(Zawgyi/Unicode)
ဖိလစ်ပိုင် တောင်ပိုင်း Mindanao ကျွန်းပေါ်က က Marawi မြို့မှာ ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေး အသွားအလာ ပိတ်ပင်တဲ့ အမိန့်ကို သမ္မတ Rodrigo Duterte ကထုတ်ပြန် လိုက်တာကြောင့် မွတ်ဆလင်သူပုန်တွေနဲ့ ပဋိပက္ခတွေဖြစ်ပွားနေတဲ့နယ်မြေထဲ လုံခြုံရေးပိုမို တင်းကျပ် သွားခဲ့ပါတယ်။
Marawi မြို့နဲ့ Lanao del Sur ပြည်နယ်ဝန်းကျင်ဒေသတဝိုက်ကို စက်တင်ဘာလ ၂၈ ရက်နေ့ကစပြီး အောက်တိုဘာလကုန်အထိ “ကွန်မြူနတီ Quarantine “ချမှတ်ထားကြောင်း ဖိလစ်ပိုင် သမ္မတ ရုံးရဲ့ ဝက်ဘ်ဆိုဒ်မှာ ကြေညာထားတာပါ။
Lanao del Sur ပြည်နယ်ထဲ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု လုံးဝနီးပါး မရှိပဲနေရာကနေ စက်တင်ဘာလယ်မှာ ပြည်နယ် အုပ်ချုပ် ရေးမှူး အပါအဝင် လူပေါင်း ၄၅၀ နီးပါး ကူးစက်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အဲဒီမှာ ဒေသခံ ဆေးရုံတစ်ရုံကသာ ကိုရိုနာရောဂါ ကူးစက် ခံရသူတွေကို ကုသပေးနိုင်တာလည်း ဖြစ်ပါတယ်။
ဖိလစ်ပိုင် စစ်တပ်နဲ့ အမျိုးသား ရဲတပ်ဖွဲ့ဝင်တွေက quarantine လိုက်နာစေရေး နဲ့ သူပုန်တွေရဲ့ လှုပ်ရှားမှု နှစ်ခုစလုံးကို တစ်ပြိုင်တည်း စောင့်ကြည့်နေမှာ ဖြစ်တယ်လို့လည်း လေ့လာသူတွေက ခန့်မှန်းကြပါတယ်။
အဲဒီ ဒေသမှာ ၂၀၁၇ ခုနှစ် အလယ်ပိုင်းကတည်းက ချမှတ်ထားတဲ့ စစ်အုပ်ချုပ်ရေး အရေးပေါ် ဥပဒေကို ပြီးခဲ့တဲ့ ဒီဇင်ဘာလကမှ ရုပ်သိမ်းခဲ့တာ ဖြစ်ပါတယ်။ လမ်းပေါ်က စစ်ဆေးရေးဂိတ်တွေနဲ့ ဆက်လက်ထားရှိဆဲဖြစ်ပြီး တပ်ဖွဲ့ဝင် အရေအတွက် တိုးမြှင့်ချ ထား ဖို့လည်း ရှိနေပါတယ်။
COVID-19 ကို အကြောင်းပြပြီး လုံခြံရေးတပ်ဖွဲ့တွေ နေရာချထားတာကို တရားဝင် လက်ခံရမယ့် အနေအထားဖြစ်လာတယ်လို့ လည်း လေ့လာသူ နိုင်ငံရေးသိပ္ပံ ပညာရှင် Herman Kraft က ပြောပါတယ်။
Mindanao ကျွန်းပေါ်မှာ ရှိတဲ့ Lanao del Surပြည်နယ်ဟာ ဖိလစ်ပိုင်တပ်ဖွဲ့တွေနဲ့ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ပိုမိုရရှိရေး တောင်းဆိုနေတဲ့ မွတ်ဆလင် လက်နက်ကိုင် အုပ်စု ၂၀ လောက် အကြား တိုက်ပွဲတွေ ဖြစ်ပွား နေတဲ့ နေရာ ဖြစ်ပါတယ်။
၁၉၆၀ ပြည့်နှစ်တွေကစလို့ အဲဒီ ဒေသအတွင်း တိုက်ပွဲတွေကြောင့် ခန့်မှန်းခြေ လူပေါင်း ၁၂၀, ၀၀၀ လောက် သေဆုံးခဲ့ရပါတယ်။
Your browser doesn’t support HTML5
ဖိလစ်ပိုင်တောင်ပိုင်းပဋိပက္ခဒေသ ကိုဗစ်တားမြစ်မှုကြောင့် လုံခြုံရေးပိုတင်းကြပ်
............
(Unicode)