ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးအစီအစဉ်ကို ရှေ့နှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်ရေး မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့အကြား ရရှိလိုက်တဲ့ သဘောတူညီချက်မှာ ချို့ယွင်းချက်တွေ အများအပြား ပါဝင်နေကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဝေဖန် ပြောကြားလိုက်ပါတယ်။ ဒုက္ခသည်တွေ ပြန်ပို့ရေး ဆွေးနွေးတဲ့နေရာမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂက တာဝန်ရှိသူတွေ ပါဝင်သင့်တယ်လို့လည်း HRW က ထောက်ပြ ပြောဆိုလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။
သြဂုတ်လ ၂၅ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ တကျော့ပြန် ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေး သွားကြသူများ နေရပ်ပြန်ပို့ရေး သဘောတူညီချက်လို့ အမည်ပေးထားတဲ့ ဒီသဘောတူညီချက်ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေ နိုဝင်ဘာလ ၂၃ ရက်နေ့က လက်မှတ်ရေးထိုးလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီ သဘောတူညီချက်အရ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေ ရခိုင်ပြည်နယ်အတွင်း ပြန်လာရေး အစီအစဉ်တွေကို လာမယ့် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ စတင်မှာ ဖြစ်ပါတယ်။
ဒါပေမယ့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ နှစ်နိုင်ငံအကြား ရရှိလိုက်တဲ့ အဲဒီသဘောတူညီချက်မှာ ချို့ယွင်းချက်၊ လိုအပ်ချက်တွေ အများအပြား ပါဝင်နေကြောင်း အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့အခြေစိုက် HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ဒီဇင်ဘာလ ၁၁ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြီး ဝေဖန် လိုက်ပါတယ်။
Bill Frelick ဟာ HRW အဖွဲ့က ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ညွန်ကြားရေးမှူး ဖြစ်ပါတယ်။
“ကျနော်တို့အမြင်အရ ဒီသဘောတူညီချက်မှာ ဒေါင့်စုံကနေ ကြီးမားတဲ့ ချို့ယွင်းချက်တွေ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီသဘောတူညီချက်ကို ခနဘေးဖယ်ထားပြီး သဘောတူညီချက်ရေးဆွဲတဲ့နေရာမှာ ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂက အဖွဲ့အစည်းတွေ အပြည့်အ၀ ပါဝင်ဖို့ ဖိတ်ခေါ်သင့်ပါတယ်။ နောက်ပြီးတော့ ဒုက္ခသည်တွေအနေနဲ့ နေရပ်ကို သူတို့ သဘောဆန္ဒနဲ့ ပြန်လာတာမျိုး ဖြစ်သင့်ပြီး ပြန်လာကြတဲ့အခါမှာလည်း ဘေးကင်း လုံခြုံမှုနဲ့ ဂုဏ်သိက္ခာရှိတဲ့ ပြန်လာမှုမျိုးဖြစ်အောင် လိုအပ်တဲ့အချိန်ယူပြီး ဆောင်ရွက်သင့်ပါတယ်။”
ဒုက္ခသည်တွေကို ပြန်လည် လက်ခံရေး ဆောင်ရွက်တဲ့ အစီအစဉ်တွေမှာ လိုအပ်ရင် ကုလသမဂ္ဂရဲ့ ပါဝင်ဆောင်ရွက်မှုကို လက်ခံသွားမယ်လို့ မြန်မာအစိုးရဘက်က ပြောထားပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ အစပိုင်းကတည်းက ကုလသမဂ္ဂရဲ့ ပါဝင်မှုကို လိုလားကြောင်း ပြောထားတယ်လို့ Bill Frelick က ပြောပါတယ်။
ဒုက္ခသည်တွေ နေရပ်ပြန်လာရေး သဘောတူညီမှု ရရှိပြီး ၂ လအတွင်း စတင်အကောင်အထည်ဖော်မယ့် အစီအစဉ်ဟာ မြန်လွန်းတယ်လို့ ယူဆကြောင်းလည်း Bill Frelick က ပြောပါတယ်။
“ကျနော်တို့ဘက်က စိုးရိမ်တဲ့အချက် အများအပြား ရှိပါတယ်။ ပထမအချက်ကတော့ ဒုက္ခသည်တွေ ပြန်လာနိုင်မယ့် အချိန်ဇယားဟာ အရမ်းကို စောလွန်းနေပါတယ်။ လူပေါင်း ၆၄၅,၀၀၀ ကျော် အဓမ္မ နေရပ်စွန့်ခွာ ထွက်ပြေးသွားရတဲ့ အကြောင်းရင်းကို ဖြေရှင်းပေးနိုင်ခြင်း မရှိသေးတာ၊ နောက်တချက်က နေရပ်ပြန်လာသူတွေ ဘေးကင်းလုံခြုံမှု ရှိတယ် မရှိဘူးဆိုတာကို စောင့်ကြည့်တဲ့စံနစ် ချမှတ် အကောင်အထည်ဖော်ခြင်း မရှိသေးတာ၊ နောက် ဒီလူတွေ ပြန်ရောက်တဲ့အခါ တိုင်းပြည်အတွင်းမှာ အများနည်းတူ လုပ်ကိုင် စားသောက်နိုင်တဲ့ အစီအစဉ်တွေ ကြိုတင်စီစဉ်ထားခြင်း မရှိသေးတာတွေ ပါဝင်ပါတယ်။”
ဒါ့အပြင် ဒုက္ခသည်တွေ နေရပ်ပြန်ရေး ဆွေးနွေးကြတဲ့နေရာမှာ ဒုက္ခသည်တွေကိုယ်တိုင် ပါဝင်ပြီး သူတိုရဲ့ သဘောထားတွေကိုလည်း ရယူသင့်တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေကို စိစစ်တဲ့အစီအစဉ်နဲ့ ပတ်သက်လို့လည်း Bill Frelick အခုလို ထောက်ပြပါတယ်။
“မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ပြန်လက်ခံရေး စိစစ်တဲ့နေရာမှာ စာရွက် စာတမ်း အထောက်အထားတွေအပေါ် အခြေခံပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒုက္ခသည်တွေရဲ့ အထောက်အထား အများအပြားဟာ မီးလောင်သွားတာ၊ ဖျက်ဆီးခံရတာ၊ ပျောက်ဆုံးသွားတာ၊ ဒါမှမဟုတ် ခိုင်လုံတဲ့အထောက်အထားအဖြစ် ပြလို့ မရနိုင်တော့လောက်အောင် ပျက်စီး သွားတာတွေ ရှိခဲ့ပါတယ်။ လူမျိုးစုအလိုက် ရှင်းလင်း ဖယ်ရှားမှု လုပ်ဆောင်ခံရလို့ဘဲဖြစ်ဖြစ်၊ ကြုံတွေ့လာမယ့် ဘေးအန္တရာယ်တွေကို စိုးရိမ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို အလျင်အမြန် ထွက်ပြေး သွားကြရလို့ဘဲဖြစ်ဖြစ် နည်းမျိုးစုံကြောင့် အထောက်အထား မရှိတော့တဲ့သူတွေ အများအပြား ပါဝင်နေပါတယ်။”
ဒုက္ခသည်တွေ ပြန်လက်ခံရေး စိစစ်တဲ့နေရာမှာ ဆီးရီးယားအပါအဝင် တခြား အာဖရိကနိုင်ငံတချို့က လုပ်ဆောင်ခဲ့တဲ့ နမူနာတွေကိုယူပြီး စိစစ်မှုတွေ ပြုလုပ်နိုင်တယ်လို့လည်း သူက ပြောပါတယ်။
အခြေခံအားဖြင့်တော့ ဖိနှိပ်မှုတွေကို ခံခဲ့ရပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရသူတွေ၊ ဒေသခံ ပြည်သူတွေနဲ့ အာဏာပိုင် အဖွဲ့အစည်းတွေအကြား ယုံကြည်မှု တည်ဆောက်ရေးဟာ အရေးအကြီးဆုံးအချက်ဖြစ်ကြောင်း၊ အဲဒီလို ယုံကြည်မှု ရရှိရေးအတွက် တည်ဆောက်ဆဲ ကာလမှာလည်း နိုင်ငံတကာရဲ့ ပါဝင် စောင့်ကြည့်မှု လိုအပ်ကြောင်း HRW လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ညွန်ကြားရေးမှူး Bill Frelick က ပြောပါတယ်။
မြန်မာအစိုးရ တာဝန်ရှိသူတွေကတော့ ဒုက္ခသည်တွေ ပြန်လာတဲ့အခါ အရင်ကလို ယာယီစခန်းတွေမှာ ရက်ကာလ ရှည်ကြာစွာ နေထိုင်ရတာမျိုး မဖြစ်ရအောင် ဖျက်ဆီး ခံခဲ့ရတယ်ဆိုတဲ့ သူတို့ရဲ့ မူလအိမ်နေရာဟောင်းတွေမှာ အိမ်အသစ်တွေ ပြန်ဆောက်ပေးတာအပါအဝင် ကြိုတင် ပြင်ဆင်မှုတွေကို စတင် ဆောင်ရွက်နေပြီဖြစ်ကြောင်း မကြာသေးခင်က ပြောပါတယ်။
သြဂုတ်လ ၂၅ ရက်နေ့မှာ တကျော့ပြန် ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှိဘက်ကို ထွက်ပြေးသွားကြတဲ့ ဒုက္ခသည် အရေအတွက်ဟာ အခုချိန်မှာ ၆၄၅,၀၀၀ ကျော်သွားပြီလို့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ရိုဟင်ဂျာအရေး ဒီဇင်ဘာလ ၅ ရက်နေ့က အထူးအစည်းဝေး ခေါ်ယူကျင်းပခဲ့တာမှာ စည်းဝေးပွဲ ခေါ်ယူရခြင်းနဲ့ပတ်သက်လို့ ကုလသမဂ္ဂဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် M Shameem Ahsan ရှင်းလင်း တင်ပြတဲ့အထဲ - နိုင်ငံမဲ့ဖြစ်နေတဲ့ လူနည်းစု အခြေအနေကို ထိထိရောက်ရောက် ဖြေရှင်းရေးမှာ သူတို့အပေါ် လူမျိုးရေးနဲ့ ဘာသာရေးဆိုင်ရာ မုန်းတီးမှုတွေကို ရပ်တန့်ရမှာ ဖြစ်သလို သူတို့ကို အသိအမှတ်မပြုပဲ မြန်မာနိုင်ငံအတွင်း နေထိုင်ခဲ့တာကြာပေမဲ့ တရားမဝင် နေထိုင် သူတွေဆိုတဲ့ ပြောဆိုမှုတွေကိုလည်း ရပ်တန့်ရမှာဖြစ်ကြောင်း၊ မစ္စတာ ကိုဖီ အာနန်းအဖွဲ့ရဲ့ အကြံပေးချက်တွေကိုလည်း အပြည့်အ၀ လိုက်နာရမှာဖြစ်ကြောင်း၊ ဒါ့အပြင် ကုလသမဂ္ဂရဲ့ အချက်အလက်ရှာဖွေရေးအဖွဲ့ကို ဝင်ခွင့်ပြုရမှာဖြစ်ကြောင်း၊ လူ့အခွင့်အရေး ပဋိပက္ခကို ဖြေရှင်းရေးမှာ မြန်မာဘက်က စိတ်ရင်းမှန်နဲ့ ကြိုးပမ်းလုပ်ဆောင်တာမျိုး နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ မတွေ့ရသေးကြောင်း၊ ဒီပြဿနာကို ဖြေရှင်းရေးမှာ လူသားချင်း စာနာမှုကိစ္စတွေကိုပဲ ဖြေရှင်းပြီး ၂ နိုင်ငံအကြား ဆွေးနွေး ဖြေရှင်းယုံနဲ့ လုံလောက်တယ်ဆိုတဲ့ အယူဆကို ဘင်္ဂလားဒေ့ရှ်ဘက်က လက်မခံကြောင်း ထည့်သွင်း ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်တွေအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ရေးကော်မတီအတွက် အကြံပေးအဖွဲ့ကို အခုလ (၈) ရက်နေ့က စတင်ဖွဲ့စည်းလိုက်ပြီး ဒီအကြံပေးအဖွဲ့မှာ အမေရိကန်၊ တောင်အာဖရိက၊ ထိုင်း၊ ဆွီဒင်နဲ့ အင်္ဂလန် စတဲ့နိုင်ငံတွေက ထိပ်တန်း နိုင်ငံရေးသမားကြီးတွေနဲ့ အစိုးရ အရာရှိဟောင်းတွေ ပါဝင်သလို မြန်မာနိုင်ငံက နိုင်ငံတကာအရေး ကျွမ်းကျင်သူတွေလည်း ပါဝင်ပါတယ်။
Your browser doesn’t support HTML5