိုက်တာပဲ ဖြစ်ပါတယ်။"

စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းမှာ အခုလိုအင်တာနက် လိုင်းဖြတ်တောက်လိုက်တာဟာ အစိုးရတစ်ရပ် အနေနဲ့ မလုပ်သင့်တဲ့ အလုပ်ကို လုပ်နေတာဖြစ်တယ်လို့ ဘူးသီးတောင်မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်ဇံက ပြောပါတယ်။

"အင်တာနက် ဖြတ်တောက်လိုက်တော့ သွားရေးလာရေး၊ ကျန်းမာရေး အကုန်အခက်အခဲ ရှိတာပေါ့။ အခုက ဘယ်လိုအခြေအနေရှိနေလဲဆိုတော့ စစ်ဖြစ်နေတယ်။ စစ်ဖြစ်နေတော့ အခုက အင်တာနက် သတင်းကိုပဲ အခြေခံပြီးတော့ အလုပ်လုပ်နေကြတာ။ ဥပမာ ရွာတွေမှာ ဒုက္ခဖြစ်တယ်။ တိုက်ပွဲဖြစ်တော့ တိုက်ပွဲရှောင်တွေ ဘယ်နေရာကို ရောက်နေပြီ ဘယ်လိုကူညီပေးရမယ် ဆိုတာကို အင်တာနက်ကပဲ ဆက်သွယ်နေကြတာ။ ပြီးတော့ ဘယ်ရွာမှာ ဘယ်သူက ကျည်ဒဏ်ရာ ရတယ်။ အဲဒီလူတွေ ဘယ်နေရာမှာ ဘယ်နှစ်ယောက် ရောက်နေတယ်။ အဲတာကို ဘယ်အဖွဲ့တွေက ကူညီမယ် ဆိုပြီးတော့ အင်တာနက်နဲ့ပဲ အလုပ်လုပ်နေကြတာ အဲတာကို သတင်းပိတ်လိုက်တော့အခက်အခဲ အများကြီးရှိလာတယ်။ ဒါဟာ အစိုးရတစ်ရပ်အနေနဲ့ မလုပ်သင့် မလုပ်ထိုက်တာ ဘာကြောင့်လုပ်ရတယ် ဆိုတာကိုလည်း ကြိုတင်အသိပေးတာ မရှိဘူး။"

အစိုးရတပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ စစ်ရေးတင်းမာနေတဲ့ ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနဲ့ ပုဏ္ဏားမြို့နယ်တွေကို ပြီးခဲ့တဲ့ ၂၀၁၉ခုနှစ် ဇွန်လ ၂၂ ရက်နေ့က အင်တာနက် လိုင်းဖြတ်တောက်ခဲ့တာ ဖြစ်ပြီး စက်တင်ဘာလ တရက်နေ့ကမှ ပြန်ဖွင့်ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို အင်တာနက်လိုင်း ဖြတ်တောက်လိုက်တာဟာဒေသအတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခကို ပိုပြီးတော့ ဆိုးရွားစေနိုင်သလို ပြည်သူလူထုအတွက် ဆိုးကျိုးတွေ ပိုများလာနိုင်တယ်လို့ နိုင်ငံရေးလေ့လာ သုံးသပ်သူတွေက ပြောဆိုကြပါတယ်။

Your browser doesn’t support HTML5

ပလက်ဝနဲ့ ရခိုင်ပြည်မြို့နယ် ၈ ခုမှာ အင်တာနက်ပိတ်

[Unicode Version]














