ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလ အထောက်အထားကဒ်ပြားတွေ ထုတ်ပေး

ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို အထောက်အထားကဒ်ပြားတွေ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံးက သောကြာနေ့က ပြောကြားလိုက်ပါတယ်။ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းဆောင်ရွက်တဲ့ အစီအစဉ်အောက်မှာ စတင်ဆောင်ရွက်နေတာဖြစ်တယ်လို့လည်း ကုလအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။

မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြမှာပါ။

ပြီးခဲ့တဲ့နှစ် သြဂုတ်လကတည်းက မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည် ၇၀၀,၀၀၀ လောက်အပါအဝင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒုက္ခသည်စုစုပေါင်း ၉၀၀,၀၀၀ လောက်ရှိလာပြီဖြစ်တဲ့ အခြေအနေ ဖြေရှင်းနိုင်ရေး သက်သေခံအထောက်အထားကဒ်ပြားတွေ ထုတ်ပေးတဲ့အစီစဉ်ကနေ တစုံတရာအတိုင်းအတာထိ အထောက်အကူပြုမယ်လို့ ကုလသမဂ္ဂအနေနဲ့ မျှော်လင့်ထားတာပါ။

UNHCR နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတို့ ပူးပေါင်းပြီး ဒီအစီအစဉ်ကို ဘာကြောင့်ဆောင်ရွက်ရသလဲဆိုတာကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး ပြောခွင့်ရ Farhan Haq က နယူးရောက် ကုလသမဂ္ဂဌာနချုပ်မှာ ပြုလုပ်တဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

"သက်သေခံအထောက်အထားကဒ်ပြားတွေ ထုတ်ပေးမယ့် ခြောက်လကြာအစီအစဉ်ကနေ ဒုက္ခသည်တွေကို အကာအကွယ်ပေးတာ၊ အထောက်အထားခိုင်လုံမှုရှိအောင် စီမံတာ၊ အချက်အလက်တွေကို စုဆောင်းတာ၊ အထောက်အပံ့တွေကို ခွဲဝေပေးတာနဲ့ လူဦးရေစာရင်းပြုစုတာ စတဲ့ ရည်ရွယ်ချက်တွေအတွက် နည်းပညာနဲ့ အချက်အလက်တွေကို တညီတညာတည်း ဖြစ်အောင် စုစည်းဖို့ ကူညီမှာဖြစ်ပါတယ်။"

ဒါအပြင် ရိုဟင်ဂျာဒုက္ခသည်တေါကို အထောက်အထားကဒ်ပြားတွေ ဘယ်လိုထုတ်ပေးနေသလဲဆိုတဲ့ အစီအစဉ်ကိုလည်း သူက အခုလိုရှင်းပြပါတယ်။

"အသက် (၁၂)နှစ် အထက်လူတဦးချင်းစီရဲ့ မျက်လုံးနဲ့ လက်ဗွေရာ အပါအဝင် ပုဂ္ဂိုလ်ရေးအချက်အလက်တွေ၊ ဓါတ်ပုံတွေကို စုဆောင်းကောက်ယူမှာဖြစ်ပါတယ်။ ဒီအစီအစဉ်ပြီးတာနဲ့ ဒုက္ခသည်တွေကို သက်သေခံအထောက်အထားကဒ်ပြား အသစ်တွေ ထုတ်ပေးပါတယ်။"

ဒီအစီအစဉ်ကနေ ဒုက္ခသည်အများစုဟာ သူတို့ရဲ့ သက်သေခံအထောက်အထားကဒ်ပြားတွေကို ပထဆုံးအကြိမ် ပိုင်ဆိုင်ရရှိတာဖြစ်တယ်လို့လည်း Farhan Haq ကပြောပါတယ်။

Your browser doesn’t support HTML5

ရိုဟင်ဂျာဒုက္ခသည်တွေကို ကုလ အထောက်အထားကဒ်ပြားတွေ ထုတ်ပေး