ဆီးရီးယားနိုင်ငံရဲ့ အနာဂါတ်နိုင်ငံရေးဇာတ်ခုံမှာ သမ္မတ Bashar al-Assad အတွက် နေရာမရှိတော့တဲ့ အတွက် ထွက်ခွါသွားဖို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး Rex Tillerson က ပြောကြားလိုက်ပါတယ်။
ဆီးရီးယား နိုင်ငံကို တစုတစည်းထဲ ပြန်လည်ပေါင်းစည်းဖို့ အမေရိကန်က လုပ်ဆောင်ချင်တာ ဖြစ်ပြီး အဲဒီအစိုးရအဖွဲ့ထဲမှာ Bashar al-Assad အတွက် နေရာမရှိကြောင်း မကြာသေးခင်ကပဲ အရှေ့အလယ်ပိုင်းနဲ့ တောင်အာရှ နိုင်ငံတွေကို သွားရောက်ခဲ့တဲ့ ဝန်ကြီး Tillerson က ကြာသပတေးနေ့မှာ Geneva ကို ရောက်လာချိန်အတွင်း အခုလို ပြောကြားလိုက်တာပါ။
ဝန်ကြီး Tillerson ဟာ ဆီးရီးယား ဆိုင်ရာ အမေရိကန် အထူးသံတမန် Staffan de Mistura နဲ့ လက်ရှိ ဆီးရီးယားမှာ ဖြစ်ပွါးနေတာတွေကို ဆွေးနွေး အပြီးမှာ ခုလို ပြောတာ ဖြစ်ပါတယ်။ ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်ပွါးနေတာဟာ ၆ နှစ် ကျော်နေပြီ ဖြစ်ပါတယ်။ လူပေါင်း သန်းတဝက်လောက် သေဆုံးခဲ့ရသလို ပြည်တွင်းပြည်ပမှာ အိုးအိမ်ရွှေ့ပြောင်း နေရသူပေါင်းက ၁၁ သန်း လောက် ရှိနေပါတယ်။
ဆီးရီးယား အရေး နိုင်ငံရေးအရ အဖြေရှာနိုင်မယ့် အပြုသဘောဆောင်တဲ့ လက္ခဏာတွေ တွေ့ရတဲ့ အပြင် အိုင်အက်စ် စစ်သွေးကြွ အဖွဲ့ ရှုံးနိမ့်ခါ နီးနေပြီဖြစ်သလို ဆီးရီးယားမှာ အကြမ်းဖက်မှုတွေ လျော့ကျဖို့ အမေရိကန်က ဆက်လက် ကြိုးပမ်းနေမှာ ဖြစ်ကြောင်းလည်း ဝန်ကြီး Tillerson ကပြောပါတယ်။
ကုလသမဂ္ဂရဲ့ ဆီးရီးယား ငြိမ်းချမ်းရေး လမ်းပြမြေပုံဖြစ်တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် အမှတ် ၂၂၅၄ ပါအချက် တစိတ်တပိုင်းအရ အာဆတ်ကို တကယ်တမ်း ဖယ်ရှားရမှာ ဖြစ်ကြောင်း သူယုံကြည်တယ်လို့လည်း ပြောပါတယ်။ ဒီဆုံးဖြတ်ချက်မှာ ချပြထားတဲ့ လုပ်ငန်းစဉ်တွေ အရ ဆီးရီးယားမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေတရပ် ပေါ်လာဖို့နဲ့ ကြားဖြတ်အစိုးရ တရပ်အတွက် ကုလသမဂ္ဂ ကြီးကြပ်တဲ့ ရွေးကောက်ပွဲတွေ လုပ်ပေးရမှာ ဖြစ်ကြောင်းလည်းပြောပါတယ်။
Your browser doesn’t support HTML5