“ရခိုင်ရွေးကောက်ပွဲ မကျင်းပနိုင်ရင် ဒီမိုကရေစီပစ်ပယ်ရာရောက်” - နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါ

ဂျပန်အထူးသံတမန် Sasakawa Yohei. (နိုဝင်ဘာ ၂၈၊ ၂၀၂၀။ ဓာတ်ပုံ - သက်နိုင် (ဗွီအိုအေ))

(Zawgyi / Unicode)

Your browser doesn’t support HTML5

interview with Sasakawa chairman of The Nippon Foundation

ရခိုင်ပြည်နယ်အတွင်း ရွေးကောက်ပွဲတွေ လုပ်ခြင်းအားဖြင့် ရခိုင်ဒေသ ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းဖြစ်သလို ရခိုင်အနာဂတ်အိပ်မက်ကိုလည်း အကောင်အထည်ဖော်ရာ ရောက်တယ်လို့ နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Sasakawa က ဗွီအိုအေနဲ့ သီးခြားမေးမြန်းခန်းမှာ ပြောခဲ့ပါတယ်။ ဒါဆို ရွေးကောက်ပွဲတွေ မလုပ်နိုင်ခဲ့ရင်ရော ဘာဖြစ်လာနိုင်သလဲ... ဗွီအိုအေက ဆက်သွယ်မေးမြန်းထားပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦး တင်ပြပေးထားပါတယ်။

အရင် ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက မြန်မာ့ငြိမ်းချမ်ေးရးကိစ္စတွေမှာ ကြားဝင်ဆောင်ရွက်ပေးနေတဲ့ ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ Mr.Yohei Sasakawa ဟာ အခုလပိုင်းအတွင်းမှာတော့ ရခိုင်စစ်ရေးပဋိပက္ခတွေနဲ့ ပတ်သက်လို့ AA ရခိုင်လက်နက်ကိုင်အဖွဲ့နဲ့ မြန်မာ့တပ်မတော်အကြား ကြားဝင်စေ့စပ်ပေးနေသူအဖြစ် သိကြပါတယ်။ သူ့အနေနဲ့ AA ခေါင်းဆောင်ပိုင်းတွေနဲ့ ဖုန်းနဲ့ဆက် စကားပြော ဆွေးနွေးခဲ့သလို ပဋိပက္ခတွေဖြစ်နေတဲ့ အဲဒီ ရခိုင်ဒေသတွေအထိပါ သွားပြီး ဒေသခံတွေနဲ့ပါ တွေ့ဆုံ စကားပြောခဲ့တယ်လို့ ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတွေရဲ့ လိုလားချက်ကတော့ ရွေးကောက်ပွဲလုပ်ခြင်းအားဖြင့် သူတို့ရဲ့ ကိုယ်စားပြုမှု လွှတ်တော်ထဲရောက်ဖို့ ဖြစ်တယ်လို့ သူ့အတွေ့အကြုံကို ပြောပြပါတယ်။ ရွေးကောက်ပွဲလုပ်ခြင်းအားဖြင့် အခုဖြစ်နေတဲ့ ရခိုင်ပဋိပက္ခမှာ ငြိမ်းချမ်းရေးလမ်းစ ဖြစ်လာနိုင်တယ်လို့ သူက မြင်ပါတယ်။ အခု အနေအထားက လမ်းဆုံလမ်းခွပါပဲလို့ ဗွီအိုအေနဲ့ သီးခြားမေးမြန်းခန်းမှာ ဂျပန်ဘာသာပြန်ကတဆင့် ပြောသွားပါတယ်။

“ကျနော်က လက်ရှိ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ ဒီမိုကရေစီနိုင်ငံကို ထူထောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ သူတို့ အစိုးရဖြစ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံသဘောတရားက ဘာလဲဆိုရင် ပြည်သူတွေရဲ့ မဲဆန္ဒပေးပိုင်ခွင့်ရှိမယ်၊ ပြည်သူတွေကပေးတဲ့ မဲတပြားနဲ့ သူတို့ရဲ့ကိုယ်စားလှယ်ဖြစ်လာမယ့်၊ ပြည်သူတွေကို ကိုယ်စားပြုမယ့် လွှတ်တော်အမတ်ကို သူတို့ လွှတ်တော်ကိုပို့မယ်။ ပြီးတော့ ကိုယ်ယုံကြည်တဲ့ သူတွေက နိုင်ငံတော်ရဲ့ ပေါ်လစီ ရေးဆွဲ ချမှတ်ပေးခြင်းအားဖြင့် ပြည်သူတွေရဲ့ စားဝတ်နေထိုင်ရေး ပိုပြီးတော့ ကောင်းမွန်လာမယ်။ ဒါဟာဆိုရင် ဒီမိုကရေစီ အခြေခံသဘောတရား ဖြစ်ပါတယ်။ အကယ်၍များသာ ရွေးကောက်ပွဲ မလုပ်ခဲ့ဘူး ဆိုရင်တော့ ဒီမိုကရေစီကို ဆန့်ကျင်ရာ ရောက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အစိုးရ အနေနဲ့ အဲဒီလိုလုပ်မယ်လို့ ကျနော် မထင်ပါဘူး။ ရွေးကောက်ပွဲကို သူတို့ သေချာပေါက် မဖြစ်မနေ လုပ်ပေးမယ်လို့ ကျနော် ယုံကြည်ပါတယ်။ အကယ်၍ မလုပ်ခဲ့ဘူးဆိုရင်တော့ ဒီမိုကရေစီကို သူတို့ပစ်ပယ်လိုက်ရာ ရောက်မယ်လို့ ကျနော်ထင်ပါတယ်။”

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လုံခြုံရေးအကြောင်းပြချက်နဲ့ ရခိုင်ပြည်နယ်တွင်းက ဒေသအတော်များများမှာ ရွေးကောက်ပွဲတွေ မကျင်းပနိုင်ခဲ့ပါဘူး။ ဒါကြောင့် ပြီးခဲ့တဲ့နှစ်အကုန်ပိုင်းမှာပဲ AA နဲ့ မြန်မာ့တပ်မတော်ကြား ဆွေးနွေးမှုတွေရှိခဲ့ပြီး နောက်တိုးရွေးကောက်ပွဲ အမြန်ကျင်းပနိုင်ဖို့ နှစ်ဖက် အပစ်အခတ်ရပ်စဲမှု ဖြစ်ခဲ့ပါတယ်။ ရခိုင်နိုင်ငံရေးပါတီတွေရော AA ရခိုင်လက်နက်ကိုင်အဖွဲ့ကပါ နောက်တကြိမ် လွှတ်တော်မခေါ်ယူနိုင်ခင် ၂၀၂၀ နှစ်အကုန်မှာပဲ ရခိုင်ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုခဲ့ပြီး ဒါကို မြန်မာတပ်မတော်ဘက်ကလည်း ထောက်ခံကြိုဆိုခဲ့ပါတယ်။

ဒါပေမယ့်လည်း အခုချိန်အထိ နောက်တိုးရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့သလို မကြာခင် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာပဲ ၂၀၂၀ ရွေးကောက်ပွဲရလဒ်နဲ့အညီ လွှတ်တော်ခေါ်ယူဖို့ ကြေညာထားပါပြီ။ အခုလို ရခိုင်ဒေသမှာ ရွေးကောက်ပွဲတွေ ဖြစ်မလာဘူး ဆိုရင်တော့ တပ်မတော်နဲ့ AA အကြား အပစ်အခတ်ရပ်စဲမှုတွေ ပျက်စီးသွားမှာကို စိုးရိမ်တယ်လို့ ရခိုင်အရေးမှာ ကြားဝင်စေ့စပ်ခဲ့သူ Mr. Sasakawa က ဗွီအိုအေကို ပြောပါတယ်။ သူ့အနေနဲ့ကတော့ မြန်မာ့နိုင်ငံရေးမှာ စေ့စပ်ဆွေးနွေးနိုင်တဲ့ ပလက်ဖောင်းကို ခင်းကျင်းပေးတဲ့ သဘောသာဖြစ်ပြီး ကြားဝင်စွက်ဖက်စရာတော့ မရှိဘူးလို့ ပြောပါတယ်။ မြန်မာနိုင်ငံတွင်း ပဋိပက္ခတွေမှာ မြန်မာနိုင်ငံသားတွေကိုယ်တိုင် အဓိက ဆုံးဖြတ် ဖြေရှင်းရမှာဖြစ်တယ်လို့ ပြောပါတယ်။

မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ ဂျပန်အစိုးရ အထူးကိုယ်စားလှယ်အဖြစ် ဆောင်ရွက်နေသူ Mr. Sasakawa ရဲ့ ရခိုင်ပဋိပက္ခအပေါ် အမြင်အပြင် မြန်မာ့ငြိမ်းချမ်းရေး ကြားဝင်စေ့စပ်မှုတွေနဲ့ ပတ်သက်လို့ သူ့ရဲ့အမြင် သူ့ရဲ့အတွေ့အကြုံတွေကို ဗွီအိုအေဌာနမှူး ဦးသန်းလွင်ထွန်းက ဆက်သွယ်မေးမြန်းထားတာပါ။

မေးမြန်းခန်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း ရေဒီယိုရဲ့ တနင်္ဂနွေနေ့ည ၉ နာရီ အစီအစဉ်နဲ့ တနင်္လာနေ့မနက်ပိုင်း ၆ နာရီ အစီအစဉ်တွေမှာ စောင့်မျှော်နားဆင်နိုင်သလို ဗွီအိုအေမြန်မာပိုင်းရဲ့ တနင်္ဂနွေနေ့ညပိုင်း ရုပ်မြင်သံကြား အစီအစဉ်မှာလည်း ကြည့်ရှုနိုင်ပါတယ်။

..................................


{{Unicode}}







