Reuters သတင်းထောက်၂ ဦး အမှု ရှေ့နေရှေ့ရပ် ပြင်ဆင်

Reuters သတင်းထောက်နှစ်ဦး လွတ်မြောက်ရေး ဆန္ဒထုတ်ဖော်နေကြစဉ်။ (ဒီဇင်ဘာ ၂၇-၂၀၁၇)

နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေချိုးဖောက်မှုနဲ့ အင်းစိန်ထောင်ထဲ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရိုက်တာသတင်းထောက်နှစ်ဦးကို ရှေ့လာမယ့်သီတင်းပတ်ထဲ အင်းစိန်ခရိုင်တရားရုံးမှာ ဒုတိယအကြိမ်မြောက် ရုံးထုတ်မှာဖြစ်ပါတယ်။ သတင်းထောက်နှစ်ဦး အခုလို ဖမ်းခံရတဲ့အပေါ် ကန့်ကွက်တဲ့အနေနဲ့ သူတို့ကိုရုံးထုတ်လာချိန် သတင်းထောက်တွေဘက်က တရားဝင် ဆန္ဒထုတ်ဖော်ဖို့လည်း ပြင်ဆင်နေကြပါတယ်။ အခုလက်ရှိအခြေအနေမှာ သတင်းလွတ်လပ်ခွင့်နဲ့သတင်းသမားတွေရဲ့ လုံခြုံရေးထိပါးလာမှုဟာ စိုးရိမ်စရာကောင်းတဲ့အနေအထားဖြစ်လာနေတယ်လို့လည်း မြန်မာသတင်းမီဒီယာကောင်စီတာဝန်ရှိသူတဦးက သုံးသပ်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ ၂၀၁၇ခုနှစ် ဒီဇင်ဘာလ ၁၂ရက်နေ့ ညက ရဲတပ်ဖွဲ့ဝင်တွေဘက်က ချိန်းဆိုလို့ သွားရောက်တွေ့ဆုံခဲ့တဲ့Reuters သတင်းဌာန သတင်းထောက်တွေဖြစ်တဲ့ ကိုသက်ဦးမောင် (ခေါ်) ကိုဝလုံး နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ကို ရခိုင်ပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ် အစီရင်ခံစာတွေ လက်ဝယ်တွေ့ရှိတယ်ဆိုပြီး ရန်ကုန်မြို့၊ ထောက်ကြန့်နယ်မြေရဲစခန်းမှာ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နောက် သူတို့နှစ်ဦးကို မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ နဲ့ ပုဒ်မ ၅ ဖောက်ဖျက်မှုနဲ့ တရားစွဲဆိုလိုက်ပါတယ်။ ဒီဇင်ဘာ၂၇ရက်နေ့က မင်္ဂလာဒုံတရားရုံးမှာ သူတို့ကို ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပြီး ရမန်ယူခဲ့ပါတယ်။

ရမန်ကုန်မယ့် လာမယ့် ဇန်နဝါရီလ ၁၀ရက်နေ့မှာတော့ အင်းစိန်ခရိုင်တရားရုံးမှာ ရုံးထုတ်စစ်ဆေးမှာဖြစ်တယ်လို့ ရိုက်တာ သတင်းထောက်နှစ်ဦးဘက်က ဥပဒေအကျိုးဆောင်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်မယ့် မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက အကျိုးဆောင်ရှေ့နေကြီး ဦးခင်မောင်ဇော်က အမှုနောက်ဆုံးအခြေအနေကို အခုလို ရှင်းပြပါတယ်။

"မင်္ဂလာဒုံမြို့နယ်တရားရုံးမှာ နည်းနည်းပြင်ဆင်ထားတာရှိတယ်။ ဒါပေမယ့် အမှုရဲ့ အခုဆွဲထားတဲ့ ပုဒ်မအရထုတ်မယ်ဆိုရင် ရန်ကုန်မြောက်ပိုင်းခရိုင် အင်းစိန်တရားရုံးမှာ ထုတ်ရမှာပါခင်ဗျ။ ဒုတိယအကြိမ်မြောက်ဆိုရင်တော့ ရမန်ပေါ့နော်၊ ဒုတိယ ရမန်ကုန်တဲ့နေ့ပေ့ါ အဲဒီနေ့က။ ဒုတိယရမန်ကုန်တဲ့နေ့ဖြစ်တဲ့အတွက်ကြောင့် အခုရမန်ယူထားတဲ့ပုဒ်မနဲ့ သူတို့ကို မတင်ရင် လွှတ်ဖို့ပဲရှိပါတယ် တင်ရမှာပါ။ တင်မယ်ဆိုရင်တော့ ပထမဆုံး ရုံးခေါ်လာမယ်။ ရဲကနေပြီးတော့ အင်းစိန်ထောင်ကနေပြီးတော့လေ အဲဒီက ရဲကပဲ စောင့်ရှောက်မယ်၊ ရဲကပဲ ရုံးကိုခေါ်လာမယ်။ ခေါ်လာပြီးတော့ ကျနော်တို့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ တွဲလျက်ရှိတဲ့ အချုပ်မှာပဲ ခဏထည့်ထားမယ် ခရိုင်ဥပဒေအရာရှိကနေပြီးတော့မှ ပြည့်စုံပြီလို့ ပြောလိုက်တဲ့အခါမှာ အဲဒီအမှုတွဲနဲ့ အဲဒီ တရားခံ ၂ ယောက်ကို ဒီ အင်းစိန်ခရိုင်တရားရုံးကို ပို့ပါမယ်။ အင်းစိန်ခရိုင်တရားရုံးကနေပြီးတော့မှ ဒီအမှုကို လက်ခံပါမယ်။ ဒီအမှုကို ယူလိုက်ပြီဆိုရင် တရားခံတွေကို ဒီပုဒ်မ ဒီဥပဒေတွေနဲ့ တင်ထားပြီဖြစ်တဲ့အကြောင်း တရားခံတွေကို ပြောပါမယ်။ ပြောပြီးတော့ အမိန့်ပေးပါမယ်။"

အခုလာမယ့် တရားခွင်မှာ သတင်းထောက်တွေဘက်က တရားရေးပိုင်းဆိုင်ရာ လိုက်ပါဆောင်ရွက်မယ့်ရှေ့နေတွေအဖြစ် ရှေ့နေဦးသန်းဇော်အောင်နဲ့ မြန်မာနိုင်ငံ လွတ်လပ်သောရှေ့နေများအသင်းက ဦးခင်မောင်ဇော်တို့ဦးဆောင်မယ့် ရှေ့နေတွေက ရှေ့နေကိုယ်စားလှယ်စာ တင်သွင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရှင်းပြပါတယ်။

"ဦးသန်းဇော်အောင်နဲ့ ကျနော်နဲ့ ရှေ့နေကိုယ်စားလှယ်စာ တင်ပါမယ်ခင်ဗျ။"

အခုလိုသတင်းသမားနှစ်ဦးကို သတင်းပေးပြီးတဲ့အချိန် ဆိုင်ကအထွက်မှာ အသင့်စောင့်ဆိုင်းဖမ်းဆီးခဲ့တာဟာ တမင်အကွက်ဆင် ဖမ်းဆီးမှုသက်သက်သာဖြစ်တဲ့အတွက် သတင်းသမားတွေအပေါ် ထောင်ချောက်ဆင်ပြီး မတရားအမှုဖွင့် တရားစွဲဖို့ကြံစည်မှုဖြစ်တဲ့အတွက် အမှုကိုရုပ်သိမ်းပြီး အမြန်ဆုံးလွှတ်ပေးသင့်တယ်လို့ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီအဖွဲ့ဝင်တဦးဖြစ်တဲ့ ကိုမြင့်ကျော်က သုံးသပ်ပါတယ်။

"အဲဒီနေ့က ချိန်းဆိုပြီးပေးတဲ့ စာရွက်စာတန်းတွေက တမင်တကာအကွက်ဆင်ထားတဲ့ သဘောမျိုးလို့ သူတို့ ပြောဆိုချက်အရ သိရတာပေါ့နော်။ အဲလိုမျိုးဆိုရင်တော့ မီဒီယာအဖွဲ့အစည်းသော်လည်းကောင်း၊ မီဒီယာသမားသော်လည်းကောင်း အငြိုးထားပြီးတော့ ထောင်ချောက်ဆင်ဖမ်းတဲ့ သဘောမျိုးသက်ရောက်နေတယ်။ အဲဒါမျိုးကတော့ သက်ဆိုင်တဲ့ အစိုးရရော၊ တရားစီရင်ရေးနယ်ပယ်ကရော ဒီအချက်ကို လေးလေးနက်နက်ကို ထည့်သွင်းစဉ်းစားသင့်တယ်လို့ ထင်တယ်။ ကျနော်တို့မေးခွန်းထုတ်ချင်တာက အဲဒါပါ။ အငြိုးနဲ့ဒီ သတင်းဌာနကိုသော်လည်းကောင်း၊ ဒီသတင်းသမားကိုလည်းကောင်း အငြိုးနဲ့ ဖမ်းဆီးဖို့အတွက် ဆင်တဲ့ဟာမျိုး ဒီဟာမျိုးကို ဆက်ပြီးတော့ တရားဆွဲမယ် ဒီပုဒ်မနဲ့ ပြစ်ဒဏ်ပေးမယ်ဆိုရင်တော့ ဒါ တရားမျှတတဲ့ဟာ တခုတော့မဟုတ်ဘူးဆိုတာ ကျနော်တို့က အဲလိုပဲ သတ်မှတ်ချင်တယ်။"

အခုလာမယ့် ဒုတိယအကြိမ်ရုံးထုတ်ချိန်မှာလည်း သတင်းထောက်တွေကို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ကန့်ကွက်တဲ့အနေနဲ့ သတင်းသမားတွေ ဆန္ဒပြကြမှာဖြစ်ပါတယ်။ တရားဝင်ဆန္ဒထုတ်ဖော်နိုင်ဖို့ မနေ့ကမင်္ဂလာဒုံရဲစခန်းနဲ့ ဒီကနေ့မှာတော့ အင်းစိန်ရဲစခန်းကို သွားပြီး တရားဝင်အကြောင်းကြား အသိပေးထားတယ်လို့ ဦးဆောင်လှုပ်ရှားတဲ့အဖွဲ့ဖြစ်တဲ့ မြန်မာသတင်းသမားများ ကာကွယ်ရေးကော်မတီဦးဆောင်သူတဦးဖြစ်တဲ့ ကိုသာလွန်ဇောင်းထက်က အခုလိုပြောပြပါတယ်။

"နံပတ်၁ ကတော့ ကျနော်တို့ သူတို့နဲ့ အတူတူရှိတယ်ဆိုတာပြတာပေါ့နော်၊ ကျနော်တို့ တရားခွင်မှာ လာပြီးဆန္ဒပြတာ သူတို့နဲ့ အတူတူရှိတယ်ဆိုတာပြတယ်။ နောက်တခုကတော့ အဲဒီမှာ ရဲတွေရော တရားသူကြီးတွေရော ရှိကြမှာပဲလေ။ အဲဒီတော့ ဒီကိစ္စမှာ သတင်းသမားတွေက အငြိမ်မခံနေဘူးပေါ့နော်။ ကျနော်တို့ အဓိကပြောချင်တာကတော့ သတင်းရယူတာက ရာဇဝတ်မှုမဟုတ်ဘူးပေါ့နော်။ သတင်းရယူတာသည် သတင်းသမားသည် သူ့အလုပ်ကို သူလုပ်တာပဲ သတင်းသမားသည် ဥပဒေချိုးဖောက်တာမဟုတ်ဘူး။ သတင်းသမားက သတင်းရယူတာကို ဥပဒေချိုးဖောက်တဲ့ ပုံစံဖြစ်အောင် ထောင်ချောက်ဆင်ပြီးဖမ်းတာ ကျနော်တို့ ဆန့်ကျင်တယ်ပေါ့။"

အခုလိုရိုက်တာသတင်းထောက်နှစ်ဦး ဖမ်းဆီးခံရချိန်ကစလို့ သတင်းမီဒီယာအဖွဲ့အစည်းအသီးသီးက ကန့်ကွက်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့သလို သတင်းသမားတွေက ကန့်ကွက်တဲ့အနေနဲ့ သတင်းရယူချိန်တွေမှာ အမည်းရောင် တီရှပ် ဝတ်ဆင်တဲ့ Black Campaign အမည်းရောင် လှုပ်ရှားမှုတွေနဲ့ ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

Your browser doesn’t support HTML5

ရိုက်တာသတင်းထောက်၂ ဦးအမှု ရှေ့နေရှေ့ရပ်ပြင်ဆင်