မြန်မာစစ်တပ်နဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့အကြား စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ AA နဲ့ ဆက်နွယ်နေတယ် ဆိုပြီး မြန်မာစစ်တပ်က မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးမှုတွေ ရှိနေရာမှာ ဖမ်းဆီးခံရတဲ့ ရွာသားအချို့ သေဆုံးတာတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့လက မသင်္ကာမှုနဲ့ ဖမ်းဆီးထားတဲ့ မြောက်ဦးမြို့နယ် ပေါက်တောပြင် ရွာသား တဦးဟာ မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းမှုကြောင့် မနေ့က သေဆုံးခဲ့တယ်လို့ ဒေသခံတွေ နဲ့ မိသားစုဝင်တွေက ပြောပါတယ်။ တပ်မတော်ဘက်ကတော့ ဒီသေဆုံးမှုအတွက် နိုင်ငံသား အခွင့်အရေးအရ မိမိတို့ နစ်နာမှု အတွက်သက်ဆိုင်ရာကို တိုင်ကြားနိုင်ကြောင်း ပြောပါတယ်။ ဒါ့အပြင် ကျောက်တော်မြို့နယ် အတွင်းမှာလည်း အရပ်သားတွေကို ဖမ်းဆီးမှုတွေလည်းရှိနေ တယ်လို့ ဒေသခံလူမှု အဖွဲ့အစည်းတာဝန်ရှိသူတွေက ဆိုပါတယ်။ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက်နိုင်ကွန်းအိန်ကနေ သတင်းပေးပို့ထားပါတယ်။
မြန်မာစစ်တပ်ကနေ ဖမ်းဆီးထားတဲ့ မြောက်ဦးမြို့နယ်၊ ပေါက်တောပြင်ရွာက နောက်ထပ်ရွာသားတဦး နှိပ်စက်မှုဒဏ်ကြောင့် မနေ့ညကစစ်တွေ ဆေးရုံမှာ သေဆုံးသွားတယ်လို့ စစ်ရှောင်တွေကို အကူညီပေးနေတဲ့ မြောက်ဦးမြို့ မြတန်ဆောင်း ဆရာတော်က အခုလိုမိန့်ပါတယ်။
“ဖြစ်တာက မနေ့က ရဲတွေကလာပို့တယ်လို့တော့ပြောတယ်။ ရဲတွေက စစ်တပ်ထဲက သွားယူပြီးတော့ ရဲတွေက ကျောက်တော်မြို့ဆေးရုံကြီးကို လာပို့တယ်။ အဲဒီတုန်းက မသေသေးဘူး။ ဒါပေမဲ့ သေဖို့အတွက် သေချာသလောက် ဖြစ်နေတဲ့အတွက် ကျောက်တော်ဆေးရုံက ဆရာဝန်ကြီးက လက်မခံလိုက်ဘူးတဲ့။ အဲတာနဲ့စစ်တွေကိုသွားတယ်။ စစ်တွေဆေးရုံမှာပဲ ဆုံးတယ်။ အနှိပ်စက်ခံရပြီးတော့ သေတာ။ အခုအလောင်းက စစ်တွေမှာပဲ ရှိနေသေးတယ်။ စစ်တွေ ရင်ခွဲရုံမှာ။ ဒီနေ့ ၉ နာရီလောက်ကို ခွဲမယ်လို့တော့ပြောတယ်။ ခွဲပြီးတော့မှ ဒီကို ယူလာခွင့်ပေးမလား မပေးဘူးလား အဲတာတော့ အတိအကျ မသိရသေးဘူး။ ယူလာခွင့်ပေးရင်တော့ ဦးဇင်းတို့က ဒီကိုယူလာပြီးတော့ ဒီမှာပဲ သင်္ဂြိုလ်မယ်။ မြောက်ဦးမှာပဲ။”
အသက် ၂၈ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်ဟာ ကိုယ်ခန္ဓာမှာအတွင်း ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့ပြီး ကျောက်တော်ဆေးရုံကနေ စစ်တွေဆေးရုံကို ဇွန်လ ၃ဝ ရက်နေ့က ပို့ဆောင်ဆေးကုသခဲ့ပေမဲ့ မနေ့ကညနေပိုင်းမှာ သေဆုံးသွားခဲ့တာပါ။
ကိုဇော်ဝင်းလှိုင်ဟာ ဇွန်လ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ ဝေသာလီ ကျေးရွာကနေ ပေါက်တောပြင်ကျေးရွာကို အပြန်လမ်းမှာ တပ်မတော်ကနေ ဖမ်းဆီးသွားတာဖြစ်ပြီး နှိပ်စက်ဒဏ်ကြောင့် သေဆုံးတာဖြစ်တယ်လို့ မိသားစုဝင် ပေါက်တောပြင်ရွာသား တဦးကပြောပါတယ်။
“သူက ညှင်းပမ်းနှိပ်စက်လို့ ဆုံးတယ်လို့ ယူဆတယ်ပေါ့ ကျနော်တို့က။ ကျောက်တော်ဆေးရုံကတဆင့် စစ်တွေဆေးရုံကို သွားတဲ့အခါ ဒဏ်ရာကပြင်းလို့ သူကသွေးတွေ အန်တယ်တဲ့။ အတွင်းဒဏ်ရာရလို့ သွေးအန်တယ်။”
ကိုဇော်ဝင်းလှိုင်ရဲ့ ရုပ်အလောင်းကို စစ်တွေဆေးရုံကြီး ရင်ခွဲရုံမှတဆင့် မြောက်ဦးမြို့ကို ဒီကနေ့မှာသယ်ဆောင်သွားပြီး မနက်ဖြန် မြောက်ဦးသချုႋင်းမှာ သင်္ဂြိုလ်သွားမှာဖြစ်ပါတယ်။
ကိုဇော်ဝင်းလှိုင်အနေနဲ့ မြန်မာစစ်တပ်ရဲ့ ညှင်းပမ်းနှိပ်စက်မှုကြောင့် သေဆုံးသွားရတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့အပေါ် တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက အခုလိုပြောပါတယ်။
“ကျောက်တော်ရဲစခန်းကို ၂၄ ရက်နေ့က ကျနော်တို့လွှဲပေးထားတဲ့ တယောက်ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့တော့ စွပ်စွဲချက်တွေတော့ ရှိတာပေါ့။ ဟိုဘက်ကနေပြီးတော့က ညှင်းပမ်း နှိပ်စက်လို့ သေဆုံးတယ်... ဘာညာအဲဒီ စွပ်စွဲချက်တွေနဲ့ ပတ်သက်လို့ကတော့ နစ်နာတဲ့သူ ရှိတယ်။ နစ်နာတဲ့သူက ကျနော်တို့နစ်နာတဲ့အတိုင်း သက်ဆိုင်ရာကို အကြောင်း ကြားလို့ရပါတယ်။ ဒါနဲ့ပတ်သက်လို့က နိုင်ငံသားတွေမှာ အခွင့်အရေးရှိပြီးသားပဲ။”
ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ ဝေသာလီကျေးရွာနဲ့ ပေါက်တောပြင် ကျေးရွာသား ရှစ် ဦးကို မြန်မာစစ်တပ်ကနေ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ပတ်သက်တယ်ဆိုတဲ့ မသင်္ကာမှုနဲ့ ဖမ်းဆီးသွားခဲ့တာပါ။
ဒီအထဲက နှစ်ဦး သေဆုံးသွားခဲ့ပြီး ကျန်တဲ့သူတွေကို မြန်မာစစ်တပ်ကနေ စစ်ဆေးနေဆဲလို့အဆိုပါ ပေါက်တောပြင် ရွာသားက ဆက်ပြောပါတယ်။
“ပေါက်တောပြင်နဲ့ဝေသာလီကဖမ်းတဲ့ ရှစ် ယောက်ကတော့ ရှစ် ယောက်မှာ နှစ် ယောက် သေပြီးတော့ ကျန်တဲ့သူမှာ ၉ ရက်နေ့။ ၉ ရက်နေ့ ရုံးတင်မယ်။ ဒီလိုပဲကြားတယ်ကျနော်က။”
ပြီးခဲ့တဲ့ဇွန်လ ၂၄ ရက်နေ့ကလည်း အဖမ်းခံရသူ ရှစ် ဦးအနက်က ပေါက်တောပြင်ကျေးရွာက နေမျိုးထွန်းကလည်း နှိပ်စက်မှုဒဏ်ကြောင့် သေဆုံးသွားခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ကျန်းမာရေး ချို့ယွင်းလို့ဆေးရုံပို့စဉ်မှာ သေဆုံးတာဖြစ်တယ်လို့ ဗွီအိုအေကို ပြောဆိုခဲ့ပါတယ်။
ရခိုင်ပြည်နယ်စစ်ရေးပဋိပက္ခကာလအတွင်း AA နဲ့ ပတ်သက်နေတယ်ဆိုတဲ့ သံသယနဲ့ စစ်တပ်ကနေ ဖမ်းဆီး စစ်ဆေးမှုအတွင်း သေဆုံးသူ ၁၄ ဦးရှိလာပြီ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ရေးတင်းမာနေဆဲဒေသတွေမှာ အရပ်သားတွေကို ဖမ်းဆီးမှုတွေကလည်းရှိနေပါတယ်။
မနေ့က ကျောက်တော်မြို့နယ် သလူချောင်းကျေးရွာမှာ မြန်မာစစ်တပ်ကနေ ရွာသား ကိုး ဦးကို ဖမ်းဆီးထားရာမှာ ကျေးရွာသားသက်ကြီးပိုင်းတွေကနေ လာရောက် အာမခံခဲ့ရာမှာ ရွာသားတွေကို ပြန်လွှတ်ပေးခဲ့ပေမဲ့ အာမခံသူသက်ကြီးပိုင်း နှစ်ဦးကိုတော့ မြန်မာစစ်တပ်ကနေ ဖမ်းဆီးထားဆဲလို့ ရခိုင်ပြည်နယ် အရပ်ဘက်ပစ်ခတ် တိုက်ခိုက်မှု စောင့်ကြည့်ရေး အဖွဲ့ဝင်ဦးဇော်ဝင်းက ပြောပါတယ်။
“မနေ့ကလူ ကိုး ဦး အဖမ်းခံထားရတယ် သလူချောင်းရွာကလေ။ အဲဒီ ကိုး ဦးကို သုံး ဦး တတွဲ ချည်ထားတယ်။ အဲဒီအတွက် ရွာကအကြီးတွေက အဖိုးကြီး နှစ်ဦးက သွားပြီးအာမခံတယ်။ အဲဒီ ကိုး ဦးကို လွှတ်ပေးလိုက်တယ်။ အဲဒီအဖိုးကြီး နှစ်ဦးကို ခေါ်ထားလိုက်တယ်။ အဲဒီအဖိုးကြီးနှစ်ဦး ကို အခုချိန်ထိ မလွှတ်သေးဘူး။ တဦးကအသက် ၇၀ နောက်တဦးကသူ့ထက် တနှစ်၊ နှစ်နှစ်ကြီးတယ်လို့ ပြောတယ်။ ဒီအနီးမနားမှာ တိုက်ပွဲဖြစ်ရင် ငါတို့ကို အန္တရာယ်လာပြုရင် အဲဒီသလူချောင်း တရွာလုံးကို မီးရှို့သတ်မယ်ဆိုပြီးတော့ သူတို့ကအဲဒီလို ခြိမ်းခြောက်လိုက်တယ်လို့ ရွာသားတွေပြောတယ်။”
ရခိုင်ပြည်နယ်မှာ မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ အကြားစစ်ရေး ပဋိပက္ခ ကာလအတွင်း မသင်္ကာမှုနဲ့ ရွာသား ၇၀ ကျော် အဖမ်းဆီးခံထားရတယ်လို့လည်း ရခိုင်လူမှုအဖွဲ့အစည်းတွေကနေ စာရင်းပြုစုထားပါတယ်။
Your browser doesn’t support HTML5