{{Zawgyi/Unicode}}
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စုမှာ ပြီးခဲ့တဲ့ရက်ပိုင်းကဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို အရှင်ဖမ်းမိပြီး အလောင်း ၁၉ လောင်းနဲ့ လက်နက်ခဲယမ်းတွေကို သိမ်းဆည်းရမိတဲ့အကြောင်း ဖယ်ခုံ PDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒါ့ပြင် ပင်လောင်းမြို့နယ်က တိုက်ပွဲကြောင့် ကျေးရွာ ၈ ရွာ ထက်မနည်း ဒေသခံ ၆,၀၀၀ လောက် အိုးအိမ်စွန့်ခွာ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။ ရှမ်းပြည်တောင်ပိုင်း တိုက်ပွဲသတင်းပေးပို့ချက်ကို ကိုရဲမွန်အောင်က တင်ပြပေးထားပါတယ်။
ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စုတောင်ဘက်မှာ ပြီးခဲ့တဲ့ရက်က ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဘက်က စစ်သုံ့ပန်း ၆ ဦးနဲ့ အလောင်း ၁၉ လောင်းကို ပြည်သူ့ကာကွယ်ရေးတပ်က ဖမ်းမိထားကြောင်း စစ်ရှောင်တဦးက ပြောပါတယ်။
“တမြန်နေ့ပေါ့နော်၊ စစ်ကြောင်းထိုးတာကြောင့် ဒီရွာထဲမှာ မထိုးဘူး။ တောင်ပေါ်မှာ ထိုးတယ်။ ဒီ (PDF) ကလေးအဖွဲ့က သူတို့ အရင်ဦးဆုံး ပစ်တယ်နဲ့တူတယ်။ (ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်) အရှင်က ၆ ဦးတဲ့။ ဟုတ်။ သူတို့ဖမ်းထားတယ်။ တိုက်ပွဲမှာ ဖမ်းမိတာ။ ဟုတ်။ အလောင်းက ၁၉ လောင်းဆိုလားမသိ။ အရှင်က ၆ ဦးတဲ့၊ ဟုတ်။ ”
ဖယ်ခုံတိုက်ပွဲနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာထုတ်ပြန်တာ မရှိသေးပါဘူး။
ဖယ်ခုံမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ရင်း (၂) ကတော့ စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့မတ်လ ၁၁ ရက်နေ့က ဖယ်ခုံမြို့နယ် ကုရင်ကျေးရွာအုပ်စု တောကြားဘက်ကို စစ်ကြောင်းဝင်လာတဲ့သတင်းကြောင့် မဟာမိတ်အင်အားစုတွေနဲ့ တောနင်းရှာဖွေချိန်မှာ နှစ်ဖက်ထိတွေ့မှုတကြိမ်နဲ့ မတ် ၁၂ ရက်နေ့မှာတကြိမ် ထိတွေ့မှုဖြစ်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
မတ် ၁၁ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို အရှင်ဖမ်းမိခဲ့ပြီး မတ် ၁၂ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၉ လောင်းနဲ့ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိကြောင်း ဗီတီယို၊ ဓာတ်ပုံမှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားပါတယ်။အခု ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တမခ ၅၅ နဲ့ ၆၆ တို့ကဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကထုတ်ပြန်တဲ့ မှတ်တမ်း ဓါတ်ပုံတွေမှာတွေ့ရပေမယ့် ဗွီအိုအေက သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။
အလားတူ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းမြို့နယ်ထဲ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည် အနည်းဆုံး ၆,၀၀၀ လောက် အိုးပစ်အိမ်ပစ် ဘေးလွတ် ရာကို ထွတ်ပြေးတိမ်းရှောင်နေကြတယ်လို့ ပင်လောင်းမြို့နယ် စစ်ရှောင်ကူညီနေသူတဦးက ပြောပါတယ်။
“စစ်ရှောင်ကတော့ ခြောက်ထောင်ကျော်သွားပါပြီဗျ။ တချို့ဆွေမျိုးအိမ်တွေမှာ ယာယီခိုလှုံတာရှိသလို ဘုန်းကြီးကျောင်းတွေမှာ၊ ဓမ္မာရုံတွေမှာ ယာယီခိုလှုံတာလည်းရှိတယ်ဗျ။ ၇ ရွာ၊ ၈ ရွာပေါ့နော်။ အဓိက တောင်မဲသင်း၊ လုံပျဉ်၊ သင်ပုန်၊ နန်းနိမ်းရွာတွေပေါ့နော်။ အဓိကတော့ အဲ့ရွာ ရွာလုံးကျွတ်ထွက်ပြေးလာတာ။”
ရွာသူရွာသားတွေ ပြင်ဆင်ချိန်မရဘဲ ချက်ချင်းဆိုသလို အသက်ဘေးကင်းအောင် ရွာလုံးကျွတ် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတာလို့ ပြောပါတယ်။
“ရုတ်တရက် ရွာမှာတိုက်ပွဲဖြစ်တော့ တချို့တွေ ပြေးကြလွှားကြတော့ ဖိနပ်တောင် မပါဘူးဗျ။ ဘာလို့ဆို ဒီစစ်ရှောင်တွေကြတော့ တိုက်ပွဲဖြစ်တဲ့အခြေအနေ သူတို့ကြိုမသိတော့ ဖြုတ်ခနဲ ရွာမှာ တိုက်ပွဲဖြစ်တော့ သူတို့လည်း ခဏ သူတို့ရွာရဲ့ ဘုန်းကြီးကျောင်းမှာ သွားပြီးတော့ ခိုအောင်းတယ်။ နောက်ပိုင်းတော့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်တော့ သူတို့ကလည်း ပိတ်မိနေတဲ့ အဲ့ဒီစစ်ရှောင်တွေ တချို့ လူမှုကူညီရေးအသင်းတွေ သွားပြီးတော့ ကယ်ဆယ်ပေးတယ်။ ကယ်ထုတ်ပေးတာပေါ့နော်။”
စစ်ပြေးဒုက္ခသည်တွေအများစုက ဝမ်းလျှော၊ ဝမ်းပျက်ရောဂါတွေ ခံစားနေကြရတယ်လို့ နောက်ထပ် စစ်ဘေးရှောင်ကူညီသူတဦးက ပြောပါတယ်။
“အထူးသဖြင့် အခုပင်လောင်းဘက်မှာ ကျနော်တို့ ဒီ PHWC တို့ ဆေးသွားကုပေးတော့ ဝမ်းလျှော၊ ဝမ်းကိုက်ဖြစ်တာတွေ ရှိလာတယ်။ သူတို့ အဝတ်တထည် ကိုယ်တလုံးပြေးလာတဲ့အတွက် အဝတ်အစားတွေ တော်တော်လိုတယ်။ အဝတ်အစားတွေ၊ စောင်တွေ လိုတယ်။ အိပ်ယာခင်းတွေ လိုတယ်။ နောက်ပြီးတော့ ဆေးဝါးတွေ လိုတယ်။”
လက်ရှိ စစ်ပြေးဒုက္ခသည်တွေကို ဒေသခံပရဟိတအသင်းနဲ့ အလှူရှင်အဖွဲ့အစည်း တွေက တတ်နိုင်သလောက် ကူညီ စောင့်ရှောက်ပေးထားကြပါတယ်။ စစ်ပြေးဒုက္ခသည်တွေ ရေရှည် စားနပ်ရိက္ခာအတွက် ပြည်ပပြည်တွင်း အဖွဲ့အစည်းနဲ့ နိုင်ငံတကာ အဖွဲ့တွေအနေနဲ့ ကူညီပေးကြဖို့ စစ်ရှောင်ကူညီနေသူတွေက တောင်းဆိုထားပါတယ်။
စစ်ရေးတင်းမာမှုဖြစ်စဉ်အတွင်း နေရပ်ကနေ တိမ်းရှောင်နေရတဲ့ စစ်ဘေးရှောင်တွေဟာ သီးသန့်ထားတဲ့စစ်ရှောင်စခန်းမှာ နေရတာမျိုးမဟုတ်ဘဲ နီးစပ်ရာရွာက ဆွေမျိုးသားချင်းအိမ်တွေနဲ့ ဘုန်းကြီးကျောင်း၊ ဓမ္မာရုံတွေမှာ ခိုလှုံနေရပါတယ်။ သူတို့ဟာ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေ အရေးပေါ် လိုအပ်နေကြပါတယ်။
Your browser doesn’t support HTML5
==============
{{Unicode}}