သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည် ပြဿနာ NLD အစိုးရ ကိုင်တွယ်ပုံ


မြန်မာနိုင်ငံ မြောက်ပိုင်း၊ လိုင်ဇာမြို့ ဒုက္ခသည်စခန်းရှိ စစ်ဘေးရှောင် ကချင်ကလေး
မြန်မာနိုင်ငံ မြောက်ပိုင်း၊ လိုင်ဇာမြို့ ဒုက္ခသည်စခန်းရှိ စစ်ဘေးရှောင် ကချင်ကလေး
ဒုက္ခသည် ပြဿနာ NLD အစိုးရ ကိုင်တွယ်ပုံ
please wait

No media source currently available

0:00 0:10:59 0:00
တိုက်ရိုက် လင့်ခ်

ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာဆွေးနွေးခန်းမှာ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်က ဒုက္ခသည်ဖြစ်ပေါ်စေမှု အများဆုံးနိုင်ငံတွေ စာရင်းမှာ နံပတ် (၈) အဆင့်ရှိနေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အေဂျင်စီက သတ်မှတ်ထားပါတယ်။ NLD အစိုးရတက်လာရင် တခြားသော ပြဿနာတွေနဲ့အတူ ဒုက္ခသည်ပြဿနာလဲ လျော့ပါးသွားလိမ့်မယ်လို့ တချို့ကမျှော်လင့်ခဲ့ကြပါတယ်။လက်တွေမှာ ဘယ်လို ရှိနေပါသလဲ။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးတင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ NLD အစိုးရ တက်လာပြီးနောက် ဒုက္ခသည် ပြဿနာဟာ ပေါ့ပါးလျော့နည်းသွားလိမ့်မယ်လို့ မျှော်လင့်ခဲ့ကြပါတယ်။ အဲဒီ မျှော်လင့်ချက်အတိုင်း ဝန်ကြီးတို့ဘက်က ဘယ်လောက်အထိ ဖြည့်စွမ်းပေးနိုင်ခဲ့တယ်လို့ ထင်ပါလဲ။ သို့တည်းမဟုတ် ဖြည့်စွမ်းပေးနိုင်ဖို့ အခက်အခဲတွေ ရှိနေသေးသလားဆိုတာကို အရင်ဆုံး စပြောပါခင်များ။

ဦးဝင်းမြတ်အေး ။ ။ ဒုက္ခသည်ဆိုတာက ဘေးဖြစ်တဲ့လူကို ဒုက္ခသည်လို့ ယူဆတယ်။ ဒုက္ခသည်ဆိုတာ အမျိုးမျိုးရှိတယ် - လူလုပ်တဲ့ဘေးကြောင့် ဒုက္ခရောက်တာ ရှိတယ်။ တိုက်ပွဲရှောင် ဘေးဒုက္ခသည်တွေ ရှိတယ်။ သဘာဝဘေး ဒုက္ခသည်တွေရှိတယ်။ အဲဒီတော့ များတယ်နည်းတယ် ဆိုတာကတော့ အဲဒါက များလာတယ်၊ နည်းလာတယ်လို့တော့ ပြောလို့မရဘူး။ ကျနော်တို့မှာ တိုက်ပွဲရှောင် ဒုက္ခသည် နဲ့ သဘာဝဘေး ဒုက္ခသည်တွေ ကျနော်တို့ မြန်မာနိုင်ငံမှာ ရှိနေတယ်။ သဘာဝဘေးကတော့ အရင်ကထက်စာရင် ခပ်စိတ်စိတ်နဲ့ ခပ်များများ ဖြစ်တယ်။ ဒါ တကမ္ဘာလုံးရဲ့ ရာသီဥတု ပြောင်းလဲခြင်းနဲ့ မြန်မာနိုင်ငံရဲ့ ဂေဟစနစ် ပြောင်းလဲခြင်းကြောင့် ဖြစ်နေရတာ ဖြစ်တဲ့အတွက်ကြောင့် ဒါကိုတော့ ကျနော်တို့ ရင်ဆိုင်ရတယ်။ ရင်ဆိုင်ရတဲ့နေရာမှာ သဘာဝဘေးကို အရင်ပြောမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့ ပိုပြီးတော့ ရင်ဆိုင်တုံ့ပြန်နိုင်စွမ်းရှိအောင် ကြိုးစားနေတယ်။ နောက်ပြီးတော့ ဖြစ်လာတဲ့အခါမှာလဲ အလျင်အမြန် တုံ့ပြန်တဲ့ နည်းတွေနဲ့သွားတယ်။ စီမံခန့်ခွဲမှုပုံစံ အသစ်တွေပြောင်းတယ်။ ဒါတွေကတော့ ကြိုတင်ပြင်ဆင်တဲ့ အပိုင်းတွေမှာ ပြည်သူတွေနဲ့ နီးစပ်အောင် လုပ်ပြီးတော့ ပြည်သူတွေကို ပိုပါဝင်လာအောင် ဆောင်ရွက်တယ်။ ပြန်လည်ထူထောင်ရေးအပိုင်းမှာတော့ အားနည်းသေးတယ်။ ဒါပေမဲ့ ဒါကိုလဲ အခုကြိုးစားပြီးတော့ စာရင်းအင်းမှန် ကောက်ယူတာတို့ ဘာတို့နဲ့ ဆောင်ရွက်နေတာ ရှိတယ်။

ဦးကျော်ဇံသာ ။ ။ စစ်ရေးပဋိပက္ခတွေကြောင့် ဘေးဒုက္ခကျရောက်ကြတဲ့ လူတွေကြတော့…

ဦးဝင်းမြတ်အေး ။ ။ Conflicts တွေ ပဋိပက္ခတွေကြောင့် လူလုပ်တဲ့ဘေးကြောင့် တိုက်ပွဲရှောင်များနဲ့ ပတ်သက်လို့ကတော့ ရှိတဲ့နေရာတွေမှာ ကျနော်တို့ ဝန်ကြီးဌာနရဲ့ မူဝါဒကတော့ မြန်မာနိုင်ငံမှာ ဖြစ်တာကို အကုန်လုံးကို ဘာမှ ခွဲခြားမှု မရှိဘဲနဲ့ ဆောင်ရွက်တယ်။ ဆောင်ရွက်တဲ့နေရာမှာလဲ အခုန ပြောသလိုပဲ အလျင်အမြန် တုံ့ပြန်ဆောင်ရွက်တာတွေ ရှိတယ်။ အဓိကတော့ ကျနော်တို့က လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ပေးတယ်။ လိုအပ်တာကို ဖြည့်ဆည်းတယ်။ နောက်တခုကတော့ စာနာထောက်ထားမှု အကူအညီကို ပေးရင်နဲ့ ဒုက္ခသည်စခန်းတွေမှာ ကြာသွားလို့ရှိရင်တော့ ကိုယ့်ရပ်ကိုယ့်ရွာကို မပြန်ခင်မှာ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေကို ဦးစားပေးပြီး ဆောင်ရွက်နေတယ်။ ဒါတွေက ဘာလဲဆိုရင် အသက်မွေးကျောင်းတွေ သင်ကြားပေးတယ်။ ပညာရေးတွေ တပိုင်းတစ မဖြစ်သွားအောင် ပံ့ပိုးကူညီတယ်။ အဲဒီဟာကို ဒီနှစ်မှာ ကူးပြောင်းပြီးတော့ ဆောင်ရွက်နေတယ်။

ဦးကျော်ဇံသာ ။ ။ စောစောက သဘာဝဘေးဒဏ်ကြောင့် ဖြစ်လာရတဲ့ ဒုက္ခကြုံရတဲ့ ဒုက္ခသည်တွေက ခပ်စိတ်စိတ် ဖြစ်လာတယ်ဆိုတော့ ပဋိပက္ခကြောင့် ဖြစ်လာတဲ့ ဒုက္ခသည် အရေအတွက်ကော ဘယ်လိုနေပါလဲ။ ခပ်စိတ်စိတ် ဖြစ်လာတယ်လို့ ဆိုနိုင်ပါလား။ သို့တည်းမဟုတ် ခပ်ကျဲကျဲ ဖြစ်သွားသလား။

ဦးဝင်းမြတ်အေး ။ ။ ပဋိပက္ခကြောင့် ဖြစ်လာတဲ့ ကိစ္စတွေကတော့ ကျနော်တို့ကတော့ ဒါတွေကို တဖြည်းဖြည်းနဲ့ နည်းမလားလို့ ထင်ပေမယ့် လုံးဝနည်းသွားပြီ၊ လျော့သွားပြီ ဆိုတာတော့ သိပ်မတွေ့ရဘူး။ ဖြစ်နေဆဲ၊ ရှိနေဆဲ ဖြစ်နေတာတော့ တွေ့ရတယ်။ အရေအတွက်ကတော့ ပြောရအတော်ခက်တယ်။

ဦးကျော်ဇံသာ ။ ။ အခုနလို နိုင်ငံရေး၊ စစ်ရေး ပဋိပက္ခတွေကြောင့် ဘေးဒုက္ခရောက်နေတဲ့ လူတွေကို ကူညီပံ့ပိုးမှုက ဘယ်လောက် ထိရောက်ပါလဲ။

ဦးဝင်းမြတ်အေး ။ ။ သဘာဝဘေးနဲ့ ပတ်သက်ရင်တော့ အဓိကတော့ ကျနော်တို့ရဲ့ အင်အားနဲ့ ကျနော်တို့ ဆောင်ရွက်တယ်။ ဒါပေမဲ့ သဘာဝဘေး ကြီးမားလို့ရှိရင် ကျနော်တို့မှာ သဘာဝဘေးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု ဥပဒေရှိတယ်။ အဲဒီ ဥပဒေတွေထဲမှာ တကယ်ကို ကျယ်ကျယ်ပြန့်ပြန့်ကြီး ဖြစ်တဲ့ ကျနော်တို့အင်အားနဲ့ မနိုင်လောက်ဘူးဆိုမှ ကြေညာပြီး နိုင်ငံတကာရဲ့ အကူအညီကိုတောင်းတာ။ အများအားဖြင့်တော့ ကျနော်တို့ရဲ့ သဘာဝဘေးတွေ အကုန်လုံးက ကျနော်တို့နိုင်ငံရဲ့ ဘတ်ဂျက်တွေနဲ့ သဘာဝဘေး စီမံခန့်ခွဲမှု ကော်မတီဆိုပြီး ကျနော်တို့ ဖွဲ့ထားတာ ရှိတယ်။ ဒုတိယသမ္မတ ဦးဆောင်ပြီးတော့။ အဲဒီ ကော်မတီမှာ သဘာဝဘေး အန္တရာယ်နဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု ရန်ပုံငွေဆိုတာ အစိုးရရဲ့ ဘဏ္ဍာငွေနဲ့ ထည့်ဝင်ထားတဲ့ ရန်ပုံငွေရှိတယ်။ အလှူရှင်တွေကပေးတဲ့ ရန်ပုံငွေတွေ ရှိတယ်။ အဲဒီအလှူရှင်မှာတော့ နိုင်ငံတကာ အလှူရှင်တွေ ရှိသလို၊ ပြည်တွင်းက အလှူရှင်တွေလည်းရှိတယ်။ အခုနပြောတဲ့ ကျန်တဲ့ လူကြောင့်ဖြစ်တဲ့ ပဋိပက္ခတွေ၊ Conflicts ကြောင့်ဖြစ်တဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ တခါတလေကြရင် သဘာဝဘေး စီမံခန့််ခွဲမှု ရန်ပုံငွေကိုလည်းသုံးတယ်။ ဘာကြောင့်သုံးလဲဆိုရင် ခေါင်းစဉ်က သဘာဝဘေးလို့ ပြောပေမယ့် ဘေးအားလုံးနဲ့ဆိုင်တယ်။ ကျနော်တို့ ဥပဒေထဲမှာလည်း ရှိတယ်။ ဒါပေမဲ့ အများအားဖြင့် Conflicts နဲ့ ပတ်သက်တဲ့ နေရာတွေမှာလည်း နိုင်ငံတကာက ဝင်ရောက်ကူညီ ထောက်ပံ့တာတွေ ရှိတယ်။ တရားဝင် နိုင်ငံတနိုင်ငံနဲ့ တနိုင်ငံ ဆက်သွယ်ပြီးတော့ တရားဝင် ကူညီတဲ့အဖွဲ့တွေကို ကျနော်တို့ အလှူငွေကို လက်ခံပြီးတော့ စနစ်တကျရအောင် လုပ်ပေးတယ်။

ဦးကျော်ဇံသာ ။ ။ တချို့နိုင်ငံတကာ အဖွဲ့အစည်းတွေက ဒုက္ခသည်တွေရဲ့ စခန်းကို သူတို့သွားရောက်ခွင့် မပေးဘူး။ လွတ်လပ်စွာ သွားလာခွင့်မပေးဘူးဆိုတဲ့ ညည်းတွားသံတွေကို ကြားနေရပါတယ်။ အဲဒါကို ဝန်ကြီး ဘာပြန်ပြောချင်ပါလဲ။

ဦးဝင်းမြတ်အေး ။ ။ ဒါနဲ့ ပတ်သက်လို့ရှိရင် ဒီလိုရှိပါတယ် ကျနော်တို့က အဲဒီလိုမျိုးကြီး ပိတ်ပင်ထားတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ တချို့ ဧရီယာတွေ ဥပမာ ပြီးခဲ့တဲ့ ရခိုင်မှာဖြစ်ခဲ့တဲ့၊ မြောက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ကိစ္စတွေမှာကြတော့ လုံခြုံရေးမှာ အရေးကြီးတဲ့ ကိစ္စတွေ ဖြစ်လာပါတယ်။ ပထမ စဖြစ်တဲ့ အောက်တိုဘာလ (၉) ရက်မှာဖြစ်တဲ့ ကိစ္စကလည်း အစိုးရရဲ့ လုံခြုံရေးကိုပါ ထိပါးပြီးတော့ ဖြစ်လာတာ ဖြစ်တဲ့အတွက်ကြောင့် လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်ရတဲ့ကိစ္စတွေ ဖြစ်ခဲ့တယ်။ နောက်ပိုင်းမှာလဲ အဲဒီနယ်မြေမှာ လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ သတိထားရမယ့် ကိစ္စတွေကလဲ ဆက်ခါဆက်ခါ ရှိနေတာ ဖြစ်ခဲ့တယ်။ အဲဒီလို လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ စိတ်မချရတဲ့အတွက်ကြောင့် ဒီတိုင်းသွားဖို့လာဖို့အတွက် ခက်ခဲတာကို ပြောတာပါ။ ဒီလိုမျိုး ပိတ်ပင်ထားတာတော့ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဒီလို စစ်ရေးပဋိပက္ခ Conflict ကြောင့် မြန်မာနိုင်ငံ နယ်စပ်ပြင်ပကိုကျော်ပြီးတော့ ထွက်ရတဲ့ ဒေသတွေလည်း ရှိပါတယ်။ လူတွေလည်း ရှိပါတယ်။ အဲဒီလူတွေကို လက်ခံတဲ့ နိုင်ငံတွေ Host countries တွေရဲ့ သဘောထား။ တနိုင်ငံနဲ့တနိုင်ငံ တူချင်းမှ တူမယ်။ လူမျိုးစုတခုနဲ့တခုအပေါ်မှာ သူတို့ထားတဲ့ သဘောထားလဲ မတူဘူးဆိုတာ တွေ့ရပါတယ်။ ဥပမာ ကျနော်တို့ အတွေ့အကြုံပြောရရင် ရှမ်းပြည်ဘက်က ပဋိပက္ခကြောင့် ထိုင်းဘက်ကို ထွက်ပြေးခဲ့ကြတဲ့လူတွေကို ထိုင်းဘက်က လုံးဝကို အသိအမှတ်မပြုဘဲထားတယ်။ ဒါပေမဲ့ ကရင်ပြည်နယ်ဘက်က ထွက်ပြေးခဲ့တဲ့ လူတွေကိုတော့ အသိအမှတ်ပြုတယ်။ အဲဒီလိုမျိုးတွေ ရှိပါတယ်။ အဲဒီကိစ္စကို မြန်မာနိုင်ငံ အစိုးရအနေနဲ့ ဘယ်လို သဘောထားပါလဲ။

ဦးဝင်းမြတ်အေး ။ ။ ဘယ်လို သဘောထားလဲဆိုတော့ ကျနော်တို့က ဒီလိုရှိပါတယ်။ အိမ်နီးချင်းနိုင်ငံတွေကတော့ ချစ်ကြည်ရင်းနှီးတဲ့ နိုင်ငံတွေအနေနဲ့ ရပ်တည်နေတာလည်း ဖြစ်တယ်။ နောက်ပြီးတော့ ကျနော်တို့ နိုင်ငံခြားရေး မူဝါဒမှာလည်း ချစ်ကြည်ရင်းနှီးစွာပဲ တူချင်းတွဲပြီးတော့ နေထိုင်တာလည်းရှိတယ်။ ရှိတဲ့အခါကြတော့ ဒါဟာ ကျနော်တို့ဘက်က နိုင်ငံက ထွက်သွားတဲ့ နိုင်ငံတွေဟာ ကျနော်တို့မှာ တာဝန်ရှိတာပေါ့။ ရှိတဲ့အခါကြတော့ နှစ်ဘက်ညှိနှိုင်းပြီးတော့ ဒီလူတွေအတွက်ကို ဆောင်ရွက်နေတဲ့ ကိစ္စရပ်တွေလည်း ရှိပါတယ်။ အဲဒီတော့ နယ်စပ်တွေမှာ အဲဒီလိုမျိုး ရှောင်တိမ်နေတဲ့လူတွေရဲ့ အခြေအနေတွေလည်း ညှိနှိုင်းပြီးတော့ ဆောင်ရွက်ဖို့ကိုလည်း ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီဒုက္ခသည်တွေ ပြန်လာနိုင်ရေးကော ဘယ်လို အလားအလာ ရှိပါလဲ။

ဦးဝင်းမြတ်အေး ။ ။ အခုဆိုရင် တရုတ်ပြည်ဘက် ရောက်သွားတယ်၊ ဒီဘက်ကို ပြန်လာတယ်ဆိုရင် ပြန်လာတဲ့ လူတွေအားလုံးကို ကျနော်တို့ လူမှုဝန်ထမ်း ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနကလည်း သွားရေးလာရေး လွယ်ကူဖို့၊ ပြန်လည်လက်ခံဖို့၊ နေရာပြန်လုပ်ထားဖို့ ကျနော်တို့မှာ တာဝန်ရှိပါတယ်။ အဲဒီအတွက် ကျနော်တို့ ကြိုးစားခဲ့တာတွေလည်း ရှိတယ်။ ကြိုးစားနေတာတွေလည်း ရှိတယ်။ ကျနော်တို့ဘက်က ပြန်လည်လက်ခံတယ်။ နေရာပြန်လည်ချထားမယ်။ ဒီကြားထဲမှာ သွားရေးလာရေး အဆင်ပြေအောင် ကူညီတယ်။ နောက်ပြီးတော့ စားသောက်စရိတ်တွေကို လက်တလော အနည်းဆုံး အခုစီမံချက်အရဆိုရင် ပြန်လာတဲ့လူကို အနည်းဆုံး (၇) ရက်စာ ထောက်ပံ့တယ်။ နောက်ပိုင်း ဆက်လက်ပြီးတော့ ကိုယ့်နေရာကိုယ်ရောက်အောင် မသွားနိုင်သေးတဲ့ လူတွေကို ဆက်လက်ထောက်ပံ့တဲ့ စရိတ်တွေလည်းရှိတယ်။ နောက်တခုက လူမှု့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးတော့ ဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ကိစ္စတွေ အများကြီး ရှိပါတယ်။ ကျနော်တို့ ဝန်ကြီးဌာနက လူအင်အားနည်းပါးတော့ လူမှု့အဖွဲ့အစည်းတွေ အများကြီးနဲ့ ပူးပေါင်းဆောင်ရွက်ရတာ ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ နိုင်ငံတကာ အဖွဲ့အစည်းတချို့ရဲ့ စာရင်းမှာ မြန်မာနိုင်ငံဟာ ဒုက္ခသည်တွေ သူတို့အခေါ် Refugees တွေ အများကြီး ထွက်လာတဲ့ နိုင်ငံစာရင်းထဲမှာ တစ်ကနေ တစ်ဆယ်အတွင်းမှာ ပါနေပါတါယ်။ အဲဒါကို ဝန်ကြီး ဘာပြောလိုပါလဲ။

ဦးဝင်းမြတ်အေး ။ ။ ဒါကတော့ ကျနော့်အနေနဲ့တော့ ဒီဟာနဲ့ ပတ်သက်လို့ ဘာမှတော့ မပြောလိုပါဘူး။ ဒါပေမဲ့ ကျနော်တို့ နိုင်ငံမှာတော့ ကျနော်တို့မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ နည်းပါးတယ်ဆိုတာ ဖြစ်နေတယ်။ ဆိုတော့ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုဖန်တီးဖို့ကို ကျနော်တို့ ကြိုးစားနေတယ်။ ကျနော်တို့ အစိုးရသစ်က ဘယ်လိုစီမံချက်ပဲလုပ်လုပ် လူငယ်လူရွယ်တွေအတွက် အလုပ်အကိုင် အခွင့်အလမ်းတွေကို ဖန်တီးဖို့ဆိုတာကို ထည့်ပြီးတော့ စဉ်းစားပြီးတော့ ဆောင်ရွက်နေတယ်။ ဝန်ကြီးဌာနတိုင်းက စီမံချက်ကလေးတခု ဆွဲပြီးဆို ဒါဆိုရင် အလုပ်အကိုင် အခွင့်အလမ်း ဘယ်လို ဖော်ဆောင်ပေးနိုင်မလဲ။ ဒါမျိုးတွေပေါ့။ ကျနော်တို့ အဲဒီလိုမျိုး ဆောင်ရွက်နေပါတယ်။ ကျနော်တို့ရဲ့ အစိုးရသက်တမ်းကလည်း တနှစ်ကျော်ရုံလေးပဲ ရှိသေးတာ ဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ ဒါကို အားသွန်ခွန်စိုက် ကြိုးစားနေတယ်။ အလုပ်အကိုင် အခွင့်အလမ်းရှိရင် လူတွေက အပြင်က ရောက်မသွားဘူးပေါ့။ အပြင်ကို ထွက်မသွားဘဲ ကိုယ့်နိုင်ငံမှာ ကိုယ်လုပ်နိုင်မယ်။ သွားနေတဲ့လူတွေလည်း ပြန်ရောက်လာရင် အဆင်ပြေမယ်ဆိုတဲ့ နည်းလမ်းတွေနဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက ဝန်ကြီးတို့ အစိုးရရဲ့ စီမံကိန်းထဲမှာ ဘယ်ခုနှစ်ကြရင် ဒုက္ခသည်တွေရဲ့ အရေအတွက်ဟာ လုံးဝပပျောက်သွားမယ်လည်းကောင်း၊ ဘယ်နှစ်ခုကြရင် ဒုက္ခသည် ပမာဏကို ဘယ်လောက်အထိ လျှော့ချနိုင်မယ် စသည်ဖြင့် သတ်မှတ်ထားတာရှိရင် သိပါရစေ။

ဦးဝင်းမြတ်အေး ။ ။ အဲဒီလို သတ်မှတ်ထားတာ ကျနော်တို့ ဝန်ကြီးဌာနအနေနဲ့ အခုက ကျနော်က လူမှုကယ်ဆယ် ဝန်ကြီးဌာနအနေနဲ့ပဲ ပြောတာ။ ကျနော်တို့ လူမှုကယ်ဆယ်ဝန်ကြီးဌာနအနေနဲ့ ပြန်လည်ပြီးတော့ ထူထောင်ဖို့ဆိုတာ ကျနော်တို့က ကယ်ဆယ်ဖို့၊ ပြန်လည်ထူထောင်ဖို့ ဒါတွေကိုပဲ ဆောင်ရွက်ရတာ ဖြစ်တယ်။ အဲဒီလိုတော့ သတ်မှတ်ထားတာ ကျနော်တို့ဝန်ကြီးဌာနအနေနဲ့ မရှိဘူး။

ဦးကျော်ဇံသာ ။ ။ ဝန်ကြီးတို့ဌာနဟာ ကယ်ဆယ်ရေး လုပ်ငန်းတွေ လုပ်တဲ့နေရာမှာ လူမှု့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းတယ်လို့ ဆိုပါတယ်။ အဲဒီတော့ လူမှုအဖွဲ့အစည်းတွေရဲ့ ပါဝင်ပံ့ပိုးမှု၊ အသိအမှတ်ပြုမှုကော ဘယ်လောက်အထိ ရရှိပါလဲ။ အဲဒါနဲ့ ပတ်သက်လို့ ကျေနပ်မှု ရှိပါရဲ့လား။

ဦးဝင်းမြတ်အေး ။ ။ သူတို့ကတော့ တကယ်ပဲ ပြည်သူ့အတွက်ကို အကျိုးရှိအောင်လုပ်မယ်။ ပြည်သူနဲ့ တိုက်ရိုက်အကျိုးရှိမယ့် လုပ်ငန်းတွေ ကျနော်တို့ ဆောင်ရွက်မယ်။ ပြည်သူတွေ ဒုက္ခရောက်ရင် ဘယ်လိုကူညီမယ် ဒါပါပဲ။ အဲဒီတော့ ကျနော်တို့နဲ့အတူတူ ပြည်သူတွေက ဝိုင်းဝန်းပါဝင်သလို နိုင်ငံတကာ အဖွဲ့အစည်းတွေကလည်း ကျနော်တို့ တကယ်လုပ်နိုင်တဲ့ လုပ်ရပ်တွေကို အသိအမှတ်ပြုဖို့နဲ့ ပိုပြီးတော့ လုပ်နိုင်အောင် ပံ့ပိုးကူညီဖို့နဲ့ ကျနော်တို့ရဲ့ လုပ်ရပ်တွေအပေါ် အမြင်ရှင်းဖို့ ဒါတွေကလဲ အများကြီး လိုအပ်တယ်လို့ ထင်ပါတယ်။ ကျနော်တို့လည်း ကြိုးစားနေပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုကော နိုင်ငံတကာရဲ့ ဝန်ကြီးတို့ရဲ့ လုပ်ရပ်ကို အသိအမှတ်ပြုမှု အလုံအလောက် ရှိပါလား။

ဦးဝင်းမြတ်အေး ။ ။ အဲဒါကတော့ အခြေအနေ အဖြစ်အပျက်၊ အရပ်ရပ်နဲ့ အနေအထားတွေပေါ်မှာ မူတည်ပါတယ်။ ဆိုတဲ့အတွက်ကြောင့် ကျနော်တို့ဘက်က ကျနော်တို့တာဝန်ကိုတော့ ကျေအောင်ကြိုးစားနေပါတယ်လို့ ပြောချင်ပါတယ်။

XS
SM
MD
LG