"အဖမ်းခံရတဲ့ သက်သေအထောက်အထားရှိရင် သက်ဆိုင်ရာကိုပြောပါ" - ဗိုလ်ချုပ်ဇော်မင်းထွန်း

နေပြည်တော်က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ သတင်းမီဒီယာတွေရဲ့ မေးမြန်းချက်ကို ဖြေကြားပေးနေတဲ့ ဗိုလ်ချုပ် ဇော်မင်းထွန်း။ (ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ - နိုဝင်ဘာ ၂၇၊ ၂၀၂၀)

[Zawgyi/Unicode]

ရခိုင်ပြည်နယ်မှာ စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ဒေသခံတချို့ ပျောက်ဆုံးနေတယ်ဆိုပြီး ပြောဆိုနေတာနဲ့ ပတ်သက်လို့ သက်သေအထောက်အထားနဲ့ တိုင်ကြားဖို့ တပ်မတော်က ပြောဆိုလိုက်တဲ့အကြောင်း တင်ပြပါမယ်။ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုသက်နိုင်က သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း တင်းမကျေးရွာက ဒေသခံ ၁၉ ဦးကို ပြီးခဲ့ မတ်လ အစပိုင်း လောက်မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဒီကနေ့ မိသားစု ဝင်တွေ အဆက်အသွယ်မရသေးဘူးလို့ မိသားဝင်တွေနဲ့ ဒေသခံတွေ ပြောဆိုထားပါတယ်။

ဒေသခံတွေ ဖမ်းဆီးခံရတဲ့ သတင်းနဲ့ ပတ်သက်လို့ သက်သေအထောက်အထားနဲ့တကွ တိုင်ကြားဖို့ ဒီကနေ့ သောကြာနေ့ နေပြည်တော်က တပ်မတော်သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောလိုက်ပါတယ်။

“ဒီဟာနဲ့ ပတ်သက်ပြီးတော့ အဖမ်းခံရတယ်ဆိုတဲ့ သက်သေအထောက်အထား ရှိတယ်ဆိုရင်လည်း အဲဒီသက်သေအထောက်အထားတွေနဲ့ သက်ဆိုင်ရာကို ပြောပေါ့။ ဒီဘက်ကလည်း ဒီဟာနဲ့ ပတ်သတ်ပြီးတော့ ဟုတ်ရင် ဟုတ်တယ်၊ မဟုတ်ရင် မဟုတ်ဘူး။ ဘယ်လိုလုပ်ထားတယ်ဆိုတာ တရားဝင် ပြောနိုင်ပါလိမ့်မယ်။ ယခင်တုန်းက တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အချိန်အတွင်းမှာ၊ ပဋိပက္ခဖြစ်ပွားနေတဲ့ အချိန်တွင်းမှာတော့ လုပ်ခွင့်မသာခဲ့ရင်လည်း ဒီအချိန်မှာတော့ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ အတွက် ပိုပြီးတော့ လွယ်ကူလာပါလိမ့်မယ်။ အဲဒီလိုလုပ်တာ နှစ်ဦးနှစ်ဘက်အတွက် ပိုအဆင်ပြေပါလိမ့်မယ်၊ ပိုပြီးတော့ တိကျပါလိမ့်မယ်။”

ဖမ်းဆီးခံရသူ အသက်၂၆ နှစ်အရွယ် မောင်နေလင်းဦးရဲ့ ဖခင်ဖြစ်သူ မောင်ကျော်ဝင်းကတော့ တပ်မတော်စစ်ကြောင်းက ဖမ်းဆီးသွားတာကို သူကိုယ်တိုင်မြင်လိုက်ရပြီး သက်ဆိုင်ရာ အာဏာပိုင်တွေထံ တိုင်ကြားထားတယ်လို့ ပြောပါတယ်။ ဖမ်းဆီးခံရတဲ့ သားဖြစ်သူဟာ ဆွံအ၊ နားမကြား သူတဦးဖြစ်တာကြောင့် စိုးရိမ်မိတယ်လို့လည်း ပြောပါတယ်။

SEE ALSO: ရခိုင်မှာ ရွေးကောက်ပွဲတွေကျင်းပဖို့ ဒေသခံတွေမေ ျှာ်လင့်နေ

“သူတို့ကို ဖမ်းသွားတာကို ရက်နဲ့ လနဲ့ ရေးပြီးတော့ အုပ်ချုပ်ရေး မှာသွားပြီးတော့ ပြောတယ်။ နောက်ပြီးတော့ ရဲစခန်းမှာ သွားပြီးတော့ တိုင်တယ်။ ဘာမှ ထူးခြားလာတာမရှိဘူး။ ကျနော်တို့ ဘာမှ သတင်းတစုံတရာမှ မရဘူး။ အဲဒါကြောင့် မိသားစုတွေက အကုန်လုံး စိုးရိမ်နေကြပါတယ်။ ပြီးတော့ ကျနော့်သားက နားလည်းမကြားပါ၊ စကာလည်း မပြောတတ်ပါ။ သူတို့ဖမ်းဆီးခေါ်ဆောင်သွားတာ သူ့ကို ထိုင်ဆိုလို့ မထိုင်ရင် စောင့်ကန်လိုက်တာမျိုး မျက်လုံးထဲမှာ မြင်ယောင်နေမိပါတယ်။ နောက်ပြီးတော့ သူ့ကို ကြိုးချည်ပြီးတော့ ခေါ်ယူသွားပါတယ်။”

ဒေသခံတွေ ဖမ်းဆီးခံရတဲ့ ကိစ္စကို တင်ပြဖို့ တပ်မတော် တာဝန်ရှိသူက ပြောဆိုလိုက်တဲ့ အတွက် သက်သေအထောက်အထားတွေနဲ့ သက်ဆိုင်ရာဌာနဆိုင်ရာတွေ တင်ပြသွား မယ်လို့လည်း ကျောက်တော်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းဝင်း ကပြောပါတယ်။

“ပြန်စိစစ်ပေးမယ်ဆိုတဲ့ အနေအထားတွေ ရှိလာတဲ့အခါမှ ဘာပဲဖြစ်ဖြစ် ကျနော်တို့လည်း အတိုင်းအတာတစ်ခုအထိ မျှော်လင့်ပါတယ်။ ဒီလိုပြန်စိစစ်မယ်ဆိုတော့ တစ်ခုခုတော့ ထူးလာမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ တခုခုကို ပြန်အကြောင်းကြားပြီးတော့မှ သူတို့ ပြောတဲ့အတိုင်းပေါ့လေ... ဒီ သတင်းစာရှင်းလင်းပွဲမှာ ပြောသလိုပဲ အသိသက်သေတွေနဲ့ သက်ဆိုင်ရာကို ပြန်ပြီးတော့ တင်ပြမယ်ဆိုပြီးတော့ အခုကျနော်တို့ ရွာသားတွေနဲ့ ဆွေးနွေးနေပါတယ်။”

တပ်မတော်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့တို့ကြား စစ်ရေးတင်းမာမှုတွေ ကြုံခဲ့ရတဲ့ ရခိုင်ပြည်နယ်မှာ ဒေသခံတွေ မကြာခဏ ဖမ်းဆီးထိန်းသိမ်းခံရတာတွေ ရှိသလို၊ ဖမ်းဆီးထားစဉ် သေဆုံးမှုတွေလည်း ကြုံခဲ့ရဘူးပါတယ်။ ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ အသိုင်းအဝန်းကတော့ ရခိုင်ပြည်နယ်က လက်နက်ကိုင်ပဋိပက္ခတွေမှာ အရပ်သားတွေ ထိခိုက်သေကြေနေတဲ့အပေါ် စိုးရိမ်ကြောင်း ပြောဆိုထားပြီး၊ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲဖို့လည်း တိုက်တွန်းထားပါတယ်။

Your browser doesn’t support HTML5

"အဖမ်းခံရတဲ့ သက်သေအထောက်အထားရှိရင် သက်ဆိုင်ရာကိုပြောပါ" - ဗိုလ်ချုပ်ဇော်မင်းထွန်း

[Unicode Version]






SEE ALSO: ရခိုင်စစ်ပြေးဒုက္ခသည်တချို့ နေရပ်ပြန်ပြီး မပြန်နိုင်သေးသူတွေလည်း ရှိနေဆဲ




