ရခိုင်ပဋိပက္ခ ဒုက္ခသည်များလက်ခံရေး သတ်မှတ်ရက်အတိုင်းဆောင်ရွက်မည်

ဒုက္ခသည်များကို စိစစ်နေစဉ်

ဘင်္ဂလားဒေ့ရှ်ဘက်က ပြန်လာမယ့် ဒုက္ခသည်တွေပြန်လည်လက်ခံရေးအစီအစဉ်တွေ စတင်တော့မယ့်ရက်ပိုင်းမှာပဲ ARSA အကြမ်းဖက်တိုက်ခိုက်တဲ့အဖွဲ့ဘက်က ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေးအဖွဲ့တွေကို တိုက်ခိုက်ခဲ့တဲ့အတွက် ဒုက္ခသည်တွေပြန်လည်လက်ခံရေး အစီအစဉ်တွေအတွက် သက်ရောက်မှုရှိနိုင်ပေမဲ့လို့ မြန်မာဘက်ကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား သဘောတူညီချက်တွေအတိုင်း အဆင်သင့်ဖြစ်အောင် ဆောင်ရွက်ပြီး ပြင်ဆင်နေကြတယ်လို့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနေရာချထားရေးဦးဆောင်စီစဉ်သူတဦးဖြစ်တဲ့ ရခိုင်ပြည်နယ်တွင်း လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေးရေး၊ ပြန်လည်နေရာချထားရေးအတွက် ဖွံ့ဖြိုးရေး စီမံကိန်း UEHRD ဒုဥက္ကဋ္ဌ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေးဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။ လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မဆုမွန်။ ။ ဝန်ကြီးဆီက ကျမအခုသိချင်တာက အခုလက်ရှိ ဒီလိုမျိုး သူတို့ဘက်ကနေပြီးတော့ ပြင်ဆင်နေတဲ့ နေရာတွေ လုပ်နေတဲ့ အစိုးရ တာဝန်ရှိတဲ့သူတွေကို တိုက်ခိုက်လာတဲ့ အနေအထားက ဒုက္ခသည်တွေ ပြန်လာဖို့အတွက် ပြင်ဆင်နေတဲ့ အခြေအနေတွေအပေါ်မှာ ထိခိုက်မှုတစုံတရာရှိနိုင်သလားဆရာ။ ဘယ်လိုသက်ရောက်မှုများ ရှိနိုင်ပါသလဲ။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။။ဒီလို တိုက်ခိုက်မှုတွေ ရှိလာတယ်ဆိုတဲ့ အနေအထားကတော့ တကယ်တမ်းဆိုရင်တော့ မကောင်းဘူးလေ။ တကယ်တော့ ကျနော်တို့ကနေပြီးတော့ ကျနော်တို့ လုပ်ရမယ့်အလုပ်ကို ကျေပွန်အောင်ဆောင်ရွက်နေတယ်။ အားလုံးကလည်း ပူးပေါင်းဆောင်ရွက်ကြတယ်။ နိုင်ငံတကာကလည်း အခုပါဝင်လာကြတာတွေ ရှိတယ်။ ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်မယ့် ကိစ္စတွေရှိတယ်ဆိုတော့ ကျနော်တို့ကလည်း ကျနော်တို့ လုပ်တဲ့ အလုပ်ကို အောင်မြင်အောင် ကြိုးစားဆောင်ရွက်နေတယ်။ ဒါကိုတော့ ကျနော်တို့အနေနဲ့ ပြန်လာမယ့်လူတွေကလည်း အဆင်ပြေဖို့တော့ လိုတာပေါ့နော်။ ကျနော်တို့အနေနဲ့ကတော့ ကျနော်တို့အလုပ်ကို ကျနော်တို့ ကောင်းကောင်းဖြစ်အောင်ဆောင်ရွက်နေတယ်။ လုံခြုံရေးအပိုင်းမှာလည်း ကျနော်တို့အစိုးရအနေနဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ကျကျနန ဆောင်ရွက်နေတယ်။ ကျနော်တို့ကတော့ ကျနော်တို့ရဲ့ ဘင်္ဂလားဒေ့ရှ် ၂ နိုင်ငံ သဘောတူစာချုပ်အတိုင်း ကျနော်တို့ လုပ်ရမယ့်အလုပ်တွေအကုန်လုပ်နေတယ်။ အဲဒီလုပ်နေတဲ့အထဲမှာ safe and voluntary repatriation ရှိတာပေါ့နော်။ အဲဒီတော့ ဒီ မိမိ သဘောဆန္ဒအလျောက်ပြန်လာမယ်။ Safe ဖြစ်ဖို့ဆိုတာလေးလည်း ရှိတာပေါ့။ ဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့လည်း ဆောင်ရွက်နေတယ်။ လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ ကျနော့်အနေနဲ့ တိုက်ရိုက်တာဝန်မရှိဘူး။ သို့သော် သက်ဆိုင်ရာ လုံခြုံရေးနဲ့ ပတ်သက်တဲ့သူတွေကတော့ သူတို့ ကဏ္ဍအလိုက်ကို လုံခြုံရေးကိုတော့ ဆောင်ရွက်နေကြတယ်ပေါ့နော်။

မဆုမွန်။ ။ ပြီးခဲ့တုန်းကလည်း စစ်အခြေစိုက်စခန်း ၃၀ ကို တပြိုင်နက်ထဲ တိုက်ခိုက်ခဲ့တဲ့အတွက် ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာတယ်ပေါ့နော်။ ပြီးခဲ့တုန်းကလည်း ရခိုင်ပြည်နယ်ဝန်ကြီးချုပ်သွားတဲ့ လမ်းကြောင်းကို တိုက်ခိုက်ခဲ့တာလည်း ရှိတယ်။ အခုလည်း ဒီလိုမျိုး အစိုးရစစ်တပ်ယာဉ်တန်းကို တိုက်တာမျိုးတွေရှိတော့ ဆရာတို့အခုဆောင်ရွက်နေတဲ့ အစိုးရဘက်ကလုပ်ငန်းတွေမှာရော အနှောင့်အယှက် အဟန့်အတားပေါ့နော် လုံခြုံရေးအရ စိုးရိမ်မှုတွေ ရှိလာနိုင်ပါသလား။

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။။အခုအတိုင်းကတော့ ကျနော်တို့ဘက်ကနေပြီးတော့ သတိထားပြီးတော့ ဆောင်ရွက်နေတဲ့ ကိစ္စတွေတော့လုပ်နေပါတယ်။ အဲဒီလောက်ပဲ ပြောလို့ ရမယ်။ စိုးရမ်တာကတော့ ရှိတာပေါ့ ဒါပေမယ့် ကျနော်တို့အနေနဲ့ လိုအပ်တဲ့ လုံခြုံရေးကိစ္စတွေကိုတော့ သက်ဆိုင်ရာများကနေပြီးတော့ သတ်မှတ်ဆောင်ရွက်နေတယ်လို့ ကျနော်သိရတယ်။

မဆုမွန်။ ။ ဟုတ်ကဲ့ဆရာ နောက်ဆုံးမေးခွန်းပါ။ ဆရာတို့က ၂ နိုင်ငံ သဘောတူညီချက်အရဆိုရင် ဇန်နဝါရီ နောက်ဆုံးအပတ်မှာ လုပ်ဖို့ ရှိတယ်ဆိုတော့ အခုပြင်ဆင်ဖို့အချိန်တွေကရော ဒီသတ်မှတ်ထားတဲ့ ရက်အတိုင်းမှာ ဖြစ်နိုင်ပါ့မလားဆရာ

ဝန်ကြီး ဒေါက်တာဝင်းမြတ်အေး။။ဖြစ်နိုင်တယ်။ အဲဒါတော့ ဖြစ်နိုင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခုကျနော်တို့လုပ်တဲ့အလုပ်အနေအထားအရဆိုရင် မဖြစ်လို့လဲမရဘူး။ ကျနော်တို့ သတ်မှတ်တဲ့ရက်အတိုင်းကို ကျနော်တို့ မီအောင်လို့ ဆောင်ရွက်နေတယ်။ ဆောင်ရွက်နေတယ်ဆိုတော့ ခုနကလို လက်ခံတာတွေရှိတော့ တခါတည်း အများကြီးလည်း ရောက်လာမှာမှ မဟုတ်တာ။ သက်ဆိုင်ရာကနေပြီးတော့ စိစစ်ဆောင်ရွက်တဲ့ ကိစ္စတွေလည်း ရှိနေတယ်။ တဖက်နိုင်ငံကလည်း အကြောင်းပြန်ရမယ့် ကိစ္စတွေ ရှိနေတယ် ဆိုတော့။ အဲဒီရက်ဆိုရင်လည်း အဲဒီရက်ကနေစပြီးတော့ လက်ခံလို့ရပြီသာပြောတာ အဲဒီနေ့မှာ စဝင်မယ် မဝင်ဘူးဆိုတာက ကျနော်တို့လည်း မသိသေးဘူး။ ဘာဖြစ်လို့လဲဆိုတော့ အကြောင်းပြန်တဲ့ စာတွေလည်း မရသေးဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဘာပဲဖြစ်ဖြစ် ကျနော်တို့ကတော့ အဲဒီရက်မှာ ဝင်လာရင် လက်ခံမယ့်နေရာ ၂ ခု ၊ အဲဒီ လက်ခံမယ့်နေရာ၂ခုမှာ လက်ခံလို့ရအောင် ကျနော်တို့ ပြီးအောင်လုပ်ထားတယ်။ အဲဒါပြီးရင် ခဏ ကြားစခန်းကို သွားမယ့်လူကလည်း ကြားစခန်းမှာနေလို့ရအောင် ကျနော်တို့ လုပ်ထားမယ်။ နေအိမ်ရှိလို့ ပြန်မယ့် လူတွေအတွက်လည်း ကျနော်တို့ စီစဉ်ထားတယ်။ စားရေး၊ သောက်ရေး၊ သွားရေးလာရေး နေရေးထိုင်ရေး စသဖြင့်ပေါ့ ဒါတွေအကုန်လုံး ကျနော်တို့ဆောင်ရွက်နေတယ်။ Cash Of Work လုပ်မယ့်သူတွေကလည်း ဆောက်မယ့်နေရာတွေကို သွားပြီးတော့ ကျနော်တို့ ယာယီတဲတွေထိုးထားမယ် အဲဒီနေရာတွေမှာ နေမယ်။ Tent ကလည်း ကျနော်တို့ ဟိုနေ့က ထုတ်ပြန်ထားပြီးပြီ ကောင်းတဲ့ Tent လေးတွေမှာ နေမယ်။ နေပြီးရင် Cash Of Work အလုပ်လုပ်မယ် ပါဝင်မယ်ပေါ့ ၊ မပါချင်လည်းရတယ်၊ ပါရင်လည်း ရတယ် အဲဒါမျိုးလေးတွေတော့ ကျနော်တို့က စနစ်တကျဆောင်ရွက်နေတဲ့အတွက်ကြောင့် ခုနမေးတဲ့ မေးခွန်းအရဆိုရင်တော့ သက်ဆိုင်ရာ သတ်မှတ်ထားတဲ့အချိန်အတိုင်းမှာ ကျနော်တို့က အသင့်ဖြစ်အောင် ဆောင်ရွက်ထားပါတယ်။”

လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ပြန်လည်နေရာချထားရေး ဝန်ကြီးဒေါက်တာဝင်းမြတ်အေး က ပြောပါတယ်။ လူကယ်ပြန် ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ဗွီအိုအေမြန်မာပိုင်းက မဆုမွန်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

Your browser doesn’t support HTML5

ရခိုင်ပဋိပက္ခ ဒုက္ခသည်များလက်ခံရေး သတ်မှတ်ရက်အတိုင်းဆောင်ရွက်မည်