သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုမြင်ကွင်း

အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် လုံခြုံရေးတင်းကျပ်

(Zawgyi/Unicode)

ဗုဒ္ဓဟူးနေ့ မှာ ကျင်းပမယ့် ၄၆ ကြိမ်မြောက် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားမှာ တိုက်ရိုက်သတင်းယူဖို့ ဝါရှင်တန်ဒီစီထဲကို ရောက်ရှိနေပြီဖြစ်တဲ့ ဗွီအိုအေ မြန်မာပိုင်း ဝိုင်းတော်သူ မအင်ကြင်းနိုင်က သတင်းပေးပို့ထားပါတယ်။

ဒီမိုကရက် ရွေးကောက်ခံ သမ္မတ ဂျိုးဘိုင်ဒန် ရဲ့ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားအတွက် လုံခြုံရေးတင်းကြပ်မှုဟာ အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ သမိုင်းအဆက်ဆက် တခါမှာ မကြုံစဖူးတဲ့ အခြေအနေဖြစ်ပါတယ်။ ဝါရှင်တန်ဒီစီကို စစ်အင်အားအပြည့်နဲ့ သိမ်းပိုက်ထားသလိုမျိုး ထင်ရအောင် ပြည်နယ်လုံခြုံရေးအရန်တပ်ဖွဲ့အင်အား နှစ်သောင်းထက်မနည်း မြို့အနှံလုံခြုံရေးနေရာယူထားပါတယ်။

အင်္ဂါနေ့ နံနက်လင်းအားကြီး အချိန်ကတည်းက စပြီး ဝါရှင်တန်ဒီစီမြို့အဝင် လမ်းတွေ၊ တံတားတွေ အကုန်နီးပါး ပိတ်ထားလိုက်ပြီဖြစ်ပါတယ်။ ကျမတို့ သတင်းထောက်တွေအတွက် အထူးခွင့်ပြုထားတဲ့ ကဒ်တွေ ထုတ်ပေးထားတယ်ဆိုပေမယ့် လမ်းတွေအတော်များများပိတ်တဲ့အတွက်လည်း အတော်လေး အခက်အခဲတွေရှိပါတယ်။ ကိုယ်လိုချင်တဲ့ နေရာရောက်ဖို့ အချိန်တွေအများကြီးယူ ကြိုတင်ပြင်ဆင်ရပါတယ်။ ဗုဒ္ဓဟူးနေ့အတွက် အင်္ဂါနေ့ကတည်းက ဝါရှင်တန်ဒီစီကို အရောက်လာနိုင်အောင် လုံခြုံရေးဂိတ် အဆင့်ဆင့်ကို ဖြတ်သန်းခဲ့ရပါတယ်။

ဝါရှင်တန်ဒီစီမှာ ၁၀နှစ် ကျော်ကြာနေထိုင်နေတဲ့ ကျမတို့ ဗွီအိုအေဝိုင်းတော်သူ မဆုမွန်ကလည်း အခုလိုမျိုး လက်နက်အင်အားအပြည့်နဲ့ တခါမှမကြုံဘူးတဲ့ လုံခြုံရေးယူတဲ့ အခြေအနေကို တွေ့ရတဲ့အတွက် စိုးရိမ်ပူပန်စိတ် ဖြစ်မိတယ်လို့ ပြောပြပါတယ်။

“ကျမတို့ DC ထဲမှာဆိုရင် ဘာတွေထူးခြားတာတွေ့လဲဆိုတော့ ဒီ Highway တွေမှာလည်း တောက်လျှောက်ရဲကားတွေက အသံတွေနဲ့ အရေးပေါ်အချက်ပြတာတွေလုပ်တယ်။ နောက် ရဟတ်ယာဉ်တွေနဲ့ ကောင်းကင်ပေါ်မှာ ပျံနေတာတွေလည်း တွေ့တယ်ဆိုတော့ အခမ်းအနားကြီးတခု ဖြစ်နေတယ်လို့ မခံစားရပဲနဲ့ တခုခုပေါ့နော် ဖြစ်တော့မယ်ဆိုတဲ့ ပုံစံမျိုးလိုမျိုး ဖြစ်နေတယ်လို့ခံစားရတာပေါ့နော်။”

ရွေးကောက်ခံသမ္မတ ဂျိုးဘိုင်ဒန်ကတော့ အင်္ဂါနေ့ နေ့လည်က သူနေထိုင်ရာ Delaware ပြည်နယ်ကနေ ဝါရှင်တန်ဒီစီကို ထွက်ခွာလာပြီလို့သိရပါတယ်။ လောလောဆယ်မှာတော့ ဝါရှင်တန် အမျိုးသားရင်ပြင်မှာ ကျမ်းသစ္စာကျိန်ဆိုပွဲ ကြိုတင်လေ့ကျင့်တဲ့အခမ်းအနားတွေကို ကျင်းပနေပေမယ့် ဂျိုးဘိုင်ဒန် တက်ရောက်ခြင်းမရှိပါဘူး။

ဇန်နဝါရီလ ၆ ရက်နေ့က ဖြစ်ခဲ့တဲ့ သိန်းနဲ့ချီတဲ့ သမ္မတ ထရမ့်ထောက်ခံသူတွေ ဆန္ဒပြပွဲမှာ ဝါရှန်တန်က လွှတ်တော်အဆောက်အုံထဲကို အကြမ်းဖက်စီးနင်းတိုက်ခိုက်တဲ့အထိ ဖြစ်ခဲ့တာ၊ ကျမ်းသစ္စာ ကြိမ်ဆိုပွဲနေ့မှာ အကြမ်းဖက်တိုက်ခိုက်မှုတွေရှိနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရှိနေတာတွေကြောင့်လည်း အခုလို အရန်လုံခြံရေးတပ်ဖွဲ့သောင်းနဲ့ချီပြီး နေရာချထားတာဖြစ်ပါတယ်။ နောက်ပြီး လွှတ်တော်ကို တိုက်ခိုက်မှု နဲ့ ပတ်သက်လို့ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေ ပါဝင်ပတ်သက်နေတယ်ဆိုတဲ့ အချက်အလက်တွေ၊ တပ်တွင်း ပုံကန်မှုမျိုးဖြစ်နိုင်တယ်ဆိုတဲ့ သင်္ကာမကင်းဖြစ်မှုတွေကြောင့်လည်း လုံခြုံရေးယူထားတဲ့ အရန်တပ်ဖွဲ့ နှစ်သောင်းခွဲကျော်ရဲ့ နောက်ကြောင်းရာဇဝင်တွေကို FBI က ပြန်ပြီးစစ်ဆေးနေပြီး အခုချိန်ထိ နှစ်ယောက်ကို ထုတ်ပယ်ထားပြီးဖြစ်ပါတယ်။

သမ္မတတွေ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားကျင်းပတဲ့ ဝါရှင်တန်ဒီစီက အမျိုးသားရင်ပြင်မှာ အရင်ကဆိုရင် လူတွေသန်းနဲ့ချီတက်ရောက်ပြီး ဝမ်းသားအားရ ဂုဏ်ပြုကြပေမယ့် ဒီတကြိမ်မှာတော့ လူသူကင်းမဲ့နေပြီး အဲဒီအစား အမေရိကန်အလံတွေကို ရင်ပြင်တလျောက် စိုက်ထူထားတာတွေ့ရပါတယ်။

ဗုဒ္ဓဟူးနေ့မှာကျင်းပမယ့် ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမှာ ရွေေးကာက်ခံ ဒုသမ္မတ Kamala Harris ကအရင် ကျမ်းသစ္စာကျိန်ဆိုမှာဖြစ်ပြီး၊ အဲဒီနောက် ရွေးကောက်ခံသမ္မတ Joe Biden က ကျမ်းသစ္စာကျိန်ဆိုပြီးတဲ့နောက် မိန့်ခွန်းပြောကြားမှာဖြစ်ပါတယ်။ သဘောထားကွဲပြားမှုတွေဖြစ်နေတဲ့ အမေရိကန်ပြည်ထောင်စုကို ပြန်ပြီး စည်းလုံးညီညွတ်ဖို့ သမ္မတအနေနဲ့ ကြိုးပမ်းသွားမယ့်ကိစ္စ၊ ကိုဗစ်-၁၉ကပ်ရောဂါအလူးအလဲခံနေရတာကနေ အမေရိကန်နိုင်ငံ ပြန်လည်ရုန်းထဖို့ ကိစ္စရပ်တွေကို အဓိကပြောမယ်လို့ ဂျိုးဘိုင်ဒန် မိန့်ခွန်းမှာ အဓိကပြောမယ်လို့ ခန့်မှန်းရပါတယ်။ သမ္မတအဖြစ် စတင်ထမ်းဆောင်တာနဲ့ နိုင်ငံရဲ့ စစ်သေနာပတိချုပ်ဖြစ်လာမယ့် ဂျိုးဘိုင်ဒန် အတွက် အစဉ်အလာအတိုင်း ဗိုလ်ရှုခံအခမ်းအနားလည်း နေ့လည်ပိုင်းကျင်းပမှာဖြစ်ပါတယ်။ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားမှာ နာမည်ကျော် အဆိုတော် လေဒီဂါဂါကနေ အမေရိကန် နိုင်ငံတော်သီချင်းကို သီဆိုမှာဖြစ်ပါတယ်။ ဒါအပြင် ဟောလီဝုဒ်က နာမည်ကြီး အနုပညာရှင် ဂျီနီဖာလိုပတ်စ် လည်း တက်ရောက် သီဆိုဖျော်ဖြေမှာဖြစ်ပြီး၊ အခြား နာမည်ကျော်အနုပညာရှင်တချို့လည်း တက်ရောက်ဖို့ရှိပါတယ်။

ကျမ်းသစ္စာကျိန်ဆိုပွဲမတိုင်ခင် အင်္ဂါနေ့ည နေပိုင်းမှာလည်း ကိုဗစ်-၁၉ကပ်ရောဂါကြောင့် အမေရိကန်မှာ သေဆုံးသွားတဲ့ လူပေါင်း ၄ သိန်းကျော်အတွက် အောင်းမေ့ဖွယ် မီးထွန်းပွဲအခမ်းအနားကို လင်ကွန်းဗိမာန်အဆောက်အဦရှေ့ရေကန်မှာ ရွေးကောက်ခံသမ္မတဂျိုးဘိုင်ဒန် ဦးဆောင်ပြုလုပ်မှာဖြစ်ပါတယ်။

သမ္မတ ထရမ့်ကတော့ ဂျိုးဘိုင်ဒန်ရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲအခမ်းအနားကို တက်ရောက်မှာ မဟုတ်ဘူးလို့ ပြောကြားထားတဲ့အတွက် အမေရိကန် သမိုင်း နှစ်ပေါင်း ၁၅၀ ကျော်အတွင်း လက်ရှိသမ္မတ တဦး ပါဝင်ခြင်းမရှိတဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲ ဖြစ်လာမှာပါ။

Your browser doesn’t support HTML5

သမ္မတသစ် ကျမ်းသစ္စာကျိန်ဆိုပွဲ အကြိုမြင်ကွင်း


...............


(Unicode)










