အတိုက်အခံအမတ်တဦး လွတ်ငြိမ်းချမ်းသာခွင့် ဖိလစ်ပိုင်သမ္မတ ပြန်လည်ရုပ်သိမ်း

Antonio Trillanes

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က သူ့အပေါ် အပြင်းအထန် ဝေဖန်လေ့ရှိတဲ့ အတိုက်အခံ လွှတ်တော်အမတ်တဦးရရှိထားတဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ဖျက်သိမ်းပြီး ဖမ်းဆီးဖို့ အမိန့်ထုတ်လိုက်ပါတယ်။ အထက်လွှတ်တော်အမတ် Antonio Trillanes ဟာ ၂၀၀၃ ခုနှစ်က မအောင်မြင်တဲ့အာဏာသိမ်းမှုမှာ ပါဝင်ခဲ့ပြီးနောက် ၂၀၁၁ ခုနှစ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ရထားတာပါ။

အဲဒီအချိန်က ဖိလစ်ပိုင်သမ္မတ Gloria Macapagal Arroyo ဟာ အဂတိလိုက်စားတယ်၊ အာဏာကိုအလွှဲသုံးစားလုပ်တယ်ဆိုပြီး စစ်တပ်အရာရှိဘဝနဲ့ ၂၀၀၃ ခုနှစ်က Trillanes ဟာ အာဏာသိမ်းဖို့ ကြိုးစားခဲ့တာပါ။ အဲဒီနောက် ၄ နှစ်အကြာမှာ စစ်တပ်က ဆန့်ကျင်အုံ့ကြွမှုတွေမှာလည်း သူဟာ ဦးဆောင် ပါဝင်ခဲ့ပါတယ်။

Trillanes အပေါ် ဖမ်းဆီးမိန့်ကို Manila Times သတင်းစာမှာ ဒီကနေ့ ဖေါ်ပြလိုက်တာဖြစ်ပြီး အပြစ်ရှိကြောင်း ဝန်ခံတာအပါအဝင် လိုက်နာဆောင်ရွက်ရမယ့်ကိစ္စရပ်တွေကို ပျက်ကွက်တာကြောင့် သူ့ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်ကို ပယ်ဖျက်တာဖြစ်တယ်လို့ ဆိုပါတယ်။ Duterte ဟာ အဂတိလိုက်စားပြီး တရားမဝင် မူးယစ်ဆေးဝါး ရောင်းဝယ် သုံးစွဲသူတွေကို ရက်ရက်စက်စက်နှိမ်နင်းတယ်ဆိုပြီး Trillanes ကလည်း စွပ်စွဲထားတာပါ။

ဒီလိုမူးယစ်ဆေးဝါးနဲ့ ပတ်သတ်သူတွေကို နှိမ်နင်းမှုတွေအတွင်း ထောင်နဲ့ချီပြီး သေဆုံးခဲ့တာကြောင့် နိုင်ငံတကာရာဇဝတ်တရားရုံးကနေ ဒိကိစ္စကို စုံစမ်းနေတာပါ။ Duterte အနေနဲ့ အခုလို အမိန့်ပေးတာဟာ နိုင်ငံရေးအရ အမြင်မတူသူတွေကို ဖိနှိပ်တယ်ဆိုတာ ရှင်းနေကြောင်းနဲ့ ဖမ်းဆီးမှုကို ရှောင်ရှားဖို့ Trillanes ဟာ အထက်လွှတ်တော် အဆောက်အဦးအတွင်းမှာပဲ ရှိနေပါတယ်။

Your browser doesn’t support HTML5

အတိုက်အခံအမတ်တဦး လွတ်ငြိမ်းချမ်းသာခွင့် ဖိလစ်ပိုင်သမ္မတ ပြန်လည်ရုပ်သိမ်း