Bhasan Char ကျွန်းပို့မယ့်အစီအစဉ် ရိုဟင်ဂျာတွေကြား သဘောကွဲ

Zawgyi/Unicode

ဘင်္ဂလားဒေ့ရှ်မှာရောက်နေတဲ့ ရိုဟင်ဂျာဒုက္ခသည်အချို့ကိုBhasan Char ကျွန်းကို ရွေ့ပြောင်းဖို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေဖက်က ပြင်ဆင်ဆောင်ရွက်နေပြီး ဒီနှစ်ကုန်ပိုင်းလောက် အစီအစဉ်တွေ စတင်နိုင်မယ်လို့ ယူဆရပါတယ်။

အဲဒီကို မိမိဆန္ဒနဲ့အညီသွားရောက်ဖို့ လက်ခံသဘောတူထားတဲ့ ဒုက္ခသည်အချို့ရှိသလို ၊ မသွားလိုတဲ့ ဒုက္ခသည်အတော်များများလည်း ရှိနေပါတယ်။ တဖက်မှာ ဒုက္ခသည်တွေ မြန်မာပြည်ပြန်နိုင်ရေး အစီအစဉ်တွေ အရှိန်မြင့်ဆောင်ရွက်ဖို့ မြန်မာအစိုးရကို ဖိအားပေး ပြောဆိုတာတွေလည်း ရှိနေပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေ အပြောင်းအရွေ့အခြေအနေ ဘယ်လိုရှိပါသလဲ။ အေပီ သတင်းဌာန ရေးသားချက်ကို အခြေခံပြီး ကိုသားညွန့်ဦး ပြောပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ် မြန်မာ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရိုဟင်ဂျာဒုက္ခသည် တသန်းလောက်ရှိပြီး အင်မတန်ကိုကြပ်ကြပ်တည်းတည်းနေထိုင်နေရတာကြောင့်ဆိုပြီး ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေအနေနဲ့ ဒုက္ခသည်အချို့ကို ဘင်္ဂလားပင်လယ်အော်ထဲမှာရှိတဲ့ Bhasan Char ကျွန်းကို ပြောင်းရွေ့ဖို့ စီစဉ်နေတာ ကြာပါပြီ။ အခု ဒီအစီအစဉ်ကို မကြာခင် လက်တွေ့ စတင်မယ်လို့ မျှော်လင့်ရပါတယ်။ Bhasan Char ကျွန်းဟာ ဘင်္ဂလားဒေ့ရှ်ကမ်းကနေ အတန်ငယ်ဝေးကွာပြီး ရိုဟင်ဂျာတွေထွက်ပြေးလာတဲ့ မြန်မာနယ်စပ်နဲ့လည်း နီးပါတယ်။

အဲဒီကို ကိုယ့်ဆန္ဒနဲ့ကိုယ်ပြောင်းရွေ့လိုသူတွေကို စခန်းတွေထဲမှာ စာရင်းကောက်ခံနေပါတယ်။ ရိုဟင်ဂျာမိသားစု ၁၀၀ လောက်က သွားမယ်ဆိုပြီး သဘောတူထားတယ်လို့ ဘင်္ဂလားဒေရှ်အစိုးရ အကြီးတန်းတာဝန်ရှိသူ တဦးဖြစ်တဲ့ Kamal Hossain က ပြောပါတယ်။

Bhasan Char ကျွန်းကို ဒုက္ခသည် တသိန်းလောက်အထိ ရွေ့ပြောင်းနေရာချပေးဖို့ ဘင်္ဂလားဒေ့ရှ်အစိုးရက လိုလားနေပါတယ်။ ဒါကြောင့် နောက်ထပ် ဒုက္ခသည်တွေပါ လက်ခံလာဖို့ အာဏာပိုင်တွေက စည်းရုံး ဆောင်ရွက်နေပါတယ်။ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ အကြီးအကဲတဦးဖြစ်သူ Noor Hossain Majhi ကတော့ သွားဖို့ စိတ်ဝင်စားသူတွေရှိနေပေမယ့် အရင်ဆုံး အဲဒီနေရာကို သွားရောက်လေ့လာလိုကြတယ်လို့ ပြောပါတယ်။

“ Bhasan Char ကို သွားဖို့ ရိုဟင်ဂျာမိသားစု ၁၇ စုလောက် သဘောတူထားပါတယ်။ ကိုယ့်ဆန္ဒနဲ့ကိုယ် သွားလိုတဲ့ ရိုဟင်ဂျာတွေကို စခန်းတာဝန်ခံက စာရင်းကောက်လိုက် စကားပြောနေပါတယ်။ ဒီမှာ ဆက်နေဖို့ ခက်မယ်၊ Bhasan Char ကျွန်းဟာ နေထိုင်ဖို့ လုံခြုံစိတ်ချရတယ်၊ အစိုးရကလည်း နေထိုင်စားသောက်ဖို့ စီစဉ်ဆောင်ရွက်ပေးမယ်လို့ စခန်းတာဝန်ခံက ပြောပါတယ်။ ဒါပေမယ့်လည်း အဲဒီကျွန်းကို ပြောင်းလိုတဲ့ ရိုဟင်ဂျာတွေက ပြောတာက အရင်ဆုံး သွားလေ့လာခွင့်ပေးပါ။ သူတို့ စိတ်ကြိုက်တွေ့ရင် ပြောင်းမယ်၊ မကြိုက်ရင်တော့ မပြောင်းဘူးပေါ့။ အဲဒီနောက် မိသားစု ၁၇ စုက သူတို့ သွားမယ်လို့ စခန်းတာဝန်ခံကို စာရင်းပေးထားပါတယ်။”

ဘင်္ဂလားဒေ့ရှ် အစိုးရ တာဝန်ရှိသူ Hossan ကတော့ လာမယ့်နိုဝင်ဘာလကုန် ဒါမှမဟုတ် ဒီဇင်ဘာလထဲမှာ အပြောင်းအရွေ့တွေ စလို တယ်လို့ ပြောပါတယ်။

“ Bhasan Char ကျွန်းပေါ်မှာ ရိုဟင်ဂျာ တသိန်း ရွေ့ပြောင်းနိုင်အောင် အဆင်သင့် ဆောက်လုပ်ပြီးထားပါပြီ။ ကျနော်တို့ ရထားတဲ့ စာရင်းက မိသားစု ၁၀၀ ပြောင်းမယ်လို့ သဘောတူထားပါတယ်။ သူတို့ ဆန္ဒနဲ့ သူတို့ သွားတာပါ။ အခြား ရိုဟင်ဂျာတွေလည်း ကိုယ့်ဆန္ဒနဲ့ကိုယ် သဘောတူလာကြဖို့ စည်းရုံးဆောင်ရွက်နေပါတယ်။ ပြောင်းရွေ့မယ့် ရက်တရက်တော့ သတ်မှတ်ပါမယ်။ အဲဒီ သတ်မှတ်ရက်အတွင်း ပြောင်းလိုတဲ့ ဒုက္ခသည်တွေအားလုံးအတွက် လိုအပ်တာတွေ စီစည်ဆောင်ရွက်နေပါတယ်။”

ဒီလိုပြောင်းရွေ့မှုတွေကို မကြာခင်ဆောင်ရွက်မယ်လို့ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina က ကုလသမဂ္ဂနဲ့ နိုင်ငံတကာကိုပြောထားပါပြီ။ အဲဒီကျွန်းပေါ်မှာ နေဖို့အိမ်၊ စာသင်ကျောင်း၊ ဗလီစတဲ့ အခြေခံအဆောက်အဦးတွေအပြင် ရေကြီးရေလျှံတာတွေကို ကာကွယ်ရေးအစီအမံတွေလည်း ပါဝင်ပြီး ဒီအတွက် ဒေါ်လာသန်းနဲ့ချီ အကုန်အကျခံထားပါတယ်။ ဒါပေမယ့်လည်း Nurul Haque တို့လို ဒုက္ခသည်တွေအကြားမှာတော့ စိုးရိမ်မှုတွေ ရှိနေတုန်းပါ။

“ အခုပြောင်းမယ့်နေရာ Bhasan Char ကျွန်းကို ဒီကနေ သင်္ဘောနဲ့သွားရင် သုံးနာရီကြာမယ်။ တခုခု မတော်တဆဖြစ်တာ၊ ဒါမှမဟုတ် ကျွန်းမှာ ရေကြီးတာမျိုးဖြစ်ရင် ဘယ်လိုလုပ်မလဲ။ ဒါတွေ မဖြစ်ဘူးလို့ အစိုးရက အာမ မခံနိုင်ဘူး။ အသက်အန္တရာယ်ရှိတဲ့ ဒီနေရာကို ဘယ်သူက သွားချင်ပါ့မလဲ။”

နောက်ထပ်ဒုက္ခသည်တဦးဖြစ်တဲ့ Shafi Alam ကလည်း သွားဖို့ တူးတူးခါးခါးကို ငြင်းပါတယ်။

“ဘယ်လို သွားနိုင်မလဲဗျာ။ ကြားရကတည်းက ကျနော်က ကြောက်နေတာ။ အဲဒီပြောင်းရင် ကျနော်တို့ သေမှာပဲ။ အဲဒီကို ခေါ်သွားမယ့်အစား ဒီမှာပဲ သတ်လိုက်ပါတော့ဗျာ။ ဘယ်လိုမှ မသွားနိုင်ပါဘူး။”

ဒုက္ခသည်တွေကို အဲဒီကျွန်းကို ရွေ့ဖို့ အစိုးရက ကြိုးစားနေတာ ၂၀၁၅ ခုနှစ်ကတည်းကပါ။ ဒါပေမယ်လို့ ခုထိ အောင်အောင်မြင်မြင်မလု်ပနိုင်သေးဘူး။ ပင်လယ်ထဲကို နှစ် ၂၀ လောက်ကမှ ပေါ်လာတဲ့ ဒီကျွန်းဟာ မကြာမကြာ ရေကြီးတတ်တဲ့နေရာမို့လို့လည်း ကုလသမဂ္ဂရော လူ့အခွင့်အရေးအဖွဲ့တွေကပါ အဲဒီ ပြောင်းရွေ့ရေးအစီအစဉ်ကို သဘောမတွေ့ပါဘူး။ ဒါပေမယ့်လည်း ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ ဒါကို လက်မလျှော့သေးပါဘူး။

ဒါပေမယ့်လို့ ၂၀၁၇ တုန်းက နောက်ထပ်ဒုက္ခသည်တွေ အလုံးအရင်းရောက်လာတဲ့နောက်မှာ နေထိုင်ရေးခက်လာတာကြောင့် ဒုက္ခသည်အချို့ စိတ်ပြောင်းစ ပြုလာပါတယ်။ ၂၀၁၇ ရခိုင်မြောက်ပိုင်းမှာဖြစ်တဲ့ အကြမ်းဖက်မှုတွေကြောင့် နောက်ထပ် ရိုဟင်ဂျာတွေရောက်လာပြီး စခန်းတွေအတွင်း ဒုက္ခသည်ဦးရည်ဟာ တသန်းလောက်အထိ ဖြစ်လာပါတယ်။

တချိန်တည်းမှာ ဒီလူတွေကို မြန်မာပြည်က သူတို့နေရပ်ကို ပြန်ရွေ့ဖို့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရအကြား ညှိုနှိုင်းနေသလို သဘောတူညီချက်လည်း ရထားပါတယ်။ ဒါပေမယ့် နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာလည်း ဒုက္ခသည်တွေက သူတို့ စိုးရိမ်ချက်နဲ့ မပြန်နိုင်ဖြစ်နေပါတယ်။ ဒီ အစီအစဉ်ဖြစ်ဖို့ဆိုရင်လည်း ဒုက္ခသည်တွေဆန္ဒသဘောထားအတိုင်းဖြစ်ရမယ်၊ ဒီ အစီအစဉ်အပေါ် ဒုက္ခသည်တွေရဲ့ ယုံကြည်မှု တည်ဆောက်ရမယ်လို့ ကုလသမဂ္ဂကလည်း ထောက်ပြနေပါတယ်။ ဒုက္ခသည်တွေဖက်ကလည်း သူတို့နေရပ်ပြန်ရင် ဘေးကင်းစွာနေထိုင်နိုင်ဖို့နဲ့ မူလနိုင်ငံသားအခွင့်အရေးပေးဖို့ တောင်းဆိုနေကြပါတယ်။ မြန်မာအစိုးရဖက်ကတော့ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံပေမယ့် ဒုက္ခသည်တွေ နိုင်ငံသားဖြစ်ရေးကို မြန်မြန်ဆန်ဆန် စီစစ်ဆောင်ရွက်ပေးမယ်လို့ အာမခံထားပါတယ်။ ဆိုတော့ လက်ရှိအခြေအနေအထိ ရိုဟင်ဂျာဒုက္ခသည်တွေ အပြောင်းအရွေ့က အနာဂတ် မရေမရာဖြစ်နေဆဲလို့ပဲ ပြောရမှာပါ။

..................
















Your browser doesn’t support HTML5

Bhasan Char ကျွန်းပို့မယ့်အစီအစဉ် ရိုဟင်ဂျာတွေကြား သဘောကွဲ