အာဖဂန်ခေါင်းဆောင်တွေနဲ့ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အာဖဂန်ရောက်ရှိ

ကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson

အမေရိကန်ရဲ့ တောင်အာရှရေးရာ မဟာဗျူဟာသစ်ကို အာဖဂန် ခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson အာဖဂန်နစ္စတန် နိုင်ငံကို ကြိုတင် မကြေညာဘဲ ရောက်ရှိနေပါတယ်။

အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှ ခရီးစဉ် သွားရောက်နေတဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ဒီကနေ့မှာတော့ အာဖဂန် သမ္မတ Ghani၊ အစိုးရ အဖွဲ့ အမှုဆောင်အရာရှိချုပ် Abdullah Abdullah ၊ နောက် အာဖဂန် အမျိုးသား လုံခြုံရေး အကြံပေး Hanif Atmar တို့နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဆွေးနွေးပွဲကိုတော့ ကာဘူးမြို့ပြင်က Bagram လေတပ်အခြေစိုက် စခန်းမှာ ပြုလုပ်ခဲ့တာပါ။

အာဖဂန်နိုင်ငံ ငြိမ်းချမ်းရေး အတွက် ဒေသတွင်းက မိတ်ဖက်တွေ၊ အာဖဂန် အစိုးရနဲ့ ဆက်လက် လက်တွဲ ဆောင်ရွက်ဖို့၊ ဒီရည်မှန်းချက်ကို ခြိမ်းခြောက်နေတဲ့ အကြမ်းဖက်ဝါဒီတွေ လုံခြုံဘေးကင်းစွာ ခိုလှုံမနေနိုင်ရေး အမေရိကန်ရဲ့ ပိုင်းဖြတ်ချက်ကို အမေရိကန်ရဲ့ တောင်အာရှရေးရ မဟာဗျူဟာသစ်မှာ ရှင်းရှင်းလင်းလင်း ချမှတ်ထားတဲ့ အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောဆိုခဲ့တယ်လို့ ကာဘူးလ်မြို့တော် အမေရိကန် သံရုံးက ပြောပါတယ်။ အာဖဂန် သမ္မတ Ghani ကလည်း အမေရိကန်ရဲ့ မဟာဗျူဟာသစ်ကို ထောက်ခံကြောင်း ထပ်လောင်း ပြောကြားခဲ့ပါတယ်။

အာဖဂန် ပြည်သူအားလုံး ကောင်းစားရေး၊ လုံခြုံရေးနဲ့ ဘေးကင်းရေးတို့ကို တိုးမြှင့်လုပ်ဆောင်နိုင်ဖို့ ရည်ရွယ်ပြီး အာဖဂန် အစိုးရကို ပြုပြင်ပြောင်းလဲရေး လုပ်ဖို့ ပိုင်းဖြတ်ထားတဲ့ အကြောင်း အာဖဂန် သမ္မတက ပြောဆိုခဲ့ပါတယ်။ ဝန်ကြီး Tillerson ရဲ့ အခု ခရီးစဉ်ကတော့ အမေရိကန်ရဲ့ နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ ပထမဆုံး အာဖဂန်နစ္စတန် ခရီးစဉ်လည်း ဖြစ်ပါတယ်။

Your browser doesn’t support HTML5

အာဖဂန်ခေါင်းဆောင်တွေနဲ့ဆွေးနွေးဖို့ ကန်နိုင်ငံခြားရေးဝန်ကြီး အာဖဂန်ရောက်ရှိ