အငြင်းပွားနေတဲ့ ရေနယ်နိမိတ်ထဲ ဖိလစ်ပိုင်နဲ့တရုတ်ထိပ်တိုက်တွေ့ 

ယခင်မှတ်တမ်းရုပ်ပုံ | လူမနေတဲ့ Spratly ကျွန်းတွေဆီဦးတည်သွားနေတဲ့ ဖိလစ်ပိုင်ကမ်းခြေစောင့် သင်္ဘော (ယာ) လမ်းကြောင်းကို ဖြတ်တောက်ဖို့ကြိုးပမ်းတဲ့ တရုတ်ကမ်းခြေစောင့်သင်္ဘော (ဝဲ)ကိုတွေ့ရစဉ် (ဧပြီ ၂၃၊ ၂၀၂၃)

တောင်တရုတ်ပင်လယ်ထဲမှာ ဖိလစ်ပိုင်သင်္ဘောတွေကို တရုတ်ကမ်းခြေစောင့်တပ်နဲ့ ရေကြောင်းပြည်သူ့စစ်အဖွဲ့တွေက ဥပဒေမဲ့ ရန်လိုတဲ့အပြုအမူနဲ့ တည်ငြိမ်မှုပျက်ပြားအောင် လုပ်ဆောင်ခဲ့တယ်လို့ ဖိလစ်ပိုင်အစိုးရက ဒီနေ့ သောကြာနေ့မှာ ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ ရေပြင်နယ်နိမိတ်အငြင်းပွားနေတဲ့ နေရာမှာ ကျောက်ချထားတဲ့ ဖိလစ်ပိုင်စစ်သင်္ဘောအတွက် ပုံမှန်တပ်သားလဲတာ ရိက္ခာဖြည့်တာသွားလုပ်တဲ့ သင်္ဘောတွေကို တရုတ်ရေတပ်က နှောက်ယှက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် ရိက္ခာတွေ အောင်မြင်စွာ ပို့ပေးနိုင်ခဲ့တယ်လို့ ဖိလစ်ပိုင်ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး Alberto Carlos က ပြောပါတယ်။ လူမနေတဲ့ Spratly ကျွန်းစုတွေရှိတဲ့ နေရာကို ပိုင်ဆိုင်တယ်ဆိုတာ ပြသဖို့ ဖိလစ်ပိုင်က စစ်သင်္ဘောဟောင်းကြီးတစင်းကို လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်ထဲက တမင် ကျောက်ချထားခဲ့တာ ဖြစ်ပါတယ်။

ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘောရဲ့ ဥပဒေဘောင်အတွင်းက လုပ်ဆောင်ချက်ကို တရုတ်သင်္ဘောတွေက နှောက်ယှက်တာ၊ အန္တရာယ် ဖြစ်စေလောက်တဲ့အထိ အနားကို ကပ်လာတာနဲ့ ရန်လိုတဲ့ အပြုအမူတွေကို ကျူးလွန်ခဲ့တယ်လို့ ဖိလစ်ပိုင် အစိုးရဌာနပေါင်းစုံပါဝင်တဲ့ အဖွဲ့က ဒီနေ့ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ တရုတ် ကမ်းခြေစောင့်တပ်ဖွဲ့ကတော့ သူတို့ပိုင်တယ်လို့ဆိုနေတဲ့ နယ်နိမိတ်ထဲကို တရုတ်အစိုးရရဲ့ ခွင့်ပြုချက်မပါဘဲ ဖိလစ်ပိုင် ထောက်ပံ့ရေးသင်္ဘော ၂ စီးနဲ့ ကမ်းခြေစောင့်တပ် သင်္ဘော ၂ စီးက ဝင်ရောက်လာခဲ့တယ်လို့ ပြောပါတယ်။

Your browser doesn’t support HTML5

အငြင်းပွားနေတဲ့ ရေနယ်နိမိတ်ထဲ ဖိလစ်ပိုင်နဲ့တရုတ်ထိပ်တိုက်တွေ့