နှစ်သစ် ၂၀၁၈ ခုနှစ်အတွင်း မြန်မာနိုင်ငံ တိုးတက်ပြောင်းလဲရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေးနဲ့ပတ်သက်လို့ တိုင်းရင်းသား အဖွဲ့အစည်းတွေက အကောင်းမြင်ဖို့ တွန့်ဆုတ်နေကြပေမယ့် တဖက်မှာတော့ အကောင်းဘက်ကိုဦးမယ်လို့ မျှော်လင့်သူတွေလည်း ရှိပါတယ်။ ၂၀၁၈ ခုနှစ် အတွင်း မြန်မာနိုင်ငံရဲ့ အနာဂတ် မျှော်လင့်ချက်တွေနဲ့ ပတ်သက်လို့ ရှားဖောင် က စုစည်း တင်ပြ ပေးထားပါတယ်။
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အဓိကကျပြီး စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေး ရရှိဖို့ဆိုရင် နည်းလမ်း အသစ်နဲ့ လုပ်ဆောင်ရမှာဖြစ်သလို၊ တပ်မတော်ဘက်က သဘောထား ပြောင်းလဲဖို့လည်း လိုအပ်တယ်လို့ တိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောပါတယ်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ လက်ရှိ ကျင့်သုံးနေတဲ့ အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကိုလက်မှတ်ထိုးမှ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးခွင့်ပြုမယ်ဆိုတဲ့ အချက်ကို ဆက်ပြီး ကျင့်သုံးနေဦးမယ်ဆိုရင်တော့ ၂၀၁၈ ခုနှစ်မှာလည်း ငြိမ်းချမ်းအတွက် အလာအလား သိပ်ပြီးကောင်းမှာမဟုတ်ကြောင်း အမေရိကန် ပြည်ထောင်စု Los Angeles မြို့မှာနေထိုင်တဲ့ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအဖွဲ့ ဥက္ကဌ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။
“၂၀၁၈ တော့ ဒါက နှစ်သစ်ဖြစ်တယ်။ ဒါက တကယ့်ငြိမ်းချမ်းရေးရဖို့ဆိုရင်တော့ နည်းအသစ်နဲ့ သွားဖို့ရလိမ့်မယ်လို့ထင်တယ်။ လက်နက်ကိုင်တွေအားလုံး ပါဝင်နိုင်ဖို့ရန်အတွက် နည်းအသစ်လုပ်ရမယ်။ အခုက သူတို့က NCA ကိုပဲ အဓိကထားပြီးတော့ NCA မထိုးရင် ပါဝင်ဆွေးနွေးခွင့်မပြုဆိုတဲ့ နောက် NCA ကလည်းအခုက ပြဿနာတွေဖြစ်နေတယ်။ ထိုးထားတဲ့ အဖွဲ့တောင်မှ NCA ကိုသူတို့က သိပ်ပြီးတော့ အယုံအကြည်မရှိတော့ဘူးဖြစ်နေတယ်။ မြောက်ပိုင်းအဖွဲ့ ၇ ဖွဲ့ကလည်း NCA ကိုလက်မခံဘူး တခြားနည်းနဲ့ သွားမယ်လို့ပြောနေတော့ အဲဒီ NCA ကိုပဲအဓိကထားပြီး ကိုင်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးမယ်ဆိုရင်တော့ သိပ်တော့ အလားအလာမကောင်းဘူးလို့ ထင်တယ်။ နည်းလမ်းအသစ်ဆိုတာက ခြွင်းချက်အနေနဲ့ ထားပြီးတော့ အားလုံးပါဝင်နိုင်တဲ့ နည်းလမ်းအသစ်ပေ့ါ အဲဒီဟာ လုပ်မယ်ဆိုရင် ကျနော်ထင်တယ် ငြိမ်းချမ်းရေးဆွေးနွေးဖို့ ငြိမ်းချမ်းရေးရဖို့ပိုပြီးနီးစပ်တယ်လို့ ကျနော်ထင်တယ်။”
အလားတူပဲ အမေရိကန်ပြည်ထောင်စု မှာနေထိုင်တဲ့ ကချင်မဟာမိတ်အဖွဲ့ ဥက္ကဌ Gum San ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့အတွက် အဓိက ကတော့ တပ်မတော် အပေါ်မှာပဲမူတည်တယ်လို့ ပြောပါတယ်။
“အဓိက ကတော့ တပ်မတော်ရဲ့ သဘောထားပဲ ဖြစ်ပါလိမ့်မယ်။ တပ်မတော်ကနေ ဒီ ၂၀၁၈ ကနေ ဘယ်လိုဆက်ပြီးမှပေါ့နော် အရင်လို တင်းမာတဲ့ နိုင်ငံရေးပေါ်လစီပဲ ဆက်ရှိမလား။ သို့မဟုတ် ဖြစ်နိုင်တဲ့ အကုန်လုံး စည်းစည်းလုံးလုံးနေနိုင်တဲ့ ပြည်ထောင်စုဖော်ဆောင်မလားဆိုတာကတော့ တပ်မတော်နဲ့ ပဲဆိုင်ပါတယ်။ ဒီ ၂၀၁၈ ကတော့ လွန်ခဲ့တဲ့ ၂၀၁၇ လိုပဲ စစ်ရေးတင်းမာမှုနဲ့ပဲ ဖြတ်ကျော်တာမဟုတ်ပဲနဲ့ စာမျက်နှာအသစ်ရေးနိုင်ဖို့ ကျနော်တို့ မျှော်လင့်ပါတယ်။”
နှစ်သစ်ကူး အကြိုတရက်နဲ့ နှစ်ဆန်း ဇန်နဝါရီလ ၁ ရက်နေ့မှာပဲ ရှမ်းပြည်နယ် သီပေါနဲ့ မိုင်းရှူးမြို့ ဘက်တွေမှာ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSPP/SSA နဲ့ မြန်မာ စစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို ဒီဇင်ဘာလ ခရစ္စမတ်ပွဲတော် ရာသီ တုန်းကလည်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ကချင်လက်နက်ကိုင်တပ်ဖွဲ့ KIA၊ တအောင်းပလောင်တပ်ဖွဲ့ TNLA တို့နဲ့ မြန်မာအစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့လို့ ဒေသခံတွေကို ထိမှန် သေဆုံးမှုတွေရှိခဲ့ပါတယ်။
ဒါကြောင့်မို့ မြန်မာနိုင်ငံတဝန်း အပစ်အခတ်ရပ်စဲနိုင်ဖို့နဲ့ ပြည်တွင်းငြိမ်းချမ်းရေး ဖော်ဆောင်နိုင်ဖို့အတွက် အစိုးရဘက်က ပြည်နယ်အဆင့်၊ နိုင်ငံတော်အဆင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေအပြင် ၂၁ ရာစု ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံတွေ ကျင်းပပြုလုပ်နေပေမယ့် တဖက်မှာတော့ တိုင်းရင်းသားဒေသ အထူးသဖြင့် ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ တိုင်းရင်းသားလက်နက်အဖွဲ့တွေနဲ့ အစိုးရ စစ်တပ်အကြား တိုက်ပွဲတွေ လက်လက်ပွားနေဆဲဖြစ်တာကြောင့် တိုင်းရင်းသားတွေဘက်က ၂၀၁၈ မှာလည်း ငြိမ်းချမ်းရေးရဖို့ အတွက် သိပ်ပြီး မမျှော်လင့်ရဲကြတာပါ။
ဒါပေမယ့်လည်း ၂၀၁၇ နှစ်ဟောင်းတုန်းက မြန်မာနိုင်ငံမှာကြုံတွေ့ ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို သက်ဆိုင်ရာ အာဏာပိုင်တွေ အနေနဲ့ အခု နှစ်သစ် ၂၀၁၈ ခုနှစ်မှာ အကောင်းဆုံး လုပ်ဆောင်ကြမယ်လို့ မျှော်လင့်ကြောင်း အမေရိကန်ပြည်ထောင်စု၊ အင်ဒီယားနားပြည်နယ်၊ Indianapolis မြို့အခြေစိုက် မြန်မာ့အရေး လေ့လာသုံးသူ ဒေါက်တာ တင့်ဆွေက ရှုမြင်ပါတယ်။
“ကျနော်တို့ မြန်မာလူမျိုးတွေရဲ့ အယူအဆအရ နှစ်သစ်ကူးလိုနေ့မျိုးမှာတော့ အပြုသဘော၊ အကောင်းသဘောကို မြင်ကြပါတယ်။ ဒါကလည်းပဲ မြန်မာနိုင်ငံမှာက နိုင်ငံရေးနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ် အဖွဲ့အစည်းအားလုံးကလည်း အဲလိုမြင်ကြရင်တော့ လာမယ့် နှစ်မှာတော့ ၂၀၁၇ တုန်းက အားနည်းချက်တွေ မလုပ်ဆောင်နိုင်တာတွေကို ပိုပြီးတော့ကောင်းအောင် လုပ်ဆောင်နိုင်မယ်လို့ ယူဆပါတယ်။ သို့သော်လည်းပဲ နိုင်ငံရေးဆိုတာက တော်တော်တော့ခက်တယ်။ ပြီးခဲ့တဲ့နှစ်မှာ ဖြစ်သွားတဲ့ အရာတွေအားလုံးက အကြောင်းပေါင်းစုံပြီးတော့မှ တိုက်ဆိုင်ပြီးတော့မှ တနည်းအားဖြင့် ကံတရားပေါ့ ၊ နိုင်ငံရေးကံတရားအားနည်းလို့ ကျနော်တို့ ဖြစ်ခဲ့ကြတာ ဒါပေမယ့် ကျနော်မြင်တာကတော့ လာမယ့်နှစ်မှာ ဒီထက်ပိုပြီးတော့ ကောင်းတဲ့ လမ်းကြောင်းတွေကို သက်ဆိုင်တဲ့အဖွဲ့အစည်းခေါင်းဆောင်တွေအားလုံးက ကြိုးစားကြနိုင်လိမ့်မယ်လို့ ကျနော်ကတော့ အကောင်းသဘောမြင်ထားပါတယ်ခင်ဗျ။”
ဒါ့အပြင် နှစ်ပေါင်းများစွာ ချွတ်ခြုံကျနေခဲ့တဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး စတဲ့ ကဏ္ဍအသီးသီးမှာ ပြန်ပြီး တိုးတက်ကောင်းမွန်လာအောင် လုပ်ဆောင်ရာမှာ လူတွေရဲ့ အသိဉာဏ်၊ အတွေးအခေါ်၊ အယူအဆ၊ အပြောအဆို ယာဉ်ကျေးမှုကအစ ပြင်မှသာလျင် ပိုမိုကောင်းမွန်တိုးတက်မှာဖြစ်ကြောင်းလည်း ဒေါက်တာ တင့်ဆွေက ပြောပါတယ်။
Your browser doesn’t support HTML5