Rio အိုလံပစ်ဆု အမေရိကန် ဦးဆောင်

Rio အိုလံပစ်ဆု အမေရိကန် ဦးဆောင်

ဘရာဇီးနိုင်ငံ Rio De Janeiro မြို့မှာ ကျင်းပနေတဲ့ နွေရာသီအိုလံပစ် အားကစား ပွဲတော်မှာ ဒီကနေ့အထိ ဆုရရှိမှုစာရင်းမှာတော့ အမေရိကန် ပြည်ထောင်စု က ရွှေတံဆိပ်ဆု ၅ ခု၊ ငွေ ၇၊ ကြေး ၇ နဲ့ စုစုပေါင်း ၁၉ ဆုနဲ့ ဦးဆောင်နေပါတယ်။

ဆုရရှိမှုစာရင်းမှာ ဒုတိယလိုက်နေတဲ့ တရုတ်နိုင်ငံကတော့ ရွှေ ၅၊ ငွေ ၃၊ ကြေး ၅ နဲ့ စုစုပေါင်း ၁၃ ဆု ရရှိထားပါတယ်။ ထိပ်ဆုံးနေရာမှာရှိနေတဲ့ အမေရိကန် က ရေကူးအသင်း ၂ သင်း ကတော့ တနင်္လာနေ့မှာ နောက်ထပ် စံချိန်သစ် တင်ပြီး ရွှေတံဆိပ်ဆုတွေ အသီးအသီး ရခဲ့ကြတာပါ။

အသက် ၂၁ နှစ်အရွယ် အမေရိကန် ရေကူးချန်ပီယံ Ryan Murphy က အမျိုးသား မီတာ ၁၀၀ ပက်လက်ကူးမှာ ၅၁.၉၇ စက္ကန့်နဲ့ အိုလံပစ် စံချိန်ချိုးခဲ့သလို၊ အသက် ၁၉ နှစ်အရွယ် Lilly King ကတော့ အမျိုးသမီး မီတာ ၁၀၀ လက်ပစ်ကူးပွဲမှာ တမိနစ် ၄.၉၃ စက္ကန့်နဲ့ အိုလံပစ် စံချိန်သစ် တင်ခဲ့တာပါ။

တနင်္ဂနွေနေ့မှာ တုန်းကလည်း အမေရိကန် ရေကူးချန်ပီယံ Katie - လယ်ဒဲခီ- Ledecky - မီတာ ၄၀၀ အလွတ်ကူးပြိုင်ပွဲမှာ သူတင်ထားတဲ့ ကမ္ဘာ့စံချိန်ကိုချိုးပြီး အနိုင်ရခဲ့ပါတယ်။

အမေရိကန်အမျိုးသား ရေကူးအသင်းကတော့ မီတာ ၁၀၀၊ ၄ ကြိမ် လက်ဆင့်ကမ်း ရေကူးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆွတ်ခူးခဲ့သလို၊ ပထမဆုံး မီတာ ၁၀၀ ကို ဦးဆောင် ကူးခဲ့တဲ့ ရေကူးချန်ပီယံ Michael Phelps ကိုယ်တိုင် ကတော့ နောက်ထပ် ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့အတွက် အိုလံပစ်သမိုင်း တလျှောက် ရွှေတံဆိပ်ဆု အများဆုံးရထားတဲ့ အားကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။

Your browser doesn’t support HTML5

Rio အိုလံပစ်ဆု အမေရိကန် ဦးဆောင်