မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်အပေါ်ဖိနှိပ်မှုတွေကိုရပ်တန့်ဖို့ တူရကီ၊ အီရန်အပါအဝင် မွတ်စလင်နိုင်ငံခေါင်းဆောင်တွေက မြန်မာအစိုးရကိုတောင်းဆိုလိုက်သလို ရုရှား၊ ချက်ညာ၊ အိန္ဒိယ၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာလည်း မြန်မာအစိုးရကို ဆန့်ကျင်ကန့်ကွက်တဲ့ ဆန္ဒပြပွဲတွေ မနေ့က ပြုလုပ်ခဲ့ကြပါတယ်။
ဒီအတောအတွင်း အကြမ်းဖက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ လုံခြုံရေးတပ်တွေ အင်အားအလွန်အကျွံ မသုံးဖို့နဲ့ ရခိုင်အပါအဝင် ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ အခြေအနေတွေ ကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုကို ပြတ်ပြတ်သားသား ပြဖို့ အချိန်ရောက်နေပြီလို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။မအင်ကြင်းနိုင်က တင်ဆက်ထားပါတယ်။
သြဂုတ်လ (၂၅)ရက်နေ့က ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့က စတင်တိုက်ခိုက်ပြီးနောက်ပိုင်း အရင်ထက် အခြေအနေတွေ ပိုပြီးဆိုးရွားလာတဲ့အပေါ်မှာ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီလီက Arakan ရုပ်သံသတင်းဌာနနဲ့ မေးမြန်းခန်းမှာ သူရဲ့ အမြင်ကို အခုလိုပြောသွားပါတယ်။
“မြန်မာ့တပ်မတော်ကို ကျမအနေနဲ့အလေးအနက် ပြောလိုတာက နိုင်ငံတကာလူသားချင်းစာနာမှုဆိုင်ရာ ဥပဒေကိုလိုက်နာဖို့လိုပြီး ဒီကြောက်မက်ဖွယ်ရာဖြစ်ရပ်ကြီးကို တုံ့ပြန်ရာမှာ လိုအပ်သည်ထက်ပိုပြီး အင်အားအသုံးမပြုဖို့ပါပဲ။”
အခုလို ရခိုင်အပါအဝင် မြန်မာနိုင်ငံက တိုင်းရင်းသားဒေသတချို့မှာမတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြတ်ပြတ်သားသားဦးဆောင်သင့်ပြီးလို့လည်း ယန်ဟီလီက ပြောပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ မြန်မာနိုင်ငံရဲ့ခေါင်းဆောင်ဖြစ်လာခဲ့ပြီးတဲ့နောက် နိုင်ငံတကာလူ့အဖွဲ့အစည်းကို သူ့ကိုအချိန်ပေးဖို့တောင်းဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိဖြစ်ရပ်တွေကို ကြည့်ချင်းအားဖြင့် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ရခိုင်ပြည်နယ် အခြေအနေကိုထိန်းချုပ်ရာမှာ သူ့ခေါင်းဆောင်ပြီသမှု အရည်အသွေးကို ပြသသင့်ပါတယ်။ ဒါ့အပြင် ကချင်နဲ့ မြန်မာနိုင်ငံမြောက်ပိုင်း ရှမ်းပြည်နယ်တို့မှာလည်း အခြေအနေက စိုးရိမ်ရပါတယ်။ ဒါ့ကြောင့်မြန်မာနိုင်ငံမှာ တပြိုင်တည်းကိုင်တွယ်ဖြေရှင်းဖို့က အရေးကြီးတဲ့ ကိစ္စရပ်က ၂ မျိုးရှိနေတာဖြစ်ပါတယ်။”
သြဂုတ်လ (၃၁)ရက်နေ့က ထုတ်ပြန်တဲ့ သူရဲ့ကြေညာချက်မှာလည်း အစွန်းရောက်စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုအပေါ် အပြင်းထန်ဆုံး ပြစ်တင်ရှုတ်ချထားပြီး အပြစ်မဲ့ အရပ်သားလူထုကို နောက်ထပ် အကြမ်းဖက်တာတွေ ချက်ခြင်းရပ်ဆိုင်းဖို့လဲ ပါမောက္ခ ယန်ဟီလီက တိုက်တွန်းထားပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တကျော့ပြန်ဖြစ်လာတဲ့ အကြမ်းဖက်မှုအခြေအနေတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က နှုတ်ပိတ်နေတယ်လို့ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်ချက်တွေအပေါ်မှာ အမေရိကန်အခြေစိုက် မြန်မာ့အရေးကျွမ်းကျင်သူ ဒေါက်တာတင့်ဆွေက အခုလိုသုံးသပ်ပါတယ်။
“ဒေါ်အောင်ဆန်းစုကြည်ကို အရင်ကတည်းကပေါ့ နေအိမ်အကျယ်ချုပ်ကလွှတ်ကတည်းက ကျန်တဲ့အချိန်လေးမှာရောမီဒီယာနဲ့က အင်မတန်မှ ထိတွေ့ပြီးတော့ သူ ပြောချင်ဆိုချင်၊ ပြောခဲ့ဆိုခဲ့ပါတယ်။ ဒီနေ့အချိန်မှာတော့ အစိုးရတခုမှာ တာဝန်ရှိတဲ့ ပုဂ္ဂိုလ် ဖြစ်တဲ့အလျောက်အခုလို ပူလောင်ပူလောင်ဖြစ်နေတဲ့ အချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်လည်း ဒါကိုအချိန်ပေးကောင်းပေးလိမ့်မယ်။ပြီးရင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာ့အရေးကတော့ တဖက်သပ်ပဲဆိုတာလာဦးမယ်လို့ ကျနော်ကတော့ မျှော်လင့်ပါတယ် အဲဒါကတော့ ဒေါ်အောင်ဆန်းစုကြည်က မကြာခင်အကောင်းဆုံး ဆုံးဖြတ်မယ်လို့ ကျနော်မျှော်လင့်ပါတယ်ခင်ဗျ”
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် တဖက်သပ်ဖိနှိပ်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ မွတ်စလင်အများစုရှိတဲ့ နိုင်ငံတွေမှာ ဒီရက်ပိုင်းတွေအတွင်း မြန်မာအစိုးရကို ဆန့်ကျင်ဆန္ဒပြပွဲတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ မနေ့က ရုရှားနိုင်ငံ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ Chechnya ဒေသမှာတော့ လူပေါင်းသုံးသောင်းကျော် ဆန္ဒပြခဲ့ကြပြီး ရုရှားနိုင်ငံ မော်စကိုမြို့တော် မြန်မာသံရုံးရှေ့ကဆန္ဒပြပွဲမှာ လူပေါင်း ၂၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် မြန်မာသံရုံးရှေ့တနင်္လာနေ့က ဆန္ဒပြပွဲမှာပါဝင်ခဲ့တဲ့ အင်ဒိုနီးရှားအမျိုးသမီးတဦးကတော့
“ရိုဟင်ဂျာမွတ်စလင်တွေနဲ့ စည်းလုံးညီညွတ်မှုရှိကြောင်းနဲ့ သူတို့အပေါ် အကြမ်းဖက်ဖိနှိပ်နေတာတွေကို ကန့်ကွက်တဲ့အနေနဲ့ ကျမတို့ ဒီမှာ လာပြီးဆန္ဒပြနေကြတာပါ။ ဒုက္ခရောက်နေသူတွေထဲမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေဟာ အဓိကအများဆုံးဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။”
အဲဒီဆန္ဒပြပွဲမှာ မြန်မာသံအမတ်ကြီးကို အင်ဒိုနီးရှားနိုင်ငံကနေ နှင်ထုတ်ဖို့၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ရုပ်သိမ်းဖို့နဲ့ ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်မှုတွေကို ရပ်တန့်ဖို့ တောင်းဆိုခဲ့ကြပါတယ်။
တချိန်တည်းမှာပဲ ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီး နောက်ထပ် မွတ်စလင်နိုင်ငံတွေဖြစ်တဲ့ ပါကစ္စတန်၊ အီရန်၊ Mauritania၊ ကာတာ၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်၊ အဇာဗိုင်ဂျန်နဲ့ ဘင်္ဂလားဒေ့ရှ် စတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဆီကို တူရကီသမ္မတ Erdogan က တယ်လီဖုန်းနဲ့ ဆက်သွယ်ပြောဆိုခဲ့ကြောင်း တူရကီလာတဲ့ သတင်းတွေမှာ တနင်္လာနေ့က ဖေါ်ပြခဲ့ကြပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိရိုဟင်ဂျာတွေကို ဖိနှိပ်နေမှုကို ကုလသမဂ္ဂက အရေးယူဆောင်ရွက်မှုမရှိရင် မွတ်စလင်နိုင်ငံတွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ရှိတယ်လို့ လည်း တူရကီသမ္မတက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။
နောက်ထပ်မွတ်စလင်နိုင်ငံဖြစ်တဲ့ မော်လဒိုက်ကတော့ ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်နေမှုအပေါ်မှာ မြန်မာအစိုးရကို ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပြီး မြန်မာနိုင်ငံနဲ့ ကုန်သွယ်စီးပွားဆက်ဆံရေးဖြတ်တောက်မှာဖြစ်တယ်လို့ မော်လဒိုက် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ စက်တင်ဘာလ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်မှာဖေါ်ပြထားပါတယ်။ ဒါကြောင့် မော်လဒိုက်နိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အစည်းအဝေးကို တက်ရောက်မယ့် မြန်မာကျန်းမာရေးဝန်ကြီးရဲ့ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့ပါတယ်။
ဒီအတောအတွင်း တရုတ်နဲ့ ရုရှား အင်အားကြီးနှစ်နိုင်ငံ အစိုးရတွေကတော့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA အကြမ်းဖက်အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေကို ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းနဲ့ မြန်မာအစိုးရအနေနဲ့ အခြေအနေတွေ တည်ငြိမ်အောင် အားထုတ်ကြိုးပမ်းဖြေရှင်းမှုကို ထောက်ခံကြောင်း၊ ရခိုင်ပြည်နယ် ပြဿနာကို ရှေရှည်အဖြေရှာရာမှာ ကိုဖီအာနန်ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေကို လိုက်နာဖို့ တိုက်တွန်းထားပါတယ်။
Your browser doesn’t support HTML5