ဖါးကန့် မိုးကြီးမှုကြောင့် လူသေဆုံးမှုနဲ့ ရေဘေးသင့်ထာင်ကျော်ရှိ

ရေကြီးနေတဲ့ ဖားကန့်မြို့

ပြီးခဲ့တဲ့ရက်ပိုင်းတွင်း မိုးများရေကြီးပြီး မြေပြိုကျမှုတွေကြောင့် ကချင်ပြည်နယ် ဖားကန့်ဒေသထဲ လူသေဆုံးခဲ့ရသလို ဒေသခံ ထောင်နဲ့ချီ ရေဘေးသင့်ခဲ့ရတယ်လို့ ဖားကန့်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ကပြောပါတယ်။ ရာသီဥတုဆိုးဝါးလို့ မြေပြိုကျပြီး လူရာချီသေဆုံးတဲ့အထိ မြေစာပုံတွေ ပြိုကျလေ့ရှိတဲ့ ဖားကန့်ကျောက်စိမ်းတွင်း လုပ်ငန်းခွင်တွေ၊ ရေမဆေး ကျောက်ရှာဖွေတဲ့ နေရာတွေမှာတော့ ဘေးအန္တရာယ်ကြီးကြီးမားမား မကြုံရလေအောင် လုပ်ငန်းခွင် ကြိုတင်ကာကွယ်မှုတွေကို ကုမ္မဏီလုပ်ငန်းရှင်တွေဘက်က ဆောင်ရွက်ပေးသင့်တယ်လို့လည်း ဒေသခံသတင်းသမားတွေက တိုက်တွန်းပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ဇူလိုင်လဆန်းကစလို့ ကချင်ပြည်နယ် ဖားကန့်ဒေသထဲ မိုးသည်းထန်စွာရွာသွန်းပြီး ဥရုချောင်းရေလျှံတက်လာလို့ လူကူးတံတားတချို့ နစ်မြုပ်ခဲ့ရသလို လူနေအိမ်ရပ်ကွက်တချို့လည်း ရေလွှမ်းမိုးခံခဲ့ရပါတယ်။ ဒီရေဘေးအန္တရာယ်ကြောင့် လူသေဆုံးမှုတွေရှိခဲ့သလို ဖားကန့်မှာ လူနှစ်ထောင်ကျော်၊ လုံးခင်းဒေသမှာ လူတစ်ထောင်ကျော်လောက် ရေဘေးသင့်ခဲ့ရပါတယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လည်းဖြစ် ပြည်သူ့လွှတ်တော်က ပြည်သူ့ရေးရာစီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးတင်စိုးက ဖားကန့်မြို့နယ်တွင်း ရေလွှမ်းမိုးခံခဲ့ရတဲ့အခြေအနေနဲ့ပတ်သက်လို့ ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

" ပြီးခဲ့တဲ့ ၂ရက်ကပဲ လုံးခင်းရော ဖားကန့်ရော ရေကြီးသွားပါတယ်။ ရေကြီးတဲ့ စံချိန်က တော်တောလေး များပါတယ်။ လုံးခင်း ဖားကန့် တမြို့လုံးနီးပါး ရေးလွှမ်းခံရပါတယ်။ လုံးခင်းမှာဆိုရင် ဗီလီတံတားတခု ရေကျော်ပါတယ်၊ ဖားကန့်မှာလည်း ကြိုးတံတားတခု ရေကျော်သွားတယ်။ နစ်နာဆုံးရှုံးမှုတွေ အထိုက်အလျှောက်ရှိပါတယ်။ ဈေးဆိုင်တို့ပါတို့ပေါ့၊ လူတွေ အိပ်မောကျနေချိန်ဆိုတော့ ပျက်စီးဆုံးရှုံးမှုပမာဏ တော်တော်လေး များပါတယ်။ ဖားကန့်မှာ ၂ရက် လုံးခင်းမှာ ၁ရက်ကြီးတယ်။ လူဦးရေအနေနဲ့ကြည့်ရင် ဖားကန့်မှာ လူ ၂၂၀၀ ကျော်လောက် ရေဘေးဒုက္ခကို ခံရတယ်။ လုံးခင်းမှာကျတော့ အနည်းဆုံး မရှိဘူးဆိုရင် ၁ ထောင်ဝန်းကျင် ၁ထောင်ထက်တော့ မလျော့ဘူးပေါ့။ အိမ်ထောင်စု ၁၆၉ စုကို ကူညီဖို့ စီစဉ်ထားပါတယ်။ တအိမ်ထောင် ဆန်တအိတ်၊ ဆီတပိဿာ၊ ဆား နောက် ကုလားပဲ တပိဿာ၊ နောက် ဆပ်ပြာ အဲဒါတွေပေးဖို့ ကျနော်တို့ အဆင်သင့်လုပ်ထားပါတယ်။"

လူသေဆုံးခဲ့ရတဲ့မိသားစုတွေနဲ ရေဘေးသင့်ဒေသခံတွေကို လိုအပ်တဲ့ ဆန်ဆီဆားနဲ့ အခြေခံလိုအပ်ချက်တွေအတွက် ကချင်ပြည်နယ် အစိုးရဘက်က ထောက်ပံ့မှုတွေနဲ့အတူ ဒေသခံလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ လူကယ်ပြန်ဘက်က လိုက်လံကူညီ ဆောင်ရွက်ပေးနေကြသလို ရေဘေးသင့်ပြည်သူတွေဘက်ကလည်း ရေလွှမ်းမိုးနစ်မြုပ်မှုခံခဲ့ရတဲ့ ပျက်ဆီးဆုံးရှုံးခဲ့ရတဲ့ နေအိမ်တွေကိုပြန်လည်ပြင်ဆင်နေကြရဆဲဖြစ်တယ်လို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကပြောပါတယ်။

အခုလို ဖားကန့်မှာ အခုရက်ပိုင်း လူတချို့သေဆုံးခဲ့ရတဲ့အထိ မိုးများရေကြီးပြီး မြေပြိုကျမှုအန္တရာယ်တွေနဲ့ကြုံနေရချိန်မှာပဲ ရာသီဥတုဆိုးဝါးတဲ့အချိန်မှာ မြေပြိုကျပြီး လူရာချီသေဆုံးတဲ့အထိ မြေစာပုံတွေ ပြိုကျလေ့ရှိတဲ့ ဖားကန့်ကျောက်စိမ်းတွင်းထဲက ကျောက်တူးလုပ်ငန်းခွင်တွေ၊ ရေမဆေး ကျောက်ရှာဖွေတဲ့ နေရာတွေမှာတော့ ဘေးအန္တရာယ်ကြီးကြီးမားမား မကြုံရလေအောင် လုပ်ငန်းခွင် ကြိုတင်ကာကွယ်မှုတွေကို ကုမ္မဏီလုပ်ငန်းရှင်တွေဘက်က ဆောင်ရွက်ပေးသင့်တယ်လို့လည်း ဒေသခံသတင်းသမားတွေက တိုက်တွန်းပါတယ်။

အထူးသဖြင့်ကတော့ လုပ်လက်စကျောက်တွင်းတွေ၊ လုပ်ငန်းခွင်တွေမှာ လာပြီးတော့ ရေမဆေးကျောက်ရှာဖွေသူတွေ ဘေးမတွေ့ရအောင် မတ်စောက်ပြီး ပြိုကျလုဖြစ်နေတဲ့ကျောက်နံရံတွေကို စနစ်တကျဘေးမဖြစ်အောင် ဆောင်ရွက်ပေးထားသင့်တယ်လို့ ဖားကန့်ဒေသခံသတင်းသမားတဦးဖြစ်တဲ့ ကိုဇော်မိုးထက်က သတိပေးပါတယ်။

" လူသေတာတွေ မဖြစ်အောင်က ဒီကုမ္ပဏီတွေ တူးခဲ့တဲ့ကျောက်စိမ်း နံရံတွေပေ့ါနော်၊ အဲဒီနံရံတွေကို ဖြိုဖ ျက်ပစ်ခဲ့ရမယ်ဗျာ။ လူတွေက အရမ်းများတယ် ၊ ကျနော်တို့လူတွေကလည်း လိုက်နာမှုတွေ နည်းတယ်ဗျ။ အဓိကတော့ လူနည်းစုဖြစ်တဲ့ ကုမ္ပဏီက လူတန်းစားတွေ သူတို့တူးခဲ့တဲ့ လုပ်ကွက်အဟောင်းတွေက ကျောက်စိမ်းနံရံ .. အရမ်းမတ်စောက်နေတဲ့ ပေ(၂၀၀-၃၀၀)မြင့်တဲ့ ကမ်းပါးနံရံတွေကို ဖြည်ပစ်ခဲ့သင့်တာပေါ့နော်။ မဟုတ်လို့ရှိရင် ဒါကတော့ ခနခနဖြစ်နေမှာပဲ။ အခြေခံလူတန်းစားကတော့ စားဝတ်နေရေး ကြပ်တည်းတဲ့ အခါကျတော့ ရှာမှာပဲလေ။ ဒီလိုနေရာတွေက ကျောက်ရတတ်တဲ့အခါကျတော့ သွားစောင့်ကြမှာပေါ့။ မိုးရွာတဲ့အချိန်မှာ သွားကြတာများတာကိုး၊ ရေစီးရင်းနဲ့ ကျောက်စိမ်းတွေ ပေါ်လာတတ်တဲ့အခါကျတော့ အဲလိုအချိန်မှာ သွားတတ်တဲ့အခါကျတော့..။ မြေစာပုံတွေကို ဖြေလျော့ပြီးဖ ျက်ခဲ့သင့်တယ်။ ဒီလိုမှ မဟုတ်ဘူးဆို ဒါတွေက မကြာမကြာ ကြားနေရမှာပဲ။ ကုမ္ပဏီတွေက ကျောက်တူးတဲ့အခါမှာ အရမ်းအားပြင်းတဲ့မိုင်းတွေ သုံးတဲ့ အခါကျတော့ တုန်ခါမှုတွေဖြစ်ခဲ့တော့ တောင်တွေက ဆွေးနေတာပေါ့ အက်နေတာပေါ့ မပြိုသေးဘူး။ အဲလို မပြိုသေးတဲ့တောင် ဆွေးနေအက်နေတဲ့ နံရံတွေက မိုးရေနဲ့က ျတော့ ထိန်းမထားနိုင်ပဲနဲ့ အကုန်လုံးပြိုကျတော့တာပဲ အဲလိုကနေဖြစ်တာ။ မြေစာပုံတွေက ဖြစ်သလိုပုံခဲ့ကြတာ။ အဲဒီအပုံတွေမှာ ကျောက်တွေပေါ်လာမှာပဲဆိုပြီး အခြေခံ လူတန်းစားတွေက သွားရှာကြတာ။ အဲလိုနဲ့ အကုန်လုံး မဖြစ်သင့်တာတွေဖြစ်ကုန်တာ။"

ကချင်ပြည်နယ် ဖားကန့်ဘက်မှာ အခုထက်ထိ မိုးဆက်တိုက်ရွာသွန်းနေတာကြောင့် မြေပြိုကျမှုတွေဖြစ်ပွားမှာ တောင်ကျချောင်း ရေဒဏ်ကြောင့် လူကူးတံတားပျက်စီးလို့ လမ်းပမ်းဆက်သွယ်ရေးပြတ်တောက်မှုဖြစ်မှာကိုလည်း ဒေသခံတွေက စိုးရိမ်နေကြဆဲဖြစ်ပါတယ်။

Your browser doesn’t support HTML5

ဖါးကန့် မိုးကြီးမှုကြောင့် လူသေဆုံးမှုနဲ့ ရေဘေးသင့်ထာင်ကျော်ရှိ