ဒုက္ခသည် မဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်ရောက်

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi

UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဟာ ဘင်္ဂဘလားဒေ့ရှ်နိုင်ငံကို ရောက်လာကြတဲ့ သူတို့အခေါ် ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေရှိရာ တိုင်းပြည်တောင်ပိုင်းက Kutupalong ကို စနေနေ့က သွားရောက်ပြီး ဒုက္ခသည်တွေနဲ့ တွေ့ဆုံခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာကြသူတွေဟာ ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေကို ရင်ဆိုင်ခဲ့ကြရကြောင်း၊ သူတို့ ခံစားနေရတာတွေဟာ လတ်တလော သူတို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တာထက် ကာလ ရှည်ကြာစွာ တည်ရှိနေမှာ ဖြစ်ကြောင်း မဟာမင်းကြီး Filippo Grandi က ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ်အတွင်း တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည် လေးသိန်း ကျော် ထွက်ပြေးလာကြတယ်လို့ ဆိုပါတယ်။ ဒုက္ခသည်တွေ အလုံးအရင်းနဲ့ ထွက်ပြေးလာကြတာကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းက Cox’s Bazaar ဒေသမှာ ထောင်နဲ့ချီတဲ့ ယာယီစခန်းတွေ တည်ဆောက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခအပေါ် မြန်မာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ နိုင်ငံတကာက ဝေဖန် ပြောဆိုမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့တွေရဲ့လုပ်ရပ်ဟာ လူမျိုးတုံး သတ်ဖြတ်မှု ပုံစံပေါက်နေကြောင်း ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ဝေဖန် ပြောဆိုခဲ့ကြပါတယ်။

ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Filippo Grandi ဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းကလည်း မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီး သူ့အခေါ် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုဖို့ မြန်မာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

Your browser doesn’t support HTML5

ဒုက္ခသည် မဟာမင်းကြီး ဘင်္ဂလားဒေ့ရှ်ရောက်