ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ဝန်ကြီးချုပ် Hasina စိုးရိမ်

မှတ်တမ်းဓာတ်ပုံ။ ဘင်္ဂလားဒေရှ့် နိုင်ငံ ကုတုပလောင် ရိုဟင်ဂျာ ဒုက္ခသည် စခန်းမှာ ဝန်ကြီးချုပ် ဟာဆီနာ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ။

မြန်မာဘက်က ရိုဟင်ဂျာတွေ ဌာနေပြန်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူ စာချုပ် ချုပ်ဆိုထားပေမယ့် ဒုက္ခသည်တွေ ဌာနေ ပြန်ရေးအတွက် သင့်လျော်တဲ့ ဝန်းကျင်ဖန်တီးပေးဖို့ ပျက်ကွက်နေတယ်လို့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina က ဝေဖန်လိုက်ပါတယ်။

သင့်လျော်တဲ့ ဝန်းကျင် မဖန်တီးပေးတဲ့အတွက် အခုထိ ဒုက္ခသည်တွေ နေရပ်ပြန်ရေးကို အကောင်ထည်မဖော်နိုင်ဘူးလို့ Abu Dhabi ကို ရောက်နေတဲ့ ဝန်ကြီးချုပ် Hasina က အင်္ဂါနေ့မှာ ပြောပါတယ်။

ဒုက္ခသည်တွေအတွက် မြန်မာအစိုးရက တာဝန်ယူသင့်တဲ့အပြင် သူတို့ကို မြန်မာနိုင်ငံသားတွေ အဖြစ် ပြန်ခွင့်ပြုဖို့လည်း ပန်ကြားခဲ့ပါတယ်။ ၂၀၁၇ သြဂုတ်လ ကစပြီး တဖက် ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာက ၇ သိန်းခွဲလောက် ရှိနေသလို အရင်ကတည်းက ဘင်္ဂလားဒေ့ရှ်မှာ ရောက်နေတဲ့ ရိုဟင်ဂျာက ၃ သိန်း လောက် ရှိနေတာပါ။ ဒုက္ခသည်တွေ အတွက် လုံခြုံမှု မရှိတဲ့ နေရာကို အမြန်ပြန်ဖို့ ဘင်္ဂလားဒေ့ရှ်ဘက်က လုပ်ဆောင်နေတယ် ဆိုတဲ့ စွပ်စွဲချက်ကိုတော့ ဝန်ကြီးချုပ် Hasina က ငြင်းဆိုပါတယ်။

ပြီးခဲ့တဲ့ သတင်းပတ်တွေက မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF အမှုဆောင် ဒါရိုက်တာ Henrietta Fore ကလည်း မြန်မာနိုင်ငံ အနေနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေးကော်မရှင်ရဲ့ ရိုဟင်ဂျာ ပဋိပက္ခ ဖြေရှင်းရေး အကြံပေးချက်တွေကို လိုက်နာ ဖော်ဆာင်ဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့ပြီး ဘင်္ဂလားဒေ့ရှ်မှာ ရောက်ရှိနေတဲ့ ရခိုင်ပြည်နယ်က ထွက်ပြေးခိုလှုံတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော် ဌာနေ ပြန်ရေးအတွက် သင့်တော်တဲ့ အခြေနေတွေ ဖန်တီးပေးဖို့ လိုအပ်နေသေးတယ်လို့ ပြောခဲ့ပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာတွေ ဌာနေပြန်ရေး ဝန်ကြီးချုပ် Hasina စိုးရိမ်